အစိုးရနှင့် ရခိုင်အမျိုးသားကောင်စီ(ANC)တို့အကြား တပ်ပိုင်းဆိုင်ရာ ကိစ္စအပေါ် ညှိနှိုင်းမှု အဆင် မပြေခြင်းကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ် မထိုးနိုင်သေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသားကောင်စီ (ANC)သည် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU) တို့နှင့်အတူ မနက်ဖြန် ဖေဖေါ်ဝါရီ ၁၃ရက်နေ့တွင် NCA စာချုပ် လက်မှတ်ထိုးရန် ဆွေးနွေးနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်း တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ရာမှ မထိုးနိုင်တော့ပဲ ဖြစ်သွားကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အခု ကျနော်တို့သိတဲ့ နောက်ဆုံးအခြေ အနေပေါ့။ မနေ့က ညပိုင်းမှာတော့ ANC မထိုးဖြစ်ပါဘူး။အဓိကတော့ တပ်ရှိခြင်း မရှိခြင်း ကိစ္စပေါ့။ ANC မှာ လက်နက်ကိုင် တပ်ဖွဲ့ရှိတယ် မရှိဘူးပေါ့နော်။ LDU တို့က ရှင်းတယ်။ လက်နက်ကိုင် တပ် ဖွဲ့မရှိဘူး။ ANC လည်း အလားတူပဲ LDU နည်းတူ ထိုးရမယ့် အနေအထားပေါ့။ ANC က Bilateral မရှိပေမယ့် လက်နက်ကိုင်တပ်ဖွဲ့ရှိတဲ့ အနေအထားမျိုး ပြန်တင်ပြတယ်ပေါ့။ အဲမှာတော့ ၂ဖက် ညှိနှိုင်း တာ အဆင်မပြေဘူးပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ANC လက်မှတ်ထိုးမည်ဆိုကာ ဆွေးနွေးမှုများ ရှိခဲ့ခြင်းကြောင်း အစိုးရဘက်မှ မတရားအသင်းအဖြစ် မှ ပယ်ဖျက်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့မဟုတ်ကြောင်း ကြေညာပေးရန် အပါအဝင် ပြည်ထောင်စု နေ့ ညစာစားပွဲ တွင် တခြားသော NCA ထိုးထားသော ၈ ဖွဲ့ခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက် တစ် အစည်းအရုံး (LDU)တို့နှင့်အတူတူ တက်ရောက်နိုင်ရေး၊ ပြည်ပမှ လာမည့် ANC ခေါင်းဆောင်များ သွားလာရေး အဆင်ပြေရန်အတွက် ပြည်နယ်/တိုင်း အစိုးရ များကို အကြောင်းကြားထားခြင်းစသည့်တို့ကို ယခင်က ဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။
ဦးဇော်ဌေးက “ နောက်ဆုံးမနေ့ည အခြေအနေမှာတော့ ညှိနှိုင်းမှု အဆင်မပြေဘူးပေါ့၊ ဒီတခါ လက်မှတ်ထိုးတဲ့ အထဲမှာ မပါတော့ဘူး။ ANC ပါဝင်လာနိုင်ဖို့ အရမ်းကို အလာအလား နည်းသွား ပါတယ်။ ကျနော်တို့က ANC အတွက်ပြောတာက ဒါက သူ့ရဲ့ နောက်ဆုံး ရထားပေါ့။ သူလိုက်ပါလာ နိုင်တဲ့ နောက်ဆုံးရထားပဲ။ နောက်ဆုံးရထားမှာ ကျနော်တို့ တော်တော်လေး ညှိရနှိုင်းရတာတွေ ရှိ တယ်။ ပထမပိုင်း အဆင်ပြေတယ်။ ဒါပေမယ့် လက်မှတ်ထိုးမယ့်အခါမှာ ANC က Condition နဲ့ ထိုးရတယ်။ Condition ပေါ်မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စပေါ့။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဟိုဘက် ဒီဘက် ညှိနှိုင်းချက် အဆင်မပြေဘူး။ မနေ့က ညနက်ပိုင်းကျမှ ကျနော်တို့ အဲဒါဖြစ်သွားတယ်”ဟု ပြောသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားကောင်စီ (ANC) ခေါင်းဆောင်များကို ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိသည့်အတွက် တစုံတရာ မသိရှိရ ပေ။
မွန်ပြည်သစ်ပါတီ(NMSP)မှ ခေါင်းဆောင်တဦးဖြစ်သော ဒေါက်တာနိုင်ရွှေသိန်းက “ ANC မတက်ဖြစ် ဘူးလို့ ထင်တယ်”ဟု ပြောသည်။
တခြားသတင်းရင်းမြစ်များအရ ရခိုင်အမျိုးသားကောင်စီ (ANC) အနေဖြင့် NCA ကို ထိုးနိုင်ကြောင်း၊ NCA ထိုးပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲ(၂၁ ရာစု ပင်လုံညီလာခံ)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲ ကော်မတီ(UPDJC)တို့တွင် ပါဝင်နိုင်ကြောင်း သို့သော် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)နှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေး (JICM) တို့၌ ပါဝင်ရေး အပေါ်ညှိနှိုင်း မရခြင်း ဖြစ်ကြောင်း သိရသည်။
“ တပ်ပိုင်းဆိုင်ရာဆိုတာက ANC မှာတပ်မရှိဘူးဆိုတာ ကျနော်တို့ သိထားတဲ့ အချက် ပေါ့။ အဲဒါ ကြောင့်လည်း Bilateral တွေလည်း မရှိဘူး။ အရင်တုန်းကဆိုရင် NCA ဝင်ထိုးဖို့အထိတောင် မရှိ ဘူး။ NCA ထိုးစရာမလိုဘူး ညီလာခံ တန်းတက်ဆိုတဲ့ဟာ အခုက ဒီဘက် အစိုးရခေတ်မှာ NCA ထိုး ဒါပေမယ့် Condition နဲ့တော့ ထိုးရမယ်။ Condition တခုတော့ ရှိရမယ်ဆိုတာနဲ့ သွားတာပေါ့။ ANC ကတော့ အဲဒီCondition အပေါ်မှာ ဆွေးနွေးတဲ့အခါမှာ သဘောထားမတူဘူးပေါ့။မတူတော့ အဲလို ဖြစ်သွားတာပါ”ဟု ဦးဇော်ဌေးက ပြောသည်။
အဆိုပါ Condition အပေါ် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) က သဘောတူကြောင်း ANC ကိုလည်း အလားတူ ညှိနှိုင်းခဲ့သော်လည်း သဘောမတူကြောင်း၊ LDU ကမူ သဘောတူ လက်ခံကာ NCA ကို လက်မှတ်ထိုးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “LDU လည်း အလားတူပဲ ANC လည်း အလားတူပဲ။LDU အတိုင်းပဲ ANC ကို ညှိတာပေါ့နော်။ညှိတော့ LDU ကတော့ လက်ခံတယ်။ထိုးမှာ LDU က မူလအတိုင်းပဲထိုးမယ်။ ANC ကတော့ အခု နောက်ဆုံးမှာ ညှိတာ ပေါ့နော်။ အကုန်လုံး ပြန်ပြင်ထားပြီးပြီ။ ပြင်ထားပြီးမှ မနေ့က ညမှာ ဖြစ်သွားတာပေါ့။ ကျနော်တို့လည်း စိတ်မကောင်းပါ ဘူး။ ကျနော်တို့လည်း နောက်ဆုံးအထိ ကြိုးစားပါတယ်။ကြိုးစားပေမယ့် အဆင်မပြေပါဘူး”ဟု ပြောသည်။
ANC သည် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ(KNPP) တို့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)အဖွဲ့ဝင် ဖြစ်သည်။
ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့သည် NCA စာချုပ်ကို လက်မှတ်ထိုးမည် ဖြစ်သည်။