မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီပင်လယ်ပြင်၌ ရေလုပ်သားတဦးအား ညှင်းပန်းနှိပ်စက်ခဲ့ သည့် ဦးစီး ၂ ဦးကို ယခုလအတွင်း သံဖြူဇရပ်မြို့နယ်တရားရုံး၌ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက္ခမီမြို့မှ ဦးဝင်းသူပိုင်ဆိုင်သည့် ကျားဖောင်လှေတစီးပေါ်တွင် ဦးစီး ကိုဦးနှင့် ဒုဦးစီး စိုးသူတို့က ရေလုပ်သား ဖြိုးကိုကိုအား နည်းမျိုးစုံနှင့် ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် ကျိုက္ခမီနယ်မြေရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။
“ရဲကတော့ စစ်ဆေးတာပြီးသွားပြီး။ ကျနော်တို့ ဥပဒေအကြံတောင်းပြီး တရားစွဲတင်ဖို့ပဲ ကျန်ပါတော့ တယ်။ လာမယ့် တပတ် နှစ်ပတ်အတွင်းမှာ ကျနော်တို့ တရားစွဲနိုင်အောင် လုပ်ရမှာပေါ့” ဟု ကျိုက္ခမီ နယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းဌေးက ပြောသည်။
အသက် ၂၁ နှစ်အရွယ် ကိုဖြိုးကိုကိုသည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကဗျက်ကျေးရွာ ဇာတိဖြစ်ပြီး လုပ်ခလစာ နည်းခြင်းကြောင့် ရန်ကုန်မြို့၌ အလုပ်လုပ်ရန် ထွက်လာခဲ့စဉ် ရန်ကုန် ဘူတာ၌ ပွဲစားတဦးက ပိုက်ဆံ အရများသောနေရာတွင် အလုပ်သွင်းပေးမည်ဟု ပြောဆိုခဲ့သဖြင့် ကျိုက္ခမီကျေး ရွာသို့ ရောက်ရှိ လာခြင်းဖြစ်သည်။
ယင်းနောက် ကျိုက္ခမီကမ်းခြေမှ ရေမိုင် ၇၀ ရှိသည့် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ကာလ အတွင်း ဦးစီး ၂ဦးမှ ပူလီကြိုးဖြင့် ရိုက်နှက်ကြခြင်းကြောင့် ၎င်း၏ဦးခေါင်းတွင် ညိုမည်းဒဏ်ရာ၊ နာရွက်နှင့် လက်ချောင်း ပြတ်ရှဒဏ်ရာများအပြင် နောက်ကျောတွင်လည်း ဒဏ်ရာများရရှိခဲ့ပြီး ဒူးခေါင်းတွင်လည်း ဆိတ်ချိုတူဖြင့် အထု ခံထားရ၍ ပြည်တည်ခဲ့ကြောင်း ကျိုက္ခမီတိုက်နယ်ဆေးရုံးမှ စုံစမ်းသိရှိရသည်။
ပင်လယ်ပြင်တွင် ညှင်းပန်းနှိပ်စက်ခံခဲ့သဖြင့် ဖြိုးကိုကိုမှာ ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၌ ဒဏ်ရာများဖြင့် သတိမေ့မျောလျှက် ရောက်ရှိလာပြီး ဒဏ်ရာများ ပျောက်ကင်းရန် ရက်ပေါင်း ၂၀ ကျော်ကြာ ဆေးကုသခံယူခဲ့ရသည်။
ထို့ကြောင့် ဖောင်ဦးစီး ၂ ဦးကို ဇန်နဝါရီ ၁၀ ရက်က ကျိုက္ခမီနယ်မြေရဲစခန်းတွင် (ပ) ၁၄/၂၀၁၈ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅၊ ၁၁၄ အရ အမှုဖွင့်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် အာမခံပေး၍ရသော ပုဒ်မ များဖြစ်သဖြင့် ပြန်လွှတ်ထားကြောင်း ကျိုက္ခမီ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။