အမြန်လမ်းတလျှောက် မော်တော်ယာဉ်များ၌ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သူများကို အရေးယူရာ ၇လအတွင်း ယာဉ်အစီးရေ ၄၆၀၀ ကျော် အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၇ခုနှစ် ဇွန်လ ၁ရက်မှစတင်၍ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ ရန်ကုန်- မန္တလေး အမြန်လမ်းကြီးပေါ်မောင်းနှင်သည့် ယာဉ်များပေါ်တွင် ထိုင်ခုံ ခါးပတ် မပတ်ဘဲ မောင်းနှင်သူများအား အရေးယူခဲ့ခြင်းဖြစ်သည်။
အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုးဝင်းက “အမှုမဖွင့်ရသေးတဲ့ အမှုပေါင်းက ၁၀၀ ကျော်ကျန်တယ်။ ဖမ်းဆီးအရေး ယူခဲ့တဲ့ မော်တော်ယာဉ်အများစုကတော့ အိမ်စီးကားတွေပါ” ဟု ဧရာဝတီ သို့ပြောသည်။
ဖမ်းဆီးသည့် နေရာများမှာ အမြန်လမ်း တိုးဂိတ်များ ဖြစ်သည့် ရန်ကုန်တွင် အမှတ် ၃ လမ်းဆုံ၊ ဖြူး ၊ နေပြည်တော် ၊ မိတ္ထီ လာမြို့ရှိ သီးကုန်း၊ မန္တလေးမြို့ တံတားဦး မြို့နယ်မှ စကားအင်း တိုးဂိတ် စသည့် ၅ နေရာတို့တွင် ဖမ်းဆီး စစ်ဆေး လျှက်ရှိသည်။
ဖမ်းဆီး အရေးယူခံရသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာမြို့နယ် တရားရုံးတွင် ဒဏ်ငွေ ကျပ် ၃ သောင်း ပေး ဆောင်ရဟု ၎င်းကဆိုသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးသည် အရှည် မိုင် ၄၀၀ ရှိပြီး နေ့စဉ် ယာဉ်အစီးရေ ၂သောင်းကျော် ဖြတ်သန်းမောင်း နှင်နေကြောင်းနှင့် ယာဉ်တိုက်မှုတရက်လျှင် ပျမ်းမျှ အားဖြင့် ခုနှစ်မှုခန့် ဖြစ်ပွားကြောင်း သိရသည်။
ယာဉ်တိုက်မှုမှာ အိမ်စီးယာဉ်များကြောင့် အများဆုံးဖြစ်ပွားပြီး အမြန်လမ်းမကြီး တလျှောက် ၂၀၁၇ ခုနှစ်အတွင်း အမှုပေါင်း ၅၅၅ မှုဖြစ်ပွားခဲ့ပြီး၊ လူ ၁၁၆ ဦးသေဆုံးကာ၊ ဒဏ်ရာရသူ ၈၆၃ ဦး ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း အမှုပေါင်း ၇၇၄ ဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာရသူ ၁၃၀၄ ဦး နှင့် ၁၇၀ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။