အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့သူဟု သံသယရှိသူကို တပတ် ကျော်ကြာ သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းဘူတာအနီးတွင် ဖေဖော်ဝါရီ ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့ကစမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်မှ မီဒီယာများနှင့် တွေ့ဆုံရာ တွင် “အခုက တရားခံကတော့ ၉၀ ရာခိုင်နှုန်းလောက် ဖော်ထုတ်ထားပြီးပြီ။ ဒါပေမယ့် တရားခံကို မဖမ်းမိသေးတဲ့အတွက် တိတိကျကျ မပြောသေးတာ။ မထုတ်ပြန်သေးတာပါ” ဟု ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် ကာယကံရှင် မိန်းကလေးငယ်၏ ကျန်းမာရေးအခြေအနေအရ မစစ်ဆေးရသေး ကြောင်း၊ လက်ရှိတွင် ထုတ်ဖော်ပြောဆိုပါက တရားခံဖမ်းဆီးရေးအတွက် အနှောင့်အယှက်ဖြစ်နိုင်၍ ထုတ်ဖော်မပြောလိုသေးကြောင်း၊ ဖမ်းဆီးရ မိပါက သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက အဆိုပါ မိန်းကလေးငယ်သည် ဦးခေါင်းဒဏ်ရာ၊ မိန်းမကိုယ်တွင် သွေးထွက်ဒဏ်ရာများ ဖြင့် ပန်းလှိုင်ဘူတာအနီး ပလက်ဖောင်း၌ လမ်းလျှောက်လာစဉ် ရပ်ကွက်နေ သူတချို့က တွေ့ရှိမေးမြန်းရာမှာ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း သိရသည်။။
ထို့နောက် တွေ့ရှိသူများက လွှတ်တော်ကိုယ်စားလှယ်ထံ အကြောင်းကြားခဲ့ပြီး ထိုမှတဆင့် တာဝန်ရှိ သူ အသီးသီးရောက်ရှိ လာကာ ကလေးငယ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ် သည်။
အဆိုပါကလေးငယ် မိသားစုသည် ပန်းလှိုင်ဘူတာအနီး ဂုံးတံတားအောက်တွင် နေထိုင်ကြ သူများဖြစ်သည်။
ယခုအခါ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူကို ခေမာလမ်းအတွင်း တပ်ဆင်ထားသော CCTV ကင်မရာ ၂ လုံးမှ ခြေရာခံနိုင်ခဲ့ကြောင်း သီရိခေမာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်လွင်က ဧရာဝတီကို ပြောသည်။
“ကျနော့်ရပ်ကွက်ထဲမှာ တပ်ထားတဲ့ စီစီတီဗွီကင်မရာကနေ ဓာတ်ပုံရတာပဲ ရှိသေးတယ်။ သူ့ရဲ့ နာမည်ရတာရှိတယ်။ လိုက်တော့ လိုက်နေတုန်းပဲ။ အဖွဲ့ပေါင်းစုံက စိတ်ဝင်တစားနဲ့ ဝိုင်းကြိုးစား ရှာနေကြတယ်။ ကျနော်တို့ရထားတဲ့ နာမည်နဲ့ ကလေး အဖေပြောတဲ့နာမည် အတူတူပဲ” ဟု ၎င်းက ရှင်းပြသည်။
လတ်တလောရရှိထားသည့် အချက်အလက်များအရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူသည် အသက် ၃၀ ဝန်းကျင် အရွယ် သီရိမင်္ဂလာဈေးတွင် အလုပ်လုပ်ကြောင်း၊ ကလေးငယ်၏ ဖခင်နှင့် ရင်းနှီးပြီး အိမ်ကို အဝင်အထွက်ရှိသူ ဖြစ် ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
ယခုအခါ ကလေးငယ်သည် ဟယ်လ်ပင်လမ်း ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေရပြီး ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတော်လေးခံစားနေရကြောင်း ကလေးငယ်ကို သွားရောက်ကြည့်ရှုသူများက ပြောပြသည်။
ကလေးငယ်အတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးနေသူ ကိုဖိုးဇော်က “ဒီအရွယ်နဲ့ ဖြစ်တာ ဆိုတော့ တုန်လှုပ် ခြောက်ခြားတာပေါ့လေ။ ခေါင်းကိုလည်း အုတ်ခဲနဲ့ ထုတယ်။ ဆံပင်ကိုဆွဲပြီး နံရံနဲ့ တိုက်တဲ့အနေအထားလည်း တွေ့ရ တယ်။ ကလေးအတွက်ကတော့ တော်တော်ကြီး ပြန်လုပ်ရအုံးမယ်” ဟု ဆိုသည်။
မိခင်ဖြစ်သူ၏ တိုင်တန်းချက်အရ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည်ဟု သံသယရှိသူ အမျိုးသား ကို စမ်းချောင်းမြို့မ ရဲစခန်းတွင် ပုဒ်မ ၃၇၆/၃၂၅ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၇ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှု ၂၇၀ မှု ဖြစ်ပွားခဲ့သကဲ့သို့ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုအများဆုံး တိုင်း ဒေသကြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၈ရက်နေ့က FDA မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းစွန့်ပစ်၊ ပစ္စည်းများယူခဲ့သူ အငှားယာဉ်မောင်း မျိုးဇော်ဦးအား ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရေး မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည်။