ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)က တပ်မဟာ ၂ခု အသစ် ထပ်မံ ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။
KIA သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မဟာ၊ တပ်ရင်းများ အခြေစိုက် လှုပ်ရှားကာ တပ်မဟာ ၈ ခုရှိပြီး ယခု ထပ်မံ အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သည့် တပ်မဟာ ၂ ခုမှာ တပ်မဟာ ၉ နှင့် ၁၀ တို့ ဖြစ်ကြောင်း သိရသည်။
KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ တပ်မဟာ ၉ နဲ့ ၁၀ ကို ထပ် တိုးဖွင့်လိုက်တာ ရှိပါတယ်။ အဲ့ဒါက အုပ်ချုပ်ရေး ယန္တရားကနေ လိုအပ်လို့ ပြန်ဖွဲ့စည်းတာပါ”ဟု ပြောသည်။
KIA ၏ ရုံးစာအရ တပ်မဟာ သစ် ၂ခု တိုးချဲ့ဖွ့ဲစည်းလိုက်သည့် အမိန့်စာကို ဖေဖော်ဝါရီလ ၇ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မဟာ ၉ ကို ကချင်ပြည်နယ်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး တပ်မဟာ ၁၀ ကိုမူ ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဆိုသည်။
တပ်မဟာသစ် ၂ခုဖွဲ့စည်းလိုက်သော်လည်း အင်အားများ ထပ်တိုးပြီး တပ်ရင်းသစ်များ ထပ်တိုးထားခြင်း မရှိသေးဘဲ ယခင် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ (ဖားကန့်မြို့နယ် အခြေစိုက်) နှင့် တပ်ရင်း ၂၆ (မိုးညှင်းမြို့နယ် အခြေစိုက်) တို့ကို ခွဲထုတ်ကာ တပ်မဟာ ၉ အတွင်း ထည့်သွင်း ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂ (တာမိုးညဲ၊ မန်ဂျယ် လှုပ်ရှား) နှင့် တပ်ရင်း ၁၇ (လွယ်ဒေါင်ဒေသ လှုပ်ရှား) တို့ကို ခွဲထုတ်ကာ တပ်မဟာ ၁၀ အောက်တွင် ထည့်သွင်းပြီး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည် ဟု သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “ တပ်မဟာ ၂လက်အောက်ခံ တပ်ရင်းတွေဆို တနိုင်းဘက်က လှမ်းအုပ်ချုပ်တာ၊ အရမ်းကြီး ဝေး နေ တာ အုပ်ချုပ်မှုမှာ အရမ်းကြီး ခက်ခဲတာတွေ ရှိတယ်။ ပိုပြီး အောက်ခြေတွေကို ထိန်းထိန်းသိမ်းသိမ်း စည်းကမ်း လိုက်နာ မှုတွေ ရအောင် နီးနီးကပ်ကပ် ထိန်းချုပ်ဖို့ စည်းကမ်း ထိန်းသိမ်းဖို့ အုပ်ချုပ်ဖို့ လိုအပ်နေလို့ အခုလို ပြန်ဖွဲ့လိုက် တာ”ဟုလည်း ဆိုသည်။
တပ်မဟာသစ် ၂ခု၏ အောက်တွင် နဂိုရှိပြီးဖြစ်သည့် တပ်ရင်း ၂ရင်းစီကို ထည့်သွင်း ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး တပ်ရင်းသစ် တိုးချဲ့ခြင်း မရှိကြောင်း၊ လက်ရှိ အခြေအနေအရ အင်အား ထပ်မံတိုးချဲ့ပြီး တပ်ရင်းအသစ် ဖွဲ့ရန်လည်း မရှိသေးကြောင်း ၎င်းက ပြောသည်။
KIA တပ်မဟာ သစ် ၂ခုတိုးချဲ့ ခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား နိုင်ငံရေး လေ့လာသုံး သပ်နေသည့် သုတေသီ ဦးမောင်မောင်စိုးက “ပြည်တွင်းစစ်မ ရပ်နိုင်သရွေ့၊ ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့၊ တိုင်းရင်းသား ပြဿနာ မဖြေရှင်း နိုင်သရွေ့၊ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်အားလုံးက စစ်အင်အားကို ဖြည့်တင်း တည်ဆောက်နေကြ မှာပါပဲ။ ရှောင်လွှဲဖို့ ခက်ပါလိမ့်မယ်”ဟု ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် ကချင် လွတ်လပ်ရေး အဖွဲ့/ကချင် လွတ်မြောက်ရေး တပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တွေ့ဆုံပြီး စစ်ရှိန်လျှော့ချရေး အတွက် ဆွေးနွေးစဉ် KIA ၏ တပ်မဟာ ၅၊ ၆၊ ၇၊ ၈ တို့ကို ထပ်မံ အသစ်တိုးချဲ့သည့် တပ်မဟာများ ဖြစ်သဖြင့် ဖျက်သိမ်းပေးရန်နှင့် တချို့ တပ်မဟာများသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သဖြင့် ကချင်ပြည် နယ် တွင်းသို့ ရွှေ့ပြောင်းပေးရန် တပ်မတော်က KIO ကို ပြောဆို ဆွေးနွေးထားသည်။
KIA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး ၂၀၁၆ ခုနှစ် ဇွန်လမှ စ၍ ယခုလပိုင်း အထိ ကချင်ပြည်နယ်တွင်း စစ်ရှိန်မြင့်တက်နေမှုများကို လျှော့ချရန် အတွက်လည်း တပ်မတော် နှင့် ညှိနှိုင်းရန် ဆွေးနွေး လျက်ရှိသည်။