ကချင်ပြည်နယ် ပူတာအို မြို့နယ် အတွင်း တိုက်ပွဲများ ရပ်တန့်ရေးနှင့် တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်းမြင့် တက် မှုများ ပြန်လည် လျော့ကျစေရေး အတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြကြောင်း သတင်း ရရှိသည်။
ယနေ့ နံနက် ၇ နာရီမှ ၉ နာရီ အထိ ဆန္ဒဖော်ထုတ် ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုတွင် ပူတာအိုမြို့ရှိ ဂျိမ်းဖော၊ ရဝမ်၊ လီဆူးနှင့် ရှမ်း စသည့် ရိုးရာစာပေနှင့် ယဉ်ကျေးမှု အသင်း အသီးသီး တို့မှ တာဝန်ရှိသူများက ဦးဆောင်ပြီး ဒေသခံ ၁၀၀ ကျော်နှင့် တိုက်ပွဲများကြောင့် နေရပ် မပြန်နိုင်သူ ၈၀ ကျော်၊ စုစုပေါင်း ၂၀၀ ကျော်တို့က ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း ဂျိမ်းဖော ရိုးရာ စာပေနှင့် ယဉ်ကျေးမှုအ သင်းမှ ဦးအောင်ခမ်းက ပြောသည်။
“ပြည်သူလူထုက ကြားညပ်ပြီး ခံနေရတယ်။ KIA နဲ့ တပ်မတော် နှစ်ဖက်လုံးက ညှိညှိနှိုင်းနှိုင်း လုပ်ပြီး ပြည်သူ လူထုရဲ့ရှေ့ရေး၊ စားဝတ် နေရေးကို အဓိက ကြည့်ရှုပြီး အဆင်ပြေဖို့ ဖြစ်ခိုင်းစေချင်တယ်။ ကျနော်တို့ ပြည်သူ တွေက အခက်အခဲတွေ ဖြစ်နေတယ်။ သူတို့ဘက်က ခက်ခဲနေတာ မရှိဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
ပူတာအိုမြို့သို့ ကုန်စည်များ ပို့ဆောင်သည့် အဓိက လမ်းဖြစ်သော မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းပိုင်းတချို့ မှာ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားစဉ် ဖျက်ဆီးခြင်း ခံထားရကြောင်း သိရသည်။
ယင်းလမ်းပိုင်းတချို့ ပျက်စီးသွားပြီးနောက်တွင် ပူတာအိုမြို့ အတွင်း ၃ သောင်းခွဲ ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူ ရနိုင်သည့် ဆန်အိတ်များမှာ တအိတ်လျှင် ၆ သောင်းခွဲမှ ၇ သောင်းကျပ်၊ ကြက်သွန်ဈေးမှာလည်း တပိဿာ လျှင် အမြင့်ဆုံး ၇၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားပြီး တချို့နေရာများတွင် ဝယ်ယူ၍ပင် မရတော့ ကြောင်း၊ ဓာတ်ဆီဈေးသည်လည်း တဂါလန်လျှင် နှစ်သောင်းကျပ် အထိ မြင့်တက်နေသည်ဟု ဦးအောင်ခမ်းက ပြောသည်။
ပူတာအိုမြို့နေ ဒေါ်ဇမိကလည်း ဆန္ဒထုတ်ဖော်ရာတွင် မပါဝင်သော်လည်း ကုန်ဈေးနှုန်းကြီးမြင့် နေသည်မှာ မှန်ကြောင်း ကုန်ဈေးနှုန်းများ ပြန်လည် ကျဆင်း စေလိုကြောင်း ပြောသည်။
တပ်မတော်နှင့် KIA တပ်ဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က စ၍ စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် KIA က မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်း မိုင်တိုင်အမှတ် (၉/၇) ရှိ တောင်ပတ်လမ်းများကို မြေတူးယာဉ်များဖြင့် ဖြိုချကာ ဆိုင်ကယ် သွားလာနိုင်ရန် ကျောက်သားလမ်း ၃ ပေခန့်နေရာသာ ချန်ထားပြီး လမ်းပိုင်းများကို ဖျက်ဆီးထားသည်ဟု တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
လမ်းကို ပြန်လည်ပြုပြင်၍ မရနိုင်အောင်လည်း KIA တပ်ဖွဲ့ဝင်များက စောင့်ကြည့်နေကြောင်း ဇန်နဝါရီလ ၃၀ ရက်က သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၂၁ ရက်ကလည်း ဆွမ်ပရာဘွမ်မြို့နယ် အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများကြောင့် အင်ဒွပ်ယန် စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁ ထောင်နီးပါး ဘေးလွတ်ရာ ပြေးခဲ့ရပြီး ယနေ့ထိ နေရာထိုင်ခင်း အတည်မကျ သေးကြောင်း သတင်းရရှိသည်။