ပုဂံ စေတီ ပုထိုးများရှိ နံရံဆေးရေး ပန်းချီများကို ပြုပြင် ထိန်းသိမ်းရန် အတွက် အမေရိကန်နိုင်ငံ အခြေစိုက် Getty Conservation Institute (GCI) အဖွဲ့က လာရောက် လေ့လာမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။
ယင်းလေ့လာမှုကို အမျိုးသား ပြတိုက် ဦးစီးဌာမှ တာဝန်ရှိသူများနှင့် GCI တို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်အထိ ၄ ရက်ကြာ ကနဦး လေ့လာဆန်းစစ်မှုများ စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “ပြုပြင် ထိန်းသိမ်းရေး လုပ်ဖို့အတွက် ပုဂံကို ကွင်းဆင်း လေ့လာတာပါ။ ကွင်းဆင်းပြီးသွားရင် လူကြီးတွေနဲ့ ဆွေးနွေးပြီးတော့ သဘောတူ ညှိနှိုင်းမှုတွေ လုပ်ပြီးမှ ထိန်းသိမ်းမှု ဆက်လုပ်မှာပါ။ ထိန်းသိမ်းဖို့အတွက်လည်း ကမ်းလှမ်းတယ်။ ခွင့်တောင်းပြီး လာလေ့လာတာပါ” ဟု ဧရာဝတီ သို့ ပြောသည်။
GCI အဖွဲ့သည် အမေရိကန်နိုင်ငံတွင် အခြေစိုက်ဖြစ်ပြီး အနုပညာနှင့် ဗိသုကာ ပညာရပ်များ ထိန်းသိမ်း စောင့်ရှောက် ရေး ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကာ ကမ္ဘာတဝန်းက ယဉ်ကျေးမှု အမွေအနှစ်များအား မူလအတိုင်း ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ကူညီ ထောက်ပံ့ပေးနေသော အဖွဲ့တဖွဲ့ ဖြစ်သည်။
ယင်းအဖွဲ့က ပုဂံဘုရားများရှိ နံရံဆေးရေး ပန်းချီများသာမက ရှေးဟောင်း အဆောက်အအုံများကိုလည်း ပြုပြင် ထိန်းသိမ်းရေး အတွက် အကူအညီပေးနိုင်ရန် လာရောက်လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည့် ပုဂံဒေသကဲ့သို့ ရှေးဟောင်းနယ်မြေကို နိုင်ငံတကာ အဖွဲ့အစည်းများက လာရောက်ပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ရှေးဟောင်း အမွေ အနှစ်များ ရေရှည် တည်တံ့ရေးသာမက ထိန်းသိမ်းရေး လုပ်ငန်းအတွက် အတွေ့အကြုံ ကောင်းများလည်း ရရှိမည် ဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ပြောသည်။
၎င်းက ဆက်လက်၍ “ထိန်းသိမ်းတဲ့ နေရာမှာ သူတို့နိုင်ငံရဲ့နည်းစနစ်တွေ သိခွင့်ရမယ်။ နိုင်ငံကြီးတွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့ အတွက် တို့ဌာနက ဝန်ထမ်းတွေလည်း အတွေ့အကြုံရတာပေါ့။ ပိုမိုကောင်းမွန်တဲ့ ပြုပြင်ထိန်းသိမ်းနည်း စနစ်တွေလည်း ရမယ်။ နိုင်ငံခြားမှာသွားပြီး သင်တန်း တက်မယ်ဆိုရင် တို့နိုင်ငံက အရာရှိ တဦးစ နှစ်ဦးစ လောက်ပဲ တတ်မယ်။ သူတို့ ဒီမှာ လာလုပ်ရင် ဒီမှာရှိတဲ့ ဝန်ထမ်းတွေ အကုန်လေ့လာခွင့်ရမယ်” ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း (ပုဂံ) မှ ပြန်ကြားရေးမှူး ဦးထက်ထွန်းအောင်ကလည်း ပုဂံဒေသမှ ရှေးဟောင်း အမွေအနှစ်များသည် အချိန် ကြာလာသည်နှင့် အမျှ ဆုံးရှုံးနိုင်ခြေ ရှိနေသဖြင့် မည်သည့် အဖွဲ့အစည်း နှင့်ဖြစ်စေ ပြုပြင် ထိန်းသိမ်းရန် လိုအပ်နေကြောင်း ပြောသည်။
“အမေရိကန်ကပဲ ဖြစ်ဖြစ် တခြား ယူနက်စကို (UNESCO – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း)ပဲ ဖြစ်ဖြစ် တကယ့်ကို နည်းစနစ် မှန်မှန်နဲ့ ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် ကျနော်တို့ဘက်က ကြိုဆို ရမှာပါ။ ပုဂံမှာ အမွေအနှစ်တွေ၊ ဘုရားအဆူ အရေအတွက်နဲ့ နံရံဆေးရေး ပန်းချီတွေကလည်း အရမ်းများတယ်။ အဲဒါ တွေ အကုန်လုံးကိုလည်း ကျနော်တို့ အစိုးရက ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် မလွယ်ဘူးလေ။ အချိန်ကြာလာ တာ နဲ့ အမျှ ဆုံးရှုံးဖို့ပဲ ရှိတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
နံရံဆေးရေး ပန်းချီများ အပါအဝင် ရှေးဟောင်း အမွေအနှစ်များသည် သဘာဝ ဘေးအန္တရာယ်သာမက လူတို့၏ ဖျက်ဆီးမှု ဘေးကိုလည်း ကြုံတွေ့နေရကြောင်း ဦးထက်ထွန်းအောင်က ဆက်လက်ပြောသည်။
“ထိန်းသိမ်း စောင့်ရှောက်မှုတွေက လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်တာတွေ ရှိတယ်။ လူကဖျက်ဆီးတာ တွေ ရှိတယ်။ ဘုရားတွေ အကုန်လုံးအတွက် ဝန်ထမ်း မလုံလောက်ဘူးလေ။ ဝန်ထမ်းမရှိတော့ ဘုရားထဲကို ဝင်လာ ပြီး နံရံဆေးရေး ပန်းချီပေါ်မှာ Graffiti ရေးတာတွေ ရှိတယ်။ သူတို့နာမည်တွေ ဘာတွေ ရေးသွားတာ ရှိတာပေါ့” ဟု လည်း ဦးထက်ထွန်းအောင်က ပြောပြသည်။
၂ဝ၁၆ ခုနှစ်က ပုဂံရှေးဟောင်း နယ်မြေ၌ အင်အား ၆ ဒသမ ၈ ရှိ ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ရာနှင့်ချီသော ဘုရားများ ထိခိုက် ပျက်စီးခဲ့ရပြီး ယနေ့အထိ ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နေရဆဲ ဖြစ်သည်။
၂ဝ၁၄ ခုနှစ် ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်စာရင်း၌ မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် ပျူမြို့ဟောင်းဒေသများ ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး မြို့များ စာရင်း ဝင်ခဲ့ပြီးနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပုဂံ ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။
ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် အပြီးသတ်လျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်း ခဲ့ပြီး ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်သင့် မသင့်ကို ယူနက်စကိုက ၂၀၁၈ ခုနှစ်အတွင်း စစ်ဆေး၍ ၂၀၁၉ ခုနှစ် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) မှ သိရသည်။
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် နှစ်ပေါင်း ၁ ထောင်ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်ကြောင်း၊ ရှေးဟောင်းဘုရား စေတီ ပုထိုး အပါအဝင် အဆောက်အအုံပေါင်း ၃ ထောင်ကျော် တစုတဝေးတည်း ရှိရာနေရာ တခုဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ထိုနည်းတူ မန္တလေး အောင်မြေသာ စံမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်း သစ်သား အဆောက်အအုံ တခုဖြစ် သည့် နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိ ရွှေနန်းတော်ကျောင်း (ရွှေကျောင်းကြီး) အား ရှေးမူမပျက် ပြုပြင်မွမ်းမံရေးကို အမေရိကန် သံအမတ်များ ရန်ပုံငွေဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (World Monuments Fund) ပညာရှင်များက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၈ သိန်းခန့် ရရှိခဲ့ကြောင်း WMF ၏ စီမံကိန်း ဒါရိုက်တာ မစ္စတာ ဂျက်ဖ် အလန်း က ဧရာဝတီသို့ ပြောသည်။