မြန်မာနိုင်ငံ တရုတ်လက်တွင်းသို့ ပြန်လည် မကျရောက်စေရေး ကာကွယ်ရာတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် အိန္ဒိယနိုင်ငံကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန် အထူးသံတမန်က တိုက်တွန်းလိုက် သည်။
ဂျပန်အထူးသံတမန် ယိုဟီဆာစာကာဝါက “မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး သမိုင်းကြောင်း ရှိတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ပိုမိုကြိုတင်ပြင်ဆင် ပါဝင်သင့်တယ်” ဟု ဆိုကြောင်း အိန္ဒိယ အခြေစိုက် Times of India သတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် အကျပ်အတည်းနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ ဖိအားများကို ရင်ဆိုင်နေရပြီး၊ တရုတ်နိုင်ငံသည် ထို ပဋိပက္ခတွင် လွန်စွာ စိတ်ဝင်စားနေသည် ဟုလည်း ဂျပန် အထူးသံတမန်က ပြောသည်။
တရုတ်က မြန်မာနိုင်ငံတွင် ခြေကုပ်ပြန်လည် ရရှိရေး ပိုမိုခိုင်မာစွာ လုပ်ဆောင်နေခြင်းသည် ဂျပန်နှင့် အိန္ဒိယနိုင်ငံများ အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာများ ရှိနိုင်သောကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်ရန် ထိုသို့ သတိပေးခြင်းဖြစ်သည်ဟု လည်း ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လွန်စွာကြီးမားသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ရခိုင်ပြည်နယ် တွင် ခြေကုပ်ရယူထားသည်။ သို့သော် လုံခြုံးရေး မျက်နှာစာတွင် နီးကပ်စွာ ဆက်ဆံနေသော ဂျပန်နှင့် အိန္ဒိယနိုုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် ညှိနှိုင်းဆောင်ရွက်မှု မရှိသလောက် ဖြစ်နေသည်မှာ အံ့သြစရာ ဖြစ်သည် ဟုလည်း အထူးသံတမန် ဆာစာကာဝါက ဆိုသည်။
ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ ရှင်းရှင်းလင်းရှင်း မရှိခြင်းအပေါ်လည်း အဆိုပါ အထူးသံတမန်က ဝေဖန်လိုက်သည်။
မြန်မာ အစိုးရနှင့် တပ်မတော်တို့သည် တရုတ်နိုင်ငံနှင့် နှစ်ပေါင်းများစွာ ဆက်ဆံနေသော်လည်း အနောက်နိုင်ငံများအနေဖြင့် မြန်မာကို ကျောခိုင်းပါက မြန်မာနိုင်ငံအတွက် ရွေးစရာမရှိဖြစ်ကာ တရုတ်သြဇာအောက် ပိုမိုကျရောက်သွားမည်ဖြစ်သည်ဟုလည်း ပြောသည်။
“ဂျပန်အစိုးရက မြန်မာအစိုးရကို ထောက်ခံတယ်။ အိန္ဒိယနိုုင်ငံ အနေနဲ့ ပိုမိုလုပ်ဆောင်သင့်တယ်။ အမေရိကန်ရဲ့ သဘောထားကြောင့် အိန္ဒိယနိုုင်ငံက အရှိန်မြှင့် လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာလက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံများသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း မြန်မာနိုင်ငံကို ထောက်ခံခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို (Taro Kono) သည် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ရခိုင်ပြည်နယ်သို့ သွားရောက်ရာ လွန်ခဲ့သောနှစ် သြဂုတ်လက တိုက်ခိုက်မှုများ အပြီး ရခိုင်ပြည် နယ်သို့ သွားရောက်သော ပထမဆုံး ပြည်ပ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသည်။
“ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဘာသာတရား မတူတဲ့ အသိုင်းအဝန်းတွေ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တဲ့ နေရာတခု ဖြစ်အောင် ကူညီချင်တယ်” ဟု ကိုနိုက ကျေးရွာ အကြီးအကဲ တဦးကို ပြောခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Wary of Chinas Foothold, Japan Urges India to Help Myanmar ကို ဘာသာပြန်သည်။)