ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်စွဲကိုင်ကာ မိမိတို့၏ လိုအင်ဆန္ဒများကို တောင်း ဆို၍ မရကြောင်း နား လည် သဘောပေါက်ကြရန် လိုအပ်ပြီး လက်နက်ကိုင် အစွဲအလမ်းကို ဖြတ် တောက်ပစ်နိုင်မည့် တခုတည်းသောအရာမှာ NCA စာချုပ် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုက ရက်တစ် အစည်းအရုံး (LDU) တို့ ပါဝင် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်က နေပြည်တော် တွင် ပြုလုပ်ခဲ့ရာ ယင်းပွဲသို့ တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“NCA မှာ လက်မှတ်ရေးထိုုးခြင်းဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတရပ်သာ ဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး အဖြေရှာမရသေးတဲ့ နိုင်ငံရေးပြဿနာတွေကို တဖက်နဲ့တဖက်၊ တဖွဲ့နဲ့ တဖွဲ့ စုပေါင်းတွေ့ဆုံ အဖြေရှာ ညှိနှိုင်းခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အချို့ချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက် အချို့ တွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်များသည် လက်နက်ချခိုင်းခြင်း ဟု မှားယွင်းစွာ မှတ်ယူကြမှု၊ သံသယစိတ် များ၊ မယုံကြည်စိတ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရ ကြောင်းလည်း ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့အဖွဲ့ဝင်များ အနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြော လိုပါတယ်” ဟု ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း NCA သည် ငြိမ်းချမ်းရေး ဖြစ်စဉ် ၏ လမ်းဆုံးမဟုတ်ဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အစ၊ နိုင်ငံရေး ဆွေးနွေးပွဲများ၏အစ၊ လက်နက်ကိုင် ပဋိပက္ခများ လျော့ကျခြင်း၏ အစဖြစ်ကြာင်း တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် နိုင်ငံရေးပြဿနာ များကို ညှိနှိုင်းတိုင်ပင်အဖြေရှာမည့် နိုင်ငံရေး ဖြစ်စဉ်၏ အစပင် ဖြစ်ကြောင်း ပြောသည်။
သို့သော် တိုင်းပြည်တွင် ယနေ့အချိန်ထိ ပြည်သူများကြားတွင် သံသယများ၊ မုန်းတီးမှုများ၊ လက်နက် ကိုင် ပဋိပက္ခများ၏ ဆိုးကျိုးအနေဖြင့် ယင်းဒေသများမှာ မဖွံ့ဖြိုးနိုင် မတိုးတက်နိုင်ဘဲ နောက်ကျ ကျန်ရစ်နေရကြောင်း အဓိကအကျဆုံးမှာ တိုင်းရင်းသား ကလေးငယ်များ အသက်အန္တရာယ် လွတ်ကင်းအောင် တိမ်းရှောင်နေကြရကြောင်း ၎င်းက ပြောသည်။
“ဒီအခြေအနေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် ကျမတို့ မလုပ်နိုင်ကြသေးဘူး။ ဝမ်းနည်းစရာ ကောင်းသလို ကြေကွဲစရာလည်း ကောင်းတယ်။ ကျမတို့နိုင်ငံရဲ့ အနာဂတ်၊ ကျမတို့ မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်တွေဟာ ဒီကနေ့အထိ စိတ်ချရတဲ့ အလင်းရောင် မသန်းနိုင်သေးဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
NCA လက်မှတ်ရေးထိုးသည့် အဖွဲ့သစ်များ တိုးလာပြီးနောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်း စဉ်များကို ခိုင်မာ အောင် ဆက်ကြိုးပမ်းခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်ခြင်း၊ လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် ပဋိပက္ခ လျော့ပါးသွားရန် ညှိနှိုင်း အဖြေရှာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ဒီအဖွဲ့တွေ NCA ထီးရိပ်အောက် ရောက်ရှိလာပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ကြိုးပမ်းမယ်။ ဒီလုပ်ငန်း စဉ်တွေကို တပြိုင်တည်း ဆက်လက် လုပ်ဆောင်သွားမှ ဖြစ်ပါတယ်”ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
ယနေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သူ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ၎င်းတို့ NCA လက်မှတ်ရေးထိုးလိုက် ခြင်းသည် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အရေးပါသည့် ပထမ ခြေလှမ်းဖြစ်သလို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေး အဖြေ ရှာနိုင်မည့် လမ်းစတခုအဖြစ် မျှော်လင့်ထားကြောင်း ပြောသည်။
“NCA ဟာ ကျနော်တို့ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို အဖြေရှာနိုင်မယ့် လမ်း ကြောင်းတရပ်သာ ဖြစ်ပါ တယ်။ ဒီလမ်းကြောင်းမှန်မှ ကျနော်တို့ မျှော်မှန်းတဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို ရောက်မယ်ဆိုတာ ရှင်းလင်းလှပါတယ်” ဟု ၎င်းက ပြောသည်။
အစိုးရ၊ တပ်မတော် ခေါင်းဆောင်များကို ပြောလိုသည်မှာ တိုင်းရင်းသားများသည် သမိုင်းကြောင်းအရ သံသယစိုးရိမ်စိတ် များ ရှိသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်း ဆောင်ရွက်လိုစိတ်များ ရှိကြောင်း ထို့ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဦးဆောင်နေသူများ အနေဖြင့် စိတ်ရှည်ရှည်ထားပြီး အားလုံးပါဝင်ရေးကို အားထုတ်ပေးကြရန် သဘောထားကြီးကြီးနှင့် ထိုးစစ်ဆင်မှုများကို အမြန်ဆုံး ရပ်စဲပေးရန် နိုင်ထောမွန်က တိုက်တွန်းသွားခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ တပ်မတော်၏ အဓိက တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးဖြစ်ကြောင်း၊ ပြည်သူ့ ဆန္ဒနှင့် ဆန့်ကျင်ပြီး ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေနိုင်သည့် လုပ်ဆောင်မှု မှန်သမျှ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး စီးပွားကို ဆန့်ကျင်ဖျက်ဆီးနေသည့် လုပ်ရပ်များနှင့် အဖွဲ့များကို မိမိတို့ တပ်မတော်မှ ပေးအပ်ထား သည့် တာဝန်ဝတ္တရားနှင့်အညီ ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ကာကွယ် စောင့်ရှောက် မည်ဟု ယနေ့ အခမ်းအနားတွင် ပြောဆိုခဲ့သည်။
လက်ရှိ၌ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ရှိနေပြီး ယခုအဖွဲ့ ၂ ခုနှင့် ပေါင်းလျှင် NCA စာချုပ်ကို လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရှိလာပြီ ဖြစ်သည်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုအနေဖြင့် အစိုးရနှင့် ၈ ကြိမ်မြောက် ဆွေး နွေးပွဲတွင် ၎င်းတို့၏ အဆိုပြုချက်များ သဘောတူညီမှုရရှိပါက NCA ကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသော်လည်း အဖွဲ့ဝင် ၂ ခု ဖြစ်သည့် NMSP ၊ LDU တို့ကသာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြပြီး ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ကမူ Bilateral သွားရန်နှင့် ရခိုင်အမျိုးသား ကောင်စီ (ANC) မှာ NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းမှုမှာ အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
NCA လမ်းကြောင်းတွင် မပါဝင်လိုသော အဖွဲ့များမှာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ ဖြစ်ပြီး ၎င်းတို့ကို ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) ဟု ခေါ်ဆိုပြီး FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။