မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦး အလျှင်အမြန် ခန့်အပ်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာ ဖွေရေးအဖွဲ့နှင့် လူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူတို့ကို မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲတွင် အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် နစ်ကီဟေလီ ကပြောကြားလိုက်သည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို စောင့်ဆိုင်း ကြည့်ရှုနေကြောင်းလည်း သူမကဆိုသည်။
“ကျမတို့ ခုချိန်ထိမြင်နေရတာတွေကတော့ ရက်စက်ကြမ်းကြုတ်မှုတွေသာဖြစ်တယ်၊ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖေါ်ထုတ်ပေးဖို့ မီဒီယာတွေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေမရှိရင် ကျူးလွန်ခံရသူ တွေအတွက် တရာမျှတမှုရဖို့က မျှော် လင့်ချက်မရှိဘူး” ဟု နစ်ကီဟေလီက ဆက်ပြောသည်။
ရခိုင်ပြည်နယ်သတင်းများကို ရယူခဲ့သော သတင်းထောက်များမှာ အာဏာပိုင်များ၏ ပိုမိုဖိအားပေး မှုကို ခံနေရပြီး၊ အင်းဒင် ကျေးရွာသတင်းကိုလိုက်ခဲ့သော Reuters သတင်းဌာနမှ သတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နိုင်ငံတော်အစိုးရ လျို့ဝှက်ချက်ဥပဒေနှင့်စွဲဆိုထားသည့်အတွက် ထောင် ၁၄ နှစ် အထိချမှတ် ခံရနိုင်သည်။
ထိုသတင်းသမား ၂ ဦးကို တားမြစ်ထားသော နေရာသို့ဝင်ရောက်ခြင်းနှင့် ရန်သူအတွက် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ် စေ အသုံးဝင်သော၊ အသုံးဝင်ရန်ရည်ရွယ်သော ၊ အသုံးဝင်သော လျိူ့ဝှက် စာရွက်စာတန်းနှင့် ဓါတ်ပုံများရယူခြင်း အတွက်အထက်ပါဥပဒေ၏ ပုဒ်မ ၃၊၁(ဂ) ဖြင့်စွဲဆိုထား ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှ အင်းဒင်ကျေးရွာရှိ မွတ်စလင် ၁၀ ဦးကို သတ် ဖြတ်မှုဖြင့် စစ်သား ၇ ဦး အပါအဝင် လူ ၁၆ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု သမ္မတရုံး၏ အဆိုအရ သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေဖြင့် စစ်တပ်အား တာဝန်ရှိစေမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နိုင်ငံတွင် ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်များ ဖြစ်နေကြောင်း ကိုလည်း ဖိအားပေးရမှာဖြစ်ကြောင်း၊ နိုင်ငံအားလုံး အနေဖြင့် အမေရိကန် နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ဖို့ တောင်းဆိုရုံသာမက အကျပ်အတည်းကို ဖြေရှင်းနိုင် သည့် လမ်းကြောင်းပေါ် ရောက်ရှိစေရန် စစ်မှန်သည့်ခြေလှမ်းများ လှမ်းကြရန်ဖြစ်ကြောင်း နစ်ကီဟေလီက ဆက်ပြောသည်။