ရက္ခိုင့်တပ်မတော် ( AA )ဖလား ဘောလုံးပွဲကျင်းပရန် စီစဉ်မှုတွင် ပါဝင်သည်ဆိုကာ မတရားအသင်း ပုဒ်မဖြင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသော ပရဟိတလုပ်ဆောင်သူ ကိုအမ်းသားကြီး(ခ)ကိုသန်းရွှေအား ယနေ့ မြောက်ဦးမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီး စွဲချက်မတင်မီ ပြန်လည်လွတ်ပေးလိုက် ကြောင်းသတင်းရသည်။
ပြီးခဲ့သည့်နှစ် ဧပြီလက မြောက်ဦးမြို့၌ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်( AA)နေ့ကို ဂုဏ်ပြု ကြိုဆို သောအားဖြင့် ရက္ခိုင့် တပ်မတော် ဖလားဘောလုံးပွဲ ကျင်းပရန် စီစဉ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထား ရသော မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နေမင်းတို့အမှုတွင် ကိုအမ်းသားကြီးမှာ အမှုတွဲအဖြစ် ထည့်သွင်းခံရကာ ယင်းနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မြောက်ဦးမြို့သို့ လာရောက်စဉ် ဖမ်းဆီး တရားစွဲမှုကိုခံရသူလည်း ဖြစ်သည်။
၎င်း၏ ရှေ့နေ ဦးထွန်းလှက “ သူ့ကို ဒီနေ့ပဲ တရားရုံးက စွဲချက်မတင်ဘဲ ပြန်လွှတ်လိုက်ပါ တယ်။ ပွဲကျင်းပဖို့ စီစဉ်တဲ့ နေရာမှာ ကိုအမ်းသားကြီး အနေနဲ့ ပူးပေါင်းပါဝင်ခြင်း မရှိဘူးဆိုပြီး သက်သေ စစ်ဆေးချက်အရ ပေါ်ပေါက်တယ်။ အဲဒီအတွက်ကြောင့် သူ့ကို တရားစွဲတင်လို့ မရတဲ့အတွက် သူပြန် လွှတ်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုအမ်းသားကြီးသည် မင်းပြားမြို့နယ် အမ်းသား ကျေးရွာတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် မောင်တော အရေး အခင်းတွင်လည်း သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ကို ဦးဆောင်ကာ လူမှုကူညီ ထောင်ပံ့ရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့သည် ရခိုင်အခြေစိုက် လူမှုရေးအဖွဲ့တခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင် ပညာသင်ထောက် ပံ့ရေး ၊ စစ်ဘေးရှောင်အရေး ၊ ရေဘေး ကယ်ဆယ်ရေး စသည့် လုပ်ငန်းများတွင် တက်ကြွစွာ ကူညီ ဆောင်ရွက်ပေးနေ သော အဖွဲ့ တစ်ခုဖြစ်သည်။
မြောက်ဦးမြို့ မြတန်ဆောင်း ဘုန်းတော်ကြီး ပညာရေး ကျောင်းတွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ က ရက္ခိုင့်တပ်မတော် ( AA ) ၈ နှစ် မြောက်မွေးနေ့အား ဂုဏ်ပြုသော အားဖြင့် ရက္ခိုင့်တပ်မတော် ဖလား ကျောင်းသား ဘောလုံးပွဲ ကျင်းပရန် စီစဉ်ခဲ့မှုကြောင့် မြတန်းဆောင်ဆရာတော်နှင့် ကိုခိုင်နေ မင်းတို့ကို မတရားအသင်း အက်ဥပဒေ ၁၇ ( ၁ ) ၊ ၁၇ ( ၂ ) တို့ဖြင့် မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းမှ ဗိုလ်မှူးဝင်းကျော်မှ တရားလို လုပ် တရားစွဲဆိုခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မြောက်ဦးမြို့နယ် တရားရုံးက ၎င်းတို့ကို ထောင်ဒဏ် ၂ စီ ချမှတ်ခဲ့သည်။
ကိုအမ်းသားကြီးသည် မြတန်ဆောင်း ဆရာတော်အဖမ်းခံလိုက်ရသည့် နောက်တနေ့ ညနေပိုင်း တွင် ဆရာတော် စီစဉ်ခဲ့သည့် စာပေဟောပြောပွဲကို မြတန်ဆောင်း ကျောင်းတိုက်အနီး ကွင်းပြင်တွင် ဆက်လက်ကျင်းသည့်အတွက် အမှုတွဲတွင် ထည့်သွင်းကာ ဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်ဟု သိရသည်။
ဆက်စပ် ဖတ်ရှု့ရန် – မြောက်ဦးတွင် မတရားအသင်း ပုဒ်မဖြင့် ပရဟိတသမားတဦး ဖမ်းဆီး တရားစွဲဆိုခံရ