သတင်း

နေရပ်ပြန်မည့် ရှမ်း စစ်ဘေး ဒုက္ခသည်များ လုံခြုံရေး စိုးရိမ်နေ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် လာခဲ့ကြသော ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် ဆိုင်းခေါင်ကျေးရွာ နှင့် တာခိုင်ကျေးရွာတို့မှ ဒုက္ခ သည်များ နေရပ် ပြန်ရေး အတွက် အကာအကွယ်ပေးမှု လုံခြုံရေး အားနည်းနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် ဒုက္ခသည် ၂၀၀ ကျော်သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် နေရပ် ပြန်ကြမည် ဖြစ်သော်လည်း တပ်မတော်၏ လုံခြုံရေး ဆောင်ရွက်ပေးမှု အားနည်းနေခြင်းကြောင့် စိုးရိမ်နေကြကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောပြသည်။

ဒေါ်နန်းခင်ထားရီက “တပ်ကတော့ လာလို့ ရတယ်။ ကျနော်တို့ ရှိတယ်ဆိုပြီးတော့ ပြောတယ်။ အမြဲတမ်း တော့လည်း ကျမ ထင်ပါတယ်။ အဲဒိလိုကြီးတော့ မနေပေး နိုင်ဘူးပေါ့။ အခုတော့ နေပေးပေမယ့်လည်း ကြာလာရင် ဘယ်လိုလုပ် မလဲ မသိဘူး။ ကျမတို့လည်း အဲဒါပဲ စိုးရိမ်နေတာ။ အခုတော့ ပြန်ကြည့်ပေါ့။ နေလို့ မရရင်တော့ ပြန်လာခဲ့ပေါ့” ဟု လည်း ပြောသည်။

တပ်မတော်နှင့် TNLA တို့ကြား ကွတ်ခိုင်မြို့နယ် အတွင်း ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ဖာဖိုင် ကျေးရွာနှင့် ငေါ့ငါး ကျေးရွာကြား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က TNLA ၏ တပ်ရင်း ၅၇၁ နှင့် တပ်မတော်၏ တပ်မ ၁၁ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေး ဌာနကလည်း ထုတ်ပြန် ထား သည်။

ထိုတိုက်ပွဲကြောင့် ဆိုင်းခေါင်ကျေးရွာနှင့် တာခိုင်ကျေးရွာမှ ဒေသခံ ၂၀၀ ကျော်သည် သိန်းနီ မြို့နယ် အတွင်းနှင့် ကွတ်ခိုင်မြို့နယ် အတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲရှောင် ၂၀၀ ကျော်အနက် ၁၇၅ ယောက်သည် သိန်းနီမြို့နယ် ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်း တွင် ခိုလှုံ နေပြီး ၅၁ ဦးမှာ ကွတ်ခိုင်မြို့နယ် ခေါက်ကွဲကျေးရွာ ဘုန်းကြီး ကျောင်းတွင် ခိုလှုံနေကြကြောင်း သိရသည်။

ဒေါ်နန်းခင်ထားရီက “တပ်က လုံခြုံရေး ယူထားတယ်။ လာလို့ရတယ် ဆိုတော့ ဒီနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ပြန်မယ်။ တပ်မရှိရင်တော့ သူတို့အတွက် နည်းနည်း စိုးရိမ်တာပေါ့။ တပ်ရှိနေရင် လုံခြုံပေမယ့်လည်း တပ်ပြန်သွားရင် TNLA တွေ က သူတို့ကို လာပြီးတော့မှ ရွာထဲမှာ လာနေပြီးတော့ ဆန်တွေယူ စားတယ်။ ပိုက်ဆံပေးမယ် ဆိုပြီးတော့ မပေး ဘဲ နဲ့ စားတာတောင်မှ မနည်းတော့ဘူးပေါ့။ အဲဒီလိုမျိုး ဒဏ်တွေကို ခံရမှာ ကြောက်တယ်လို့ ပြောတယ်”ဟု ပြော ဆို သည်။

လက်ရှိတွင် တပ်မတော်၏ ခလရ (၆၉)မှ ဆိုင်းခေါင်နှင့် တာခိုင်ကျေးရွာကို လုံခြုံရေး ပေးထားခြင်းကြောင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေသခံများ နေရပ်သို့ ပြန်ကြမည်ဖြစ်ကြောင်း၊ သို့သော်လည်း တပ်မတော် ပြန်သွားသည့်အခါ TNLA တပ်ဖွဲ့ဝင်များ လာရောက် အခြေချ လှုပ်ရှားနေမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ်နေကြကြောင်းလည်း ၎င်းက ဆို သည်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ရွာသားတွေ မေးကြည့်။ မူလက ကျနော်တို့ ရွာထဲမှာ မဟုတ်ဘူး။ မြန်မာ့ တပ်မတော်က လာရောက် တိုက်ခိုက်လို့ ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ သူတို့ အထိနာတဲ့ အချိန်ကျတော့ လေကြောင်းတွေနဲ့ ပြန်ပစ်တယ်။ အဲဒီမှာ ရွာသားတွေက ပြေးရတယ်။ မြန်မာ့ တပ်မတော်က ဝင်ရောက် နေရာယူထားတယ်”ဟု ပြောသည်။

TNLA သည် အင်အား ၇၀၊ ၈၀ ဝန်းကျင်ဖြင့် ဆိုင်းခေါင် ကျေးရွာနှင့် တာခိုင်ကျေးရွာ အတွင်းသို့ ဝင်ရောက်၍ လနှင့် ချီ ကာ နေထိုင်ပြီး ပိုက်ဆံ မပေးဘဲ ဆန်များကို ယူဆောင်သွားခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပြကြ သည် ဟု ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းခင်ထားရီက ပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မဲဆန္ဒနယ် အမှတ်-၃ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်း က စစ်ဘေးဒဏ်သင့် ပြည်သူများကို စာနာထောက်ထားခြင်း အားဖြင့် အပစ်ရပ်စဲခြင်းကို တနိုင်ငံလုံး အတိုင်းအတာနှင့် သက်ဆိုင်ရာက ကြေညာပေးသင့်ကြောင်း ပြောသည်။

“အရင်တုန်းက တိုက်ပွဲဖြစ်ရင် ရွာထဲအထိ မဖြစ်ဖူးဘူးလို့ ရွာသားတွေက ပြောတယ်။ အခု ရွာထဲအထိ ဗုံးတွေပါ ကျ လာ လို့ ဘာမှတောင် မယူနိုင်ဘဲ ကိုယ်လွှတ်ရုံး ပြေးလာရတယ်။ အရင်က နည်းနည်းချောင်ကျတဲ့ ရွာတွေလည်း အခု ထွက်ပြေးလာတဲ့ ဆိုင်းခေါင်၊ တာခိုင်ရွာမှာ လာတိမ်းရှောင်တယ်။ အခု ဒီ(ဆိုင်းခေါင်နဲ့တာခိုင်) ရွာအထိပါ ဖြစ်လာတော့ ဘာမှ မယူလာနိုင်တော့ ပူဆွေး ငိုယိုနေကြတယ်။ ၂ ခါ ရှုံးဆုံးမှု ကြုံရတော့ တော်တော်လန့်နေပုံ ရတယ်” ဟု လည်း ၎င်းက ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်က နေရပ်သို့ ပြန်သွားကြသော တိုက်ပွဲရှောင်များကို အိမ်ထောင်စု တစုလျှင် ဆန် ၁ အိတ် နှုန်း ထောက်ပံ့ ပေးခဲ့ပြီး လုံခြုံရေး အာမခံချက်မရှိပါက ပြန်လာလျှင် ထောက်ပံ့ပေးနိုင်ရေး အတွက်လည်း ပြင်ဆင်ထား ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ဆိုသည်။

“ကျမတို့ကို လာလှူထားတဲ့ ဆန်တွေကို မိသားစု တအိမ်ထောင်စုကို ၁ အိတ်စီတော့ ပေးလိုက်တာပေါ့။ စားနပ် ရိက္ခာ တွေတော့ ပေးလိုက်တယ်။ တကယ်လို့ အခြေအနေ မကောင်းရင် ပြန်လာလို့ ရအောင် ဆိုပြီးတော့ ဘုန်းကြီးကျောင်း မှာ တော့ ကျန်တာတွေ ထားတယ်။ သူတို့ စိုက်ပျိုးမြေက အရမ်းကောင်းတယ်။ ဘာပဲ စိုက်စိုက်အောင်မြင်တယ်။ အိမ် တွေ လည်း ကောင်းကောင်း ဆောက်ထားတာပေါ့။ သူတို့ အဲဒီရွာတည်တာ နှစ်ပေါင်း ၂၀ ကျော်နေပြီ ဆိုတော့ တခြား နေရာလည်း မနေချင်ဘူး အဲဒီလို ပြောတယ်”ဟုလည်း ၎င်းက ပြောပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading