ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာလူသတ်မှုအား Reuters သတင်းဌာနမှ ဖော်ပြ မှုကြောင့် ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ သတင်းထောက်နှစ်ဦးအပေါ် တိုက်ရိုက်ထိခိုက်မှု မရှိကြောင်း လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
“အင်းဒင်ကိစ္စက ဒီအမှုမှာ တိုက်ရိုက် ထိခိုက်စရာမရှိဘူး။ အစိုးရကလည်း ဒီကိစ္စဖော်လို့ စွဲတာ မဟုတ်ဘူး၊ ကျနော်တိုု့ အမှုသည် တွေကလည်း ဒါပေါ်လာတဲ့အတွက် မတုန်လှုပ်ဘူး” ၎င်းက ပြောသည်။
Reuters သတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့သည် အင်းဒင်ရွာ လူသတ်မှု အကြောင်း သတင်းရေးသားဖော်ပြရန် စုံစမ်းဖော်ထုတ်နေစဉ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးကာ ရခိုင်ပြည်နယ်အကြမ်းဖက် တိုက်ခိုက်ခံရ မှုဖြစ်စဉ် အသေးစိတ်အစီအရင်ခံများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက် ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခံ ထားရခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့က အင်းဒင်ကျေးရွာ ပဲရုံသုဿန်တွင် ဘဂါၤလီ ၁၀ ဦးအား ရွာခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး Reuters က “မြန်မာပြည်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က သတင်းရေး သားဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပါဝင်ပတ်သက်သည့် လုံခြုံရေးတပ်ဖွဲ့များကို အရေးယူမည်ဟု တပ်မတော်မှ ထုတ်ပြန်ခဲ့သလို၊ တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အင်းဒင်ရွာသား ၆ ဦး စုစုပေါင်း ၁၆ ဦးကို အရေးယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကလည်း ပြောသည်။
ယနေ့ ရုံးထုတ်တွင် သတင်းထောက် ကိုဝလုံးက “ ပြီးခဲ့တဲ့ သတင်းတွေအပေါ်မှာလည်း သတင်း သမားကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတော်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ဖြစ်စေခဲ့ တယ်ဆို တာ ကျနော်တို့ လုပ်ခဲ့တာကို အပြည့်အဝ ယုံကြည် ပါတယ်” ဟုပြောသည်။
ဖမ်းဆီးခံထားရသည့် Reuters သတင်းထောက်နှစ်ဦးအမှုနှင့်ပတ်သက်၍ ယနေ့ဖေဖော်ဝါရီ ၁၄ ရက်နေ့ရုံးချိန်း တွင် တရားလိုပြသက်သေတဦးဖြစ်သည့် ထောက်ကြန့် နယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးကိုကိုအား စစ်ဆေးခဲ့ပြီး နောက်တပတ် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့သို့ ထပ်မံချိန်းဆို ထားကြောင်း သိရသည်။
တရားခွင်အတွင်းစစ်ဆေးမှုအခြေအနေအပေါ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ထူးခြားတာတခု ကတော့ ဒုရဲအုပ်တယောက်က ရဲလက်စွဲကဟာတွေကို ဘာမှသူမသိဘူးလို့ ပြောသွားတယ်။ ဒုရဲအုပ်ဆိုတဲ့ အဆင့်တယောက်က စာမေးပွဲတွေဖြေရတယ်။ အဲ့လိုလူက ရဲလက်စွဲထဲက ကိစ္စတွေကို မသိပါဘူးဆိုတာတော့ ထူးခြားနေတာပေါ့ ”ဟု ပြော သည်။
ဖမ်းဆီးခံရသည့် Reuters သတင်းထောက်နှစ်ဦးကို အမေရိကန်နိုင် နယူးယောက်အခြေစိုက် PEN America အဖွဲ့ ၂၀၁၈ ခုနှစ်အတွက် PEN/Barbey Freedom to Write ဆုပေးရန် ရွေးချယ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။