မိုင်ပေါင်း ၃၆၆ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် နိုင်ငံတကာ စံနှုန်းများ ဖြစ်သည့် အမြန် မောင်းနိုင်ခြင်း (Fast) ၊ သက်သောင့်သက်သာ ဖြစ်ခြင်း (Comfortable) ၊ လုံခြုံစိတ် ချရခြင်း (Safety) စသည့် အချက် ၃ ခုဖြင့် မကိုက်ညီ၍ နိုင်ငံတကာ အဆင့်မီ လမ်းမကြီးတခု မဟုတ် ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက “အမြန်လမ်းမကြီးသည် နိုင်ငံတကာ အဆင့်မီ အမြန်လမ်းမကြီး ဖြစ်ဖို့ အ တွက် သတ်မှတ်ထားတဲ့ အချက် ၃ ချက် ဖြစ်တဲ့ Fast ၊ Comfortable ၊ Safety စတဲ့ အချက် ၃ ခုနဲ့ ကိုက်ညီမှု မရှိသေးပါဘူး။ မူလက Express Way အဖြစ် ဖောက်ဖို့ ရည်ရွယ်ထားတဲ့ အနေအထားမှာ ပြီးစီးသလောက် အခြေအနေနဲ့ ပြည်သူတွေကို အသုံးပြုခွင့်ပေးထား တာဖြစ်တဲ့အတွက် ဒီလမ်းမကြီးသည် နိုင်ငံတကာ အဆင့်မီ မဟုတ်သေးပါ ဘူး”ဟု ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောခြင်းဖြစ်သည်။
အဆိုပါ ပြည်သူ့လွှတ်တော်၌ မောက်မယ်မြို့နယ် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ယာဉ် မတော်တဆဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း မကြီးအား ခေတ်မီ ၄ လမ်းသွား အဆင့်မြင့် ဆောင်ရွက်ပေး ခြင်း၊ အဆင့်မီ လုံခြုံရေး အထောက် အကူပြု ပစ္စည်းများ တပ်ဆင် ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်ကမ်းများ ကို အထူးစီမံချက် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့နိုင်ငံမှာ ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှု နှုန်းထားတွေကို ကြည့်ရင် အာဆီယံမှာ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့ ပြီးရင် စတုတ္ထ အများဆုံး ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေ့လာ ကြည့် ရင်လည်း လိုအပ်ချက်များစွာ ရှိနေသေးတာကို တွေ့ရပါတယ်”ဟု ၎င်းက ဆွေးနွေးသည်။
နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီမှု ရှိသည့် အမြန်လမ်းမကြီးတခု ဖြစ်ရန် Fully Access Control ဖြစ်ရမည် ဖြစ်ရာ ပထမဆုံး Fast ဟု ခေါ်သည် မြန်မြန် မောင်းနိုင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းမပေါ်တွင် မီးပွိုင့်များ၊ လမ်းဆုံ၊ လမ်းဂွများ မရှိရန်၊ လူနေ အိမ်ခြေများ၊ ဈေးဆိုင်များ မရှိရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
နံပါတ် ၂ ဖြစ်သည့် Comfortable ဖြစ်ရန်အတွက် ယာဉ်မောင်းသူ၊ စီးနင်းသူပါ သက်သောင့်သက် သာဖြစ်စေမည့် လမ်းများ ဖြစ်ရန် လိုကြောင်း၊ အကွေ့များ၊ လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း ပြည်စုံ အောင် သေချာဖော်ပြခြင်း၊ တနာရီလျှင် တကြိမ် ရပ်နားနိုင်သည့် နေရာများ၊ အိမ်သာများ အပြည့်အစုံ ရှိရမည် ဖြစ်ပြီး တယ်လီဖုန်း၊ လျှပ်စစ်မီးများလည်း ပြည်စုံနေရန် လိုအပ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။
၎င်းက ဆက်၍ “နောက်တခုကတော့ Safety ဖြစ်ရပါမယ်။ လုံခြုံ စိတ်ချရမှု အပြည့်အစုံ ဖြစ်ရပါမယ်။ ဒီလမ်းထဲကို လူတွေ၊ နွားတွေ၊ တိရိစ္ဆာန်တွေ ဖြတ်သန်း ဝင်ရောက်ခြင်း မပြုနိုင်ဖို့အတွက် ခြံစည်းရိုး တွေ ခတ်ထားတဲ့လမ်းမျိုး ဖြစ်ရပါမယ်။ ဒီထဲမှာလည်း သတ်မှတ် ထားတဲ့ယာဉ်တွေပဲ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ အနှေးယာဉ်တွေ ထော်လာဂျီတွေ ဝင်ရောက် မောင်းနှင်တာမျိုးကို ခွင့်ပြုလို့ မရပါ ဘူး”ဟု ပြောသည်။
အမြန်လမ်းမကြီး စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ်မှ စတင်၍ လမ်းပိုင်းအလိုက် အဆင့်မြင့်တင်မှု၊ ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက် ခဲ့ပြီး အသွားအပြန် မိုင်ပေါင်း ၇၃၂ မိုင် ရှိသည့် အနက်မှာ ယနေ့အထိ ၁၆၄ မိုင်ကို ထပ်ပိုး ကတ္တရာခင်းပြီး ဖြစ်ကြောင်း၊ ၂၀၁၇-၁၈ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ထပ်မံ၍ ၁၄ မိုင်ကို ထပ်ပိုး ကတ္ထရာခင်းဦးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မှ အမှတ် ၃ လမ်းဆုံ (ဘောနတ်ကြီး) အထိ မိုင် ၄၀ ကို အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် နိုင်ငံတကာ အဆင့်မီ ၄ လမ်းသွား ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ရန် ရှိကြောင်းလည်း သိရသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စ၍ အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာလျက် ရှိသော မော်တော်ယာဉ်များအနက် ကီလိုမီတာ ၁၀၀ အထက် ပိုမောင်းသော ယာဉ်များကို အရေးယူခဲ့ ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအထိ အစီးရေ ၁၅၀၀၀ ကျော် ဒဏ်ငွေ ရိုက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက “ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း မကြီးရှိ အမြန်နှုန်းဖမ်းစက်များမှာ အရှိန်ကို တိကျစွာ မဖော်ပြနိုင်ခြင်း၊ ချို့ယွင်းနေခြင်းတို့ ကြောင့် အားကိုး၍ မရနိုင်ပါ။ တိကျသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို နိုင်ငံသားများ တပြေးညီ လိုက်နာ ကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြင့်တင်ရာ ရောက်စေ ပါတယ်”ဟု လွှတ်တော်တွင် ပြောဆိုခဲ့သည်။