ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံတွင် ရိုက်တာ သတင်းထောက် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းရာတွင် ပါဝင်ခဲ့သည် ဆို သော ရဲအရာရှိတဦးက သူသည် ဖမ်းဆီးခြင်းကို မှတ်တမ်းတင်ရေးအတွက် ရဲလုပ်ထုံးလုပ်နည်းများနှင့် အကျွမ်းတဝင် မရှိကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က တရားရုံးတွင် ပြောကြားခဲ့သည်။
ဒုရဲအုပ် မျိုးကိုကိုက သတင်းထောက် ဝလုံး (၃၁ နှစ်) နှင့် ကျော်စိုးဦး (၂၇နှစ်) တို့ကို မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ဥပဒေ တခု ဖြစ်သော နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ စွဲချက်တင်ရန် သင့်/မသင့်ကို ဆုံးဖြတ်ရေး တရားရုံးတွင် တရားလို သက်သေအဖြစ် ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ပြန်လှန်မေးခွန်းများ ထုတ်သည့် အချိန်တွင် ဒုရဲအုပ် မျိုးကိုကို က သူသည် မြန်မာနိုင်ငံ ရဲလက်စွဲပါ လုပ်ထုံး လုပ်နည်းများ နှင့် အကျွမ်းတဝင် မရှိကြောင်း ဝန်ခံခဲ့သည်ဟု တရားခံများ၏ ရှေ့နေ ဦးခင်မောင်ဇော်က စစ်ဆေးကြားနာမှုပြီးသည့် အ ချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒါကြောင့် သူက စွဲချက်တင်ဖို့အတွက် ခိုင်လုံတဲ့ သက်သေ မဖြစ်နိုင် တော့ဘူး” ဟု ဦးခင်မောင်ဇော်က ပြောသည်။
ဝလုံးနှင့် ကျော်စိုးဦးတို့သည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်ထားရှိသည်ဆိုသည့် စွပ် စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ သူတို့ကို ညစာစားရန် ရဲအရာရှိများက ဖိတ်ခေါ်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
စားသောက်ဆိုင်တခုတွင် ယခင်က မတွေ့ဆုံဖူးသည့် ရဲ အရာရှိ ၂ ဦးထံမှ စာရွက်စာတမ်းအချို့ လက်ခံရရှိပြီး များမကြာမီ မှာပင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဝလုံးနှင့် ကျော်စိုးဦးတို့က ပြောထားသည်။
ဖမ်းဆီးခဲ့သည့် နေရာနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ ဒုရဲအုပ်မျိုးကိုကို က စက်ရုံများကြားမှ လမ်းတခုတွင် ဖြစ် ကြောင်းပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ယခင်က ပြုစု၍ တရားရုံးသို့ တင်သွင်းခဲ့သော မြေပုံတွင် စတိုးဆိုင်များ နှင့် လဘက် ရည်ဆိုင်များသာ ရှိ၍ စက်ရုံများ မပါဝင်သည့် အတွက် ကွဲလွဲမှု ရှိနေသည်။
တရားရုံးတွင် ဒုရဲအုပ်မျိုးကိုကို က သူသည် ဖမ်းဆီးသည့် အဖွဲ့တွင် ပါဝင်ခဲ့ကြောင်း ထွက်ဆိုသော်လည်း သတင်းထောက် ၂ ဦး၏ လက်တွင် တွေ့ရှိသည်ဟု ရဲအဖွဲ့က ပြောသော စာရွက်စာတမ်းများကို မမြင်တွေ့ကြောင်း ပြောသည် ဟုလည်း ရိုက်တာ သတင်းဌာနက ရေးသည်။
ယခင် စစ်ဆေးကြားနာမှုတခုမှ ပြန်လည်မေးခွန်းထုတ်ခြင်းတွင် ရဲမှူးမင်းသန့်က ဝလုံးနှင့် ကျော်စိုးဦးတို့၏ လက်ဝယ်တွင် တွေ့ရှိရသည့် စာရွက်စာတမ်းများတွင် ပါဝင်သော သတင်းအချက်အလက်များသည် သတင်းစာများတွင် ဖော်ပြပြီး ဖြစ် ကြောင်း သဘောတူခဲ့သည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စစ်ဆေးကြားနာမှုတွင် ဖမ်းဆီးမှုများကို မှတ်တမ်းတင်ရေးသွင်းထားသော ရဲစခန်းမှ မှတ်တမ်း စာအုပ်ကို သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းရန် တရားခံဘက်က တောင်းဆိုခြင်းကို တရားလိုဘက်က ငြင်းဆန်ခဲ့ သည်။ အဆိုပါ မှတ်တမ်းသည် နေ့စဉ် အသုံးပြုနေရဆဲ ဖြစ်သဖြင့် ရဲစခန်းမှ နေ၍ ယူလာ၍ မရကြောင်း ပြောသည်။
တရားခံ အကျိုးဆောင်များ၏ တောင်းဆိုချက်ကို တရားသူကြီး ဦးရဲလွင်ကလည်း ငြင်းဆန်ခဲ့ပြီး တရားရုံးတွင် စစ်ဆေးစဉ် ကာလအတွင်း အဆိုပါ မှတ်တမ်းစာအုပ်ကို တရားခံဖက်မှ ကြည့်ရန် အခွင့်မရှိကြောင်းပြောသည်။
ဖမ်းဆီးခံ သတင်းထောက် ၂ ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်ဆလင် ၁၀ ဦးကို အစုအပြုံလိုက်သတ်ဖြတ်၍ မြေမြှုပ်ထားသည့် ကိစ္စကို ရိုက်တာ သတင်းဌာနက စုံစမ်းဖော် ထုတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ ဖြစ်ကြသည်။
သတ်ဖြတ်မှုနှင့် ပတ်သက်သည့် သတင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရိုက်တာက ဖော်ပြခဲ့ပြီးနောက် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာခဲ့သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် အမေရိကန် ပြည်ထောင်စု က မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ အခြေအနေအတွက် မီဒီယာကို အပြစ်တင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့ပြီး သတင်းထောက်များကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန် နှင့် ကာဇစ္စတန် တို့ကလည်း သတင်းထောက်များ ပြန်လွှတ်ပေးရေး အတွက် အဆိုပါ အစည်းအဝေးတွင် တောင်းဆိုခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးဟောင်ဒိုဆွမ်းက မြန်မာနိုင်ငံသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အသိအမှတ် ပြုကြောင်းနှင့် ဂျာနယ်လစ်များသည် သတင်းတပုဒ်ရေးသား၍ အဖမ်းခံခဲ့ရခြင်း မဟုတ်ဘဲ အစိုးရ၏ လျှို့ဝှက် စာရွက်စာ တမ်းများကို လက်ဝယ်ထားရှိမှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်ကြောင်း ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အင်းစိန် ခရိုင်တရားရုံး၌ ရိုက်တာသတင်းထောက်များကို နောက်တကြိမ် ရုံးထုတ် စစ်ဆေးခြင်းမည် ဖြစ်သည်။
( Reuters သတင်းထောက်များ ရေးသားပေးပို့သော Myanmar policeman who detained Reuters pair ‘did not know arrest procedures’ သတင်းကို ဘာသာပြန်ဆိုသည်)