မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ် လမ်း ပိုင်းရှိ တံတားများ၊ လမ်းများမှာ ဇန်နဝါရီလကုန်ပိုင်းမှ စ၍ ဖျက်ဆီးခံရသဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်ကာ ကုန်ဈေးနှုန်း အလွန်ကြီးမြင့်လာနေသဖြင့် ဒေသခံများက လွှတ်တော်သို့ တင်ပြရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က လမ်းနှင့် တံတား ၂ စင်း အပါအဝင် ဘက်ဟိုးယာဉ်တစီး၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က သစ်သား တံတား ၂ စင်းကို KIA က မီးရှို့ဖျက်ဆီးခဲ့ရာ သယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းကာ ဆန်တအိတ် ၆ သောင်း၊ ဓါတ်ဆီ တပုလင်း ၅၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿ ၄၀၀၀ကျပ် ဖြစ်ခဲ့သဖြင့် ကုန်ဈေးနှုန်းမှာ ၇ ဆခန့် မြင့်တက်သွားကြောင်း ပူတာအိုမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးမိုးရွှေက ပြောသည်။
“ကျနော်တို့ဆီက စားနပ်ရိက္ခာတွေကို ကြိုစုမထားဘူး။ ပွင့်လင်းရာသီမှာ လမ်းကောင်းသွားရင် ခဏပဲ။ ကုန်သည်က ပစ္စည်းမလှောင်ကြ သေးဘူး။ ဒီအချိန်မှာ ရုတ်တရက်ဖြစ်သွားတော့ စုဆောင်းဖို့ အချိန် မရလိုက်ဘူး။ ပြီးတော့ မြစ်ကြီးနား-ဆွမ်ဘရာဘွမ်-ပူတာအို လမ်း ပိုင်းက ဒီတလမ်း ရှိတာ။ ဒီလမ်းကို မပြင်နိုင်ရင် အစာရေဆာ ငတ်မွတ်ဘေး ကြုံနိုင်လို့ ဒီလမ်းကို စောလျင်စွာ ပြင်ပေးဖို့ လိုတယ်။ အခု က စိုးရိမ်ကြောင့်ကြနေရတဲ့ အချိန်ကို ရောက်သွားပြီ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်တို့က ယခုလမ်းကို ပြုပြင်လိုသော်လည်း လုံခြုံရေး အခြေအနေ စိတ်မချရသေး၍ ပြုပြင် နိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် ကားလမ်း မပေါက်သေးချိန်တွင် လေယာဉ်အခေါက်ရေများကို တိုးချဲ့ပြေးဆွဲပေးရန် တင်ပြမှုများလည်း ပြုလုပ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ကုန်ဈေးနှုန်း အလွန်မြင့်တက်လာသောကြောင့် ဒေသခံ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပူတာအိုမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ လူပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ကြောင်း၊ တချို့မှာ ဓာတ်ဆီဖိုး မတတ်နိုင်၍ ဆိုင်ကယ် မစီးတော့ဘဲ လမ်းလျှောက်နေရကြောင်း ပူတာအိုမြို့ခံ ဦးခီဆာဘော်က ပြောသည်။
“သူတို့(KIA) ရဲ့ စစ်ရေးလိုအပ်ချက်အရ လမ်းတွေ၊ တံတားတွေကို အခုလို လုပ်တာလို့ သိရတယ်။ အဲဒီကိစ္စတော့ သိပ်မပြောချင်ဘူး။ အခုလည်း ဒီမှာရှိတဲ့ ကချင်ဘာသာရေး အဖွဲ့အစည်းတွေကတော့ KIA ကို လမ်းတွေ ပြန်ပြင်ပေးဖို့၊ လမ်းဖျက်တာတွေ ဆက်မလုပ်ဖို့ စာပို့ထားတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။
ယခုကိစ္စ အမြန်ဆုံး ပြေလည်ရန် သက်ဆိုင်ရာ အာဏာပိုင်များက ဒေသလုံခြုံရေး တာဝန်ယူ၍ KIA လက်နက်ကိုင်များ ဖျက်ဆီးလိုက် သည့် တံတားများ၊ လမ်းများကို အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ လမ်းပိတ်ဆို့နေ၍ ပူတာအိုသို့ ရောက်ရှိနေသည့် လမ်းလုပ်သားများ၊ မြို့နယ် ၅ ခုမှ ပညာရေးဝန်ထမ်းများ ပိတ်မိနေကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေက ပြောသည်။
၎င်းက“ဒီကိစ္စကို အဆိုအဖြစ်လည်း တင်ထားပါတယ်။ ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရမှ ဆွေးနွေးရမှာလေ။ နောက် ကြယ်ပွင့်ပြမေးခွန်းပဲ လုပ်လိုက်ရမလားလည်း စဉ်းစားနေတယ်။ အစိုးရအနေနဲ့ ပူတာအိုဒေသကို ကူညီဆောက်ရွက်ပေးဖို့ လွှတ်တော်မှာ တင်ပြသွားဖို့ ရှိပါတယ်”ဟု ပြောသည်။
ပူတာအိုမြို့နယ်အပါအဝင် မချမ်းဘော၊ နောင်မွန်၊ ပနန်းဒင်၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ် မြို့နယ်တို့သည် စားနပ်ရိက္ခာများကို မြစ်ကြီး နားမြို့မှ တဆင့် ဝယ်ယူနေရပြီး မြစ်ကြီးနား-ပူတာအို-ဆွမ်ဘရာဘွမ်လမ်းပိုင်းမှ နေ၍ စားနပ်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆေးဝါး အမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး၊ စက်သုံးဆီ အမျိုးမျိုးကို ခရီး ၂၁၈ မိုင်ဝေးသည့် မြစ်ကြီးနားမှ ပူတာအိုသို့ အရင် တင်ပို့ရ ကြောင်း သိရသည်။
တပ်မတော်နှင့် KIA တပ်ဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က စ၍ စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် KIA က မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်း မိုင်တိုင်အမှတ် (၉/၇) ရှိ တောင်ပတ်လမ်း များကို မြေတူးယာဉ်များဖြင့် ဖြိုချကာ ဆိုင်ကယ် သွားလာနိုင်ရန် ကျောက်သားလမ်း ၃ ပေခန့်နေရာသာ ချန်ထားပြီး ကျန်လမ်းပိုင်းများကို ဖျက်ဆီးထားကာ လမ်းကို ပြန်လည်ပြုပြင်၍ မရနိုင်အောင်လည်း KIA တပ်ဖွဲ့ဝင်များက စောင့်ကြည့်နေကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်ကလည်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများကြောင့် အင်ဒွပ်ယန် စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁ ထောင်နီးပါး ဘေးလွတ်ရာ ပြေးခဲ့ရပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေရာထိုင်ခင်း အတည်တကျ မရသေးကြောင်း သတင်းရရှိသည်။