ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ အရက်ချက်စက်ရုံများနှင့် တခြားစက်ရုံအသီးသီးမှ ရေဆိုးစွန့်ပစ်နေမှု များကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ပေးရန် တိုင်းအစိုးရထံ တိုင်စာပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းတိုင်စာကို ရွှေပြည်သာမြို့နယ်နေ လူငယ်များက ဖေဖော်ဝါရီ ၁၆ ရက်၌ ပေးပို့သွားမည်ဖြစ်သည်။
တိုင်စာနှင့်အတူ ရေဆိုးစွန့်ထုတ်ရာ မီးချောင်းအိုင်ချောင်းနှင့် ဠသတ်ရိုးချောင်းတလျှောက်ရှိ နေအိမ်များ၊ ဈေးဆိုင်များမှ ပြည်သူများ၏ တိုင်ကြားမှုလက်မှတ် ၁၀၀၀၊ ရေဆိုးစွန့်ပစ်နေသည့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်မှတ်တမ်းများနှင့် Right View (SPT) အဖွဲ့မှ နိုင်ငံတော်သမ္မတထံ တင်ပြထားသော စာတို့ကို ပူးတွဲတင်ပြသွားမည်ဖြစ်ကြောင်း တာဝန်ခံတိုင်ကြားသူတဦးဖြစ်သူ မောင်ဆောင်းခက ဧရာဝတီကို ပြောသည်။
ရွှေပြည်သာတွင် ဖွဲ့စည်းထားသည့် Right View (SPT) အဖွဲ့သည် ၂၀၁၇ ဒီဇင်ဘာအတွင်းက ရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရှိ အရက်ချက်စက်ရုံများအပါအဝင် စက်ရုံအသီးသီးအား လေ့လာမှတ်တမ်းတင်ခဲ့ပြီး တွေ့ရှိချက်များကို နိုင်ငံတော် သမ္မတရုံးသို့ ဇန်နဝါရီ ၃ ရက်က ပေးပို့တိုင်ကြားထားသကဲ့သို့ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော် ယနေ့အချိန်အထိ သက်ဆိုင်ရာဌာနများမှ တစုံတရာ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တုန့်ပြန်မှု မရှိသေး သည့်အတွက် ယခုကဲ့သို့ သက်သေများနှင့်အတူ တိုင်စာပေးပို့ရခြင်းဖြစ်ကြောင်း တိုင်စာပေးပို့သူများက ပြောသည်။
“ထိရောက်မယ့်နည်းလမ်းတခုကို စဉ်းစားပြီး ထပ်လုပ်ရခြင်းဖြစ်တယ်။ တကယ်က စက်ရုံတွေက ဥပဒေကို ချိုးဖောက်နေ တာ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရဆိုရင် ရေဆိုးကို ဒီလိုထုတ်ပိုင်ခွင့်မရှိဘူး။ ဒါကို တိုင်းအစိုးရအနေနဲ့ စိ စစ်ကြပ်မတ်ဖို့ တာဝန်ရှိတယ်” ဟု မောင်ဆောင်းခက ပြောသည်။
၂၀၁၇ သြဂုတ်လကစပြီး အရက်ချက်စက်ရုံများအနေဖြင့် ရေဆိုးသန့်စင်စနစ် တည်ဆောက်နေချိန်တွင် စက်ရုံလည်ပတ်မှု ယာယီရပ်နားထားရန်၊ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ရေဆိုးသန့်စင်စနစ်တည်ဆောက်ပြီး သက်ဆိုင်ရာက ခွင့်ပြုမှပြန် လည် လည်ပတ်ရန် အစိုးရက ညွှန်ကြားထားသော်လည်း ရွှေပြည်သာ စက်မှုဇုန် (၁)အတွင်းရှိ အရက်ချက်စက်ရုံများက လိုက်နာမှုမရှိကြောင်း ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်းကလည်း မြန်မာနိုင်ငံအတွင်းရှိ အရက်ချက်စက်ရုံများသည် သက် ဆိုင်ရာဌာနများ၏ ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ စွန့်ပစ်ရေဆိုးစနစ် တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံများပြားခြင်း၊ နည်းပညာ လိုအပ်ချက်များရှိနေခြင်းနှင့် ခွင့်ပြုချိန်ကာလ မလုံလောက်ခြင်းများကြောင့် ဆောင်ရွက်ချိန်ကို ၁ နှစ်ခန့် ခွင့်ပြု ပေးရန် အစိုးရကို တင်ပြထားမှုများလည်း ရှိနေသည်။
“စက်ရုံပိတ်စေချင်တာ မဟုတ်ဘူး။ သူတို့အလုပ်ကို ဖျက်ဆီးစေချင်တာ မဟုတ်ဘူး။ သူတို့သာ အစိုးရသတ်မှတ် ထားတဲ့၊ စံချိန်စံညွန်းညီတဲ့ ရေဆိုးသန့်စင်စက်တွေ တပ်ဆင်ပြီးသွားပြီဆိုရင် လည်ပတ်ရတယ်။ ဒါပေမယ့် သူတို့စီးပွားရေး တခုကြောင့် ဒီမြို့နယ်တခုမှာနေတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တာ။ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့အနေအ ထားမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့ လက်မခံဘူး” ဟု ဒေသခံ တဦးဖြစ်သူ ကိုမျိုးမင်းမင်းက ပြောသည်။
အရက်ချက်စက်ရုံများမှ စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်မှုကြောင့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုများ၊ အခြားသော သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများအပြင် ဓာတုပစ္စည်းပါဝင်သည့် စွန့်ပစ်ပစ္စည်းများကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ တွင် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ခွင့်ပြုချက်ရရှိထားသည့် အရက်ချက်စက်ရုံပေါင်း ၇၂ ရုံအနက် စွန့်ပစ်ရေဆိုး သန့်စင်စနစ်တည်ဆောက် ထားသည့် စက်ရုံ ၁၈ ရုံသာ ရှိကြောင်းနှင့် ရန်ကုန်တိုင်းအတွင်း၌ အရက်ချက်စက်ရုံ ၉ ရုံရှိကြောင်း သိရသည်။