မြန်မာနိုင်ငံအတွင်း အဝေးပြေးလမ်းမ စီမံကိန်းကြီး ၂ ခု ဖောက်လုပ်ရာတွင် ဂေဟဗေဒဆိုင်ရာ အန္တရာယ်များကို ထည့်သွင်း စဉ်းစားရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများခံစားရမည့် နေရာများတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် နေထိုင်နေကြသည်ဟု ကမ္ဘာ့ သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) က ဆိုသည်။
ထိုလမ်းမကြီး ၂ ခုတို့သည် တရုတ်နိုင်ငံ၏ အာရှတိုက်ကို ဖြတ်ဖောက်သော ပြည်ပ အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော ရပ်ဝန်းတခု လမ်းတခု စီမံကိန်း Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းများ ဖြစ်သည်။
“ဒီ အခြေခံအဆောက်အအုံ စီမံကိန်းကြောင့် လူ ၂၄ သန်းလောက် ထိခိုက်မယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်။ သန့်ရှင်းတဲ့ ရေ ရနိုင်တဲ့ နေရာတွေ၊ ရေလွှမ်းမိုးမှု၊ မြေပြိုမှုကို စတာတွေကို ကာကွယ်ပေးတဲ့ နေရာတွေ စတဲ့ နေရာကို ထိခိုက်သွားမယ့် အခြေအနေတွေကို ထည့်သွင်း မစဉ်းစားရင် ဆိုးကျိုးတွေ ခံစားရနိုင်တယ်” ဟု အထက်ပါ အစီရင်ခံစာကို ရေးသားသူ ဟန်နာဟယ်ဆင်ဂျန် (Hanna Helsingen) က ပြောသည်။
၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသည် သစ်တောဖုံးလွှမ်းမှု၊ ရေ သယံဇာတ စီမံခန့်ခွဲမှုနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများ အပေါ် ဆိုးကျိုးများကို တားဆီးနိုင်လောက်အောင် တိကျ ကောင်းမွန်မှုနှင့် ပွင်းလင်းမြင်သာစွာ အကောင်အထည်ဖော်မှု မရှိမည်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများနှင့် ဥပဒေပညာရှင်များက စိုးရိမ်နေကြသည်။
“မကြာသေးခင်ကမှ ပြဋ္ဌာန်းထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေတွေကို စီမံကိန်းတွေက လေးစား လိုက်နာအောင် လုပ်ဖို့ မြန်မာနိုင်ငံမှာ စွမ်းရည်လည်း မရှိဘူး၊ အဖွဲ့အစည်းဆိုင်ရာ အခြေခံလည်း မရှိဘူး” ဟု နိုင်ငံတကာ ဂျူရီ လူကြီးများကောင်စီ (ICJ) ၏ အကြံပေး ရှောင်ဘိမ်း (Sean Bain) ကပြောသည်။
WWF ၏ အစီရင်ခံစာသည် ကနဦး အဆင့်တွင်သာ ရှိနေသေးသော လမ်းမကြီး စီမံကိန်း ၂ ခုကို အထူးလေ့လာထားသည်။ ထိုလမ်း ၂ ခုတို့သည် အရှေ့မှ အနောက်နှင့် တောင်မှ မြောက်သို့ ဖောက်လုပ်မည့်လမ်းများ ဖြစ်ပြီး မြစ်များ၊ သစ်တောများကို ဖြတ်သန်းသွားသည်။
BRI စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည့် မြန်မာနိုင်ငံမှ လက်ရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် အဆိုပြုထားသော ရထားလမ်းနှင့် ကားလမ်းများလည်း ပါဝင်သည်။
လမ်းမကြီးများ တည်ဆောက်ခြင်းကြောင့် အဓိကအားဖြင့် သစ်တောပြုန်းတီးမည်ကို ထို အစီရင်ခံစာတွင် ဖော်ပြထားသည်။
“လမ်းဖွင့်ပေးလိုက်တာနဲ့ အရင်က ထိခိုက်မှု မခံရတဲ့ နေရာတွေမှာ ရေအရည်အသွေးနဲ့ ရေရနိုင်တဲ့ ပမာဏကို ထိခိုက်စေတယ်။ အထူးသဖြင့် မြေအောက်ရေ အတက်အကျရှိတဲ့ နေရာတွေ၊ ရေထိန်းသိမ်းတာ၊ ရေလွှတ်ပေးတာမှာ အရေးးပါတဲ့ သစ်တောတွေမှာ အခြေအနေ ပိုမိုဆိုးရွားမယ်” ဟု လည်း ဟယ်ဆင်ဂျန် (Helsingen) က ပြောသည်။
မြန်မာနိုင်ငံမှ လူအများအပြားသည် ဝမ်းစာ စပါးစိုက်ပျိုးခြင်းကို မှီခိုနေရပြီး မြန်မာနိုင်ငံသည် ရေလွှမ်းမိုးမှု၊ မိုးခေါင်ရေရှားမှု နှင့် မုန်တိုင်းများကဲ့သို့သော သဘာ၀ ဘေးများကို မကြာခဏ ရင်ဆိုင်လာရနိုင်သည်။

ရေလွှမ်းမိုးမှု
“၂၀၁၅ ခုနှစ်က ရေလွှမ်းမိုးမှုရဲ့ ထိခိုက်မှုကို ကြည့်ရင် စိုက်ပျိုးရေးကို အထိခိုက်ဆုံးဆိုတာ သိသာတယ်” ဟုလည်း ဟယ်ဆင်ဂျန်က ပြောသည်။
သစ်တော ပြုန်းတီးမှုကြောင့် ၂၀၁၅ ခုနှစ်က ရေလွှမ်းမိုးသည် ဟု ယူဆကြသည်။ ထို ရေလွှမ်းမိုးမှုတွင် စပါးခင်းများ အတွင်းသို့ ဆားငန်ရေများ ဝင်ရောက်ခဲ့သည်။ သစ်တော ပြုန်းတီးမှုကြောင့် ဂေဟဗေဒကို ထိန်းကျောင်းပေးသော စနစ်များနှင့် သားရိုင်း တိရစ္ဆာန်များလည်း ခြိမ်းခြောက်ခံရသည်။
လျှို့ဝှက်မှုနှင့်ကျူးကျော်ခြင်း
မြန်မာနိုင်ငံသည် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်များ ပြုလုပ်ရန် လုပ်ထုံးလုပ်နည်းမူဘောင်နှင့် ရှင်းလင်းသော လမ်းညွှန်မူဝါဒ မရှိကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မှ ဗစ်ကီဘိုးမင်း (Vicky Bowman) က ပြောသည်။
“မူဘောင်ရှိရင် အများပြည်သူ အတွက် ပိုမို အဓိပ္ပာယ်ရှိတဲ့ သက်ရောက်မှုတွေ ဖြစ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းတွေကို အိန္ဒိယ၊ ထိုင်း၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေက ဦးစီးခေါင်းဆောင်ပြီး လုပ်နေကြာတာတွေ တွေ့နေရတယ်” ဟုလည်း သူက ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ချက် ကဲ့သို့သော ဥပဒေဆိုင်ရာ အခြေခံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ဆုံးဖြတ်ချက်ချထားသည့် ရင်းနှီးမြှုပ်နှံသူ အနည်းငယ်သာ ရှိကြောင်းကိုလည်း နိုင်ငံတကာ ဂျူရီလူကြီးများကောင်စီမှ ရှောင်ဘိမ်းက ပြောသည်။
မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ရေး လုပ်ထုံး လုပ်နည်းများသည် ပြည်တွင်း ဥပဒေ မူဘောင် ဖြစ်နေသည်။ ၎င်းသည် ကြီးမားသော ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် မဟာဗျူဟာကျသော သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်များကို လုပ်ဆောင်နိုင်စေသည်။
BRI စီမံချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှု မရှိပေ။ ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမ အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့သည် ၂၀၁၇ ခုနှစ် မေလက လက်မှတ်ရေးထိုးခဲ့သည်။
ထိုနားလည်မှု စာချွန်လွှာတွင် မည်သည့် အချက်အလက်များ ပါဝင်သည်ကိုမူ အများပြည်သူတို့ မသိရှိရပေ။
ဥပဒေအရ မေးခွန်းထုတ်စရာဖြစ်နေ
“မြန်မာနိုင်ငံမှာ လုပ်တဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု အစီရင်ခံစာတွေက ပွင့်လင်းမြင်သာမှု မရှိဘူး။ အကဲဖြတ်ချက်တွေကို ထုတ်ပြန်တာ ရှားတယ်။ အကဲဖြတ်ချက်ကို ဖွင့်ချပြပြီး ဆွေးနွေးတိုင်ပင်တဲ့ လုပ်ငန်းတွေကို ဥပဒေအရ လိုအပ်ရင် လိုအပ်သလို လုပ်ဆောင်နိုင်ဖို့ မြန်မာအစိုးရက လုပ်မထားဘူး” ဟု ဗစ်ကီဘိုးမင်းက ပြောသည်။
” မြန်မာနိုင်ငံက စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အဆင့်ဆင့်ကို ကိုင်တွယ် လျှော့ချခြင်း စနစ်မျိုး မရှိသေးဘူး” ဟုလည်း သူက ပြောသည်။ ထို စနစ်သည် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကြီးများတွင် ဇီဝမျိုးကွဲ စုံလင်မှုကို တတ်နိုင်သမျှ မထိခိုက်အောင် အထောက်အကူပြုသည်။ အခြားအဆင့်များမှာ ပြန်လည် ထူထောင်ခြင်းနှင့် လျှော့ချခြင်းနှင့် နောက်ဆုံး ထိခိုက်မှု အတွက် ပေးလျှော်စေခြင်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံမှ ဥပဒေများသည် နိုင်ငံများ လိုက်နာရန် လိုသော နိုင်ငံတကာ အေဂျင်စီများ၏ စံနှုန်းများကို ပြည့်မီခြင်းလည်း မရှိပေ။
မည်သည့် စီမံကိန်းကြီးများ မဆိုကို ဥပဒေနှင့် မညီညွတ်ဘဲ လုပ်ကိုင်နေခြင်း ဖြစ်နိုင်ပြီး မြန်မာနိုင်ငံ၏ သဘာ၀ ပတ်ဝန်းကျင်၊ အများပြည်သူများနှင့် အနာဂတ်တွင် တရုတ်နိုင်ငံ၏ ဂုဏ်သတင်းကို ပြန်လည် ပြုပြင်မရနိုင်လောက်အောင် ထိခိုက်စေသည်ဟု ရှောင်ဘိမ်းက ဆိုသည်။
အဖြေများ
ထိခိုက်မှုများကို ရှောင်ရှား၊ လျှော့ချရန် အတွက် ဆွေးနွေးခြင်းနှင့် ပြန်လည် ပြင်ဆင်ခြင်း အပါအဝင် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့၏ စံနှုန်းများ အတိုင်း ပြုလုပ်သော လေ့လာမှုများနှင့် အတူ မြန်မာနိုင်ငံ၏ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု အကဲဖြတ်ခြင်း ဆိုင်ရာ မူဘောင်များ အတိုင်း အခြေခံ အဆောက်အအုံများကို စီမံကွပ်ကဲနိုင်ရေး စီစဉ်ရေးဆွဲတည်ဆောက်ပါက ပြဿနာများကို ရှောင်ရှားနိုင်မည် ဟု ဗစ်ကီဘိုးမင်းက တိုက်တွန်းပြောဆိုသည်။
“လတ်တလော မြန်မာနိုင်ငံမှာ အစိုးရ စွမ်းဆောင်ရည် အားနည်းလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်မှု မရှိသလို ဒီအခြေအနေကနေ မကြာခင်မှာ ပြောင်းလဲသွားနိုင်တဲ့ အလားအလာလည်း မရှိဘူး” ဟုလည်း ဗစ်ကီဘိုးမင်းက ပြောသည်။
ထို့အပြင် စီမံကိန်း ဆောင်ရွက်သူများသည် ပွင့်လင်းမြင်သာမှုနှင့် စစ်မှန်သော သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးကို စိတ်ဝင်စားမှု မရှိကြ ဟုလည်း သူက ပြောသည်။ ရပ်ရွာအသိုင်းအဝန်းများနှင့် အခြားသော ပါဝင်ပတ်သက်သူများတွင် နိုးကြားမှု နည်းပါးခြင်းနှင့် ဇီဝမျိုးကွဲစုံလင်မှုနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ မရှိခြင်း တို့ကြောင့်လည်း အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။
မြန်မာ အစိုးရသည် အဓိကအားဖြင့် တာဝန်ရှိသော်လည်း အစိုးရချင်း လုပ်ဆောင်သည့် စီမံကိန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံသူများသည် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်လျှင် ဖြတ်လမ်း မလိုက်သင့်ကြောင်းလည်း ဆိုသည်။
“နိုင်ငံရဲ့ ရေရှည် အကျိုးအတွက် ဒီလိုစီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ အစိုးရက သူတို့ကို ကူညီပေးသင့်တယ်” ဟုလည်း သူက ပြောသည်။
ကမ္ဘာ့ သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) အနေဖြင့် သဘာ၀၀န်းကျင် ပျက်စီးမှု အခြေအနေ မဆိုးဝါးမီ လုပ်ဆောင်မည့် စီမံကိန်းများနှင့် ထိတွေ့ဆက်ဆံနိုင်မည်ဟု မျှော်လင့်နေသည်။
“တခြားနိုင်ငံတွေမှာ မှားတဲ့ အမှားမျိုးကို ဒီမှာ ထပ်မှားစရာ မလိုဘူး။ သူတို့တွေက စီးပွားရေး အကျိုးအမြတ်ကိုပဲ ကြည့်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ကြတယ်” ဟုလည်း ဟယ်ဆင်ဂျန်က ပြောသည်။
“ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ ဂေဟစနစ်ပျက်စီးမယ့် အန္တရာယ်ကို ကာကွယ်ဖို့ အတွက် အခွင့်အလမ်းက ရှိနေပြီ။ တရုတ်အစိုးရနဲ့ မြန်မာ အစိုးရက ဒီ အခွင့်အရေးကို ယူမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူက ပြောသည်။
(www.chinadialogue.net တွင်ဖော်ပြထားသည့် Kayleigh Long ၏ Myanmar road corridors threaten land and livelihoods ကို ဘာသာပြန်သည်။)