ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ – YCDC ကို မြို့တော်နေသူ ၅ သန်းကျော်၏ အခွန်များဖြင့် စီးပွားရေးလုပ်ကိုင်ရန် အဆိုပြုသော ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရှုတ်ချလိုက်သည်။
၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်ကို မူကြမ်းရေးဆွဲခဲ့သည်။
ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ တည်ဆဲ ၁၉၂၂ ခုနှစ် ရန်ကုန်မြို့တော် မြူနီစပယ် အက်ဥပဒေနှင့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေ တို့ကို ပြုပြင်ရန် လိုနေသောကြောင့် ၎င်းတို့ကို အစားထိုးရန်ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။
ထိုဥပဒေ မူကြမ်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ကိုယ်စား မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုသို့ လွှတ်တော်သို့ မတင်သွင်းခင် ကနဦး မူကြမ်းတွင်ပင် မြို့ပြစီမံကိန်း စီမံခန့်ခွဲမှုဆိုင်ရာ ပြဌာန်းချက်များ အားနည်းနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၏ ကိုယ်ကျိုးစီးပွားများကို တားဆီးသော ပြဌာန်းချက်များလည်း မပါဝင်ဟု ဗိသုကာနှင့် မြို့ပြစီမံကိန်းရေးဆွဲသူများက ယခင်လတွင်လည်း ဝေဖန်ခဲ့ဖူးကြသည်။
ယခု တင်သွင်းသည့် ဥပဒေကြမ်း ပုဒ်မ ၂၃ အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဆောက်လုပ်ရေး၊ အပမ်းဖြေလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ရှိသည် ဆိုထားသည်။
“ဒါ အဓိပ္ပါယ်မရှိဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဟာ ပြည်သူတွေကို စည်ပင်နဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေ ပေးဖို့ပဲ။ ငွေရှာဖို့မဟုတ်ဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
မြို့တော်စည်ပင်အနေနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ဆန့်ကျင်ကြောင်း နှင့် ထိုပုဒ်မကို မူကြမ်းမှ ပယ်ဖျက်ရန် လွှတ်တော်တွင် ပြောကြားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ဆိုသည်။
“ သူတို့လုပ်ရမှာက ရသင့်ရထိုက်တဲ့ အခွန်ကို ကောက်ပြီး ပြည်သူတွေကို ဝန်ဆောင်မှုပေးရမှာ” ဟုလည်း သူက ဝေဖန်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်ဝန်က ဦးဆောင်သည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တာဝန်ခံရသည်။ ဝင်ငွေကို ဆောက်လုပ်ရေးလုပ်ငန်းများမှသည် အများပြည်သူ သန့်စင်ခန်း လုပ်ငန်းလုပ်ကိုင်သူများနှင့် လမ်ဘေးဈေးသည်များအထိ အသီးသီးထံမှ အခွန်အခများ ရရှိကာ မြို့ပြစီမံကိန်းများ၊ မြေယာစီမံခန့်ခွဲမှုများ၊ မြူနီစပါယ်ဝန်ဆောင်မှုများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခြားသော လုပ်ငန်များ လုပ်ကိုင်ရန်အတွက် တာဝန်ရှိသည်။
သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် စနစ်တကျ မြို့ပြစီမံခန့်ခွဲနိုင်စွမ်း မရှိသောကြောင့် မြို့တော်သူမြို့တော်သား ၅.၂ သန်းအပေါ် ဆိုးကျိုးများဖြစ်စေသည့် စည်းကမ်းနှင့် မညီသော မြို့ပြစီမံကိန်းများကို ထိန်းချုပ်ရန် ပျက်ကွက်ခြင်းနှင့် အဂတိလိုက်စားခြင်းဖြင့် နာမည်ပျက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
စည်ပင် ဥပဒေသစ်မူကြမ်း ရေးဆွဲနေကြောင်း ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် သတင်းများ ထွက်ပေါ်လာသောအခါ မြို့တော်ရှိ ဗိသုကာ နှင့် မြို့ပြစီမံကိန်း ရေးဆွဲသူများအကြား စိတ်အားထက်သန်မှုများ ဖြစ်ခဲ့ကြပြီး ဥပဒေသစ်တွင် စနစ်ကျသော မြို့ပြစီမံကိန်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ ဥပဒေမူကြမ်း သုံးသပ်ရေးကော်မတီကလည်း ၎င်းတို့ကိုု ဖိတ်ခေါ်ပြီး အကြံဉာဏ်များ တောင်းခံခဲ့သည်။
“ဒီဥပဒေဟာ ရန်ကုန်ကို ဘယ်လိုပုံစံမျိုးဖြစ်ချင်သလဲဆိုတဲ့ ရည်မှန်းချက် vision အပေါ် အခြေခံဖို့လိုတယ် ဆိုပြီး ကျမတို့က အကြံပြုခဲ့တယ်။ အဲဒီအချက်ဟာ ဒီဥပဒေရဲ့ အဓိက ကျောရိုး ဖြစ်ရမှာ။ အခုတွေ့ရတဲ့ ဥပဒေက ထင်ထားတာနဲ့တခြားစီပဲ” ဟု မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ အမှုဆောင် အဖွဲ့ဝင် နှင့် ဥပဒေကြမ်း သုံးသပ်ရေးကော်မတီ ဝင်တဦးဖြစ်သူ ဒေါ်လှစုမြတ်က ပြောသည်။
ဝေဖန်သူများက ဥပဒေပုဒ်မ ၂၃ (ခ) ကိုလည်း ထောက်ပြကြပြီး ထို ပုဒ်မတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့ပြစီမံကိန်း၊ အဆောက်အအုံ၊ လမ်းနှင့်တံတား၊ ရေရရှိရေးနှင့် ရေပေးဝေရေး၊ ရေစီးရေလာ နှင့် ရေဆိုး စီမံခန့်ခွဲမှု အပါအဝင် အခြား အာဏာပိုင်အဖွဲ့များကို ဖွဲ့စည်းနိုင်ကြောင်း ဆိုထားသည်။
ထိုသို့ ဖွဲ့စည်းရာတွင် အချို့သော အာဏာပိုင်အဖွဲ့များအတွက် အဆိုပြု လုပ်ငန်းနယ်ပယ်သည် လုပ်ငန်းသဘောအရ ၎င်းတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသလို၊ လုပ်ငန်းသဘောအရ တဖွဲ့တည်းဖြစ်သင့်သည့် အာဏာပိုင်အဖွဲ့ကို ၂ ဖွဲ့ခွဲ့ထားသည်ဟု ဒေါ် လှစုမြတ်က ရှင်းပြသည်။
ထိုသို့ အာဏာပိုင် ၂ ဖွဲ့ ကွဲနေသောကြောင့် ၎င်းတို့အတွင်း သဘောထား တိုက်ဆိုင်မှုမရှိလျှင် လုပ်ငန်းနှောင့်နှေးကြန်ကြာမှုများ ဖြစ်လာနိုင်သည်ဟုလည်း ဆက်ပြောသည်။ လုပ်ငန်းသဘောသဘာဝ အရ အတူတူလုပ်ဆောင်သင့်သော လမ်းနှင့်ရေမြောင်း တည်ဆောက်မှုကို လုပ်ဆောင်ရန် လမ်း၊တံတား အာဏာပိုင် နှင့် ရေစီး ရေလာနှင့် ရေဆိုး အာဏာပိုင်ဟု အဖွဲ့ ၂ ဖွဲ့ မဟုတ်ဘဲ တခုတည်းဖြစ်သင့်ကြောင်း၊ အဆိုပြုထားသကဲ့သို အဆောက်အအုံအာဏာပိုင်သည် မြေခွဲဝေခြင်းအတွက် တာဝန်မရှိသင့်ဘဲ မြို့ပြစီမံကိန်း အာဏာပိုင်တွင်သာ တာဝန်ရှိသင့်ကြောင်း ဥပမာအနေဖြင့် သူထောက်ပြသည်။
“အောင်မြင်တဲ့ မြို့ပြစီမံခန့်ခွဲမှုအတွက် ဒီဥပဒေ က အထောက်အကူမပြုနိုင်ဘူး” ဟုလည်းသူပြောသည်။
ထိုမူကြမ်းသည် မြို့တော ်နှင့် မြို့တော်နေသူများ၏ ဘဝများကို စီမံမည်ဖြစ်သောကြောင့် ၎င်းတွင် ရန်ကုန်နှင့် ပတ်သက်သော အနာဂတ် အမြင် ပါဝင်သင့်ကြောင်း မြို့ပြစီမံကိန်း ပညာရှင် ဒေါ်မိုးမိုးလွင်က ပြောသည်။
“ကျမတို့တွေ ဘယ်လိုမြို့တော်မျိုးရလာမယ်ဆိုတာကို ဒီဥပဒေက အဆုံးအဖြတ်ပေးမှာ” ဟုလည်း သူဆိုသည်။
ဥပဒေကြမ်း သုံးသပ်ရေးကော်မတီသည် ဗုဒ္ဓ ဟူးနေ့က ထိုမူကြမ်းနှင့်ပတ်သက်သည့် အစီရင်ခံစာကို တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ထိုအစီရင်ခံစာက အာဏာပိုင်အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ၏ တာဝန်များနှင့် ဖွဲ့စည်းပုံများ ရှင်းလင်းမှု မရှိကြောင်း ထောက်ပြထားသည်ဟု ဆိုသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း နေထိုင်ကြသော ပြည်သူများအတွက် အရေးပါသောဥပဒေကြမ်း တရပ်ဖြစ်၍ လွှတ်တော်အတွင်း ဆွေးနွေးသင့်ကြောင်း” ဟု ထိုအစီရင်ခံစာက ဆိုသည်။
လွှတ်တော်သည် ထိုဥပဒေကြမ်းကို ဆွေးနွေးရန် ရက်သတ်မှတ်ရခြင်း မရှိသေးသော်လည်း အကြံပြုလိုသော မည်သည့် လွှတ်တော်ကိုယ်စားလှယ်မဆိုသည် ကြာသပတေးနေ့နောက်ဆုံးထားပြီး စာရင်းပေးရမည်ဖြစ်သည်။
သူမသည် အကြံပြုရန် စာရင်းပေးထားပြီးဖြစ်ကြောင်းနှင့် အကြံပြုချက်များကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
“ဒီလို ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရနေချိန်မှာ အတည်ပြုခဲ့တယ်ဆိုပြီး အမဲစက် အထင်မခံနိုင်လို့ ဒီမူကြမ်းကို ပိုကောင်းအောင် ကျမတို့ လုပ်ရမယ်” ဟုလည်း ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ကျော်ဖြိုးသာ၏ Draft Municipal Law for Yangon Draws Fire from Lawmakers, Urban Planners ကို ဘာသာပြန်သည်။)