ငါးသယံဇာတပေါများရေး ငါးမျိုးဆက်ရှင်သန်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ် အထက်ပိုင်းရှိ နေရာအချို့၌ ငါးမဖမ်းရဇုန်များ သတ်မှတ်ရန် စီစဉ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ချင်းတွင်းမြစ်အထက်ပိုင်း နေရာ ၃ ခုဖြစ်သည့် ခန္တီးမြို့နယ်အတွင်းရှိ လင်းဖားကျေးရွာ၊ ပဒူမုန်းကျေးရွာနှင့် ဟုမ္မလင်း မြို့နယ်ရှိ ထွက်ဝကျေးရွာအနီး မြစ်ချောင်းများ၌ ငါးလုပ်ငန်းဦးစီးဌာန၊ လိပ်မျိုးဆက်ရှင်သန်ရေး အဖွဲ့၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (မြန်မာ နိုင်ငံအစီအစဉ်)၊ ငါးပညာရှင်အဖွဲ့ (FishBio ) စသည့် အဖွဲ့တို့က ဒေသခံများ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။
ယင်းအစီအစဉ်ကို လာမည့် မိုးရာသီအမှီ သတ်မှတ်နိုင်ရန် သုတေသနပြုလုပ်ခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်နေ ကြောင်း လိပ်မျိုးဆက် ရှင်သန်ရေး အဖွဲ့မှ ဒါရိုက်တာ ဒေါက်တာကလျာက ပြောသည်။
“အခု လေ့လာမှုတွေလုပ်နေပါတယ်။ ငါးတွေဘယ်လို ပြန်ပေါလာအောင် လုပ်မလဲဆိုပြီး မြစ်ပြင် အနေအထားကို ကြည့် တယ်။ လူထုကိုလည်း ရေရှည်စားသုံးနိုင်အောင် ပြည်သူတွေ ဦးဆောင်ပြီးလုပ်တဲ့ အနောက်နိုင်ငံက နမူနာလေးတွေကို ရှင်းပြတယ်။ စိတ်ပါဝင်စားတဲ့ ကျေးရွာတွေမှာ ငါးမဖမ်းရတဲ့ ဇုန်တွေ ချင်းတွင်းမြစ်ရဲ့ တဖြတ်ပြီး တဖြတ် ပေ ၁ ထောင် ပေ ၂ ထောင်လောက်မှာ ငါးသားပေါက်လေးတွေ လွှတ်မယ်။ အဲဒီနေရာကို ငါးဘေးမဲ့ဇုန်လို့ သတ်မှတ်လိုက်ရင် ၅ နှစ်အတွင်း မှာ ငါးထွက်ရှိမှုက အရမ်းတက်လာမယ်” ဟု ရှင်းပြသည်။
အဆိုပါနေရာများတွင် ငါးမဖမ်းရ ဇုန်သတ်မှတ်ပြီးပါက မေလခန့်အတွင်း ဒေသမျိုးရင်း ငါးသားလောင်းများကိုသာ ထည့် သွင်း မည်ဖြစ်ကြောင်း သိရသည်။
“ငါးတွေ လွှတ်ပေးဖို့ မိုးရာသီ မတိုင်ခင် လုပ်ရပါမယ်။ ချင်းတွင်းမြစ်မှာပဲ ရှိတဲ့ သဘာဝငါးကိုပဲ ထည့်သွင်းမယ်။ ဧည့်သည် ငါးကို လွှတ်မပေးဘူး။ လွှတ်ပေးရင် တခြားငါးတွေရဲ့စားသုံးခြင်းခံရမယ်။ ရှိနေတဲ့ မျိုးစိတ်ရဲ့သားပေါက်လေးတွေ ထည့်ပေး မှာပါ” ဟု ဒေါက်တာကလျာက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ငါးမဖမ်းရဇုန်များကို ဒေသခံပြည်သူများက ဦးဆောင်ကာ ပြုလုပ်ရမည် ဖြစ်သောကြောင့် စီမံခန့်ခွဲနိုင်ရေးအတွက် ဒေသခံကော်မတီများဖွဲ့ခြင်းနှင့် ငါးသယံဇာတ ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းတို့အတွက် နည်းပညာများ ကူညီပေး မည် ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးဟရဲကုန်းက ဧရာဝတီသို့ ပြောသည်။
“ဟောပြောပွဲတွေကို ဒေသခံတွေအတွက် ဟောပြောပေးတယ်။ ဒီလုပ်ငန်းကို အနီးစပ်ဆုံး ကျေးရွာတွေကဒေသခံတွေနဲ့ ကော်မတီဖွဲ့ပြီးတော့ ပါဝင်ပူးပေါင်းလာနိုင်မှ လုပ်ငန်းက စလို့ရမှာ။ ပထမဆုံးအကြိမ်ဆိုတော့ သူတို့ကလည်း စဉ်းစားနေ တုန်းပါ။ သူတို့လုပ်တော့ လုပ်ချင်တဲ့ အနေအထားတွေ့ရပါတယ်” ၎င်းကဆိုသည်။
ငါးမဖမ်းရဇုန်များ သတ်မှတ်ခြင်းဖြင့် ၁ ကောင်လျှင် ဥရေ ၂ သိန်းခန့်အထိ ဥနိုင်သော ငါးများ ထည့်ပေးခြင်းဖြင့် ဖမ်းဆီး မခံရသည့်အတွက် အဆိုပါ ဒေသတွင် အလျင်အမြန် ဖြစ်ထွန်းလာပြီး ငါးသယံဇာတ ပြန်လည်တိုးပွားရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းဒေသများတွင် ၁ နေ့လျှင် ပျမ်းမျှ ငါးဖမ်းဆီးရမိနှုန်းမှာ အလွန်နည်းပါးလာနေပြီဖြစ်ကြောင်း ကွင်းဆင်းလေ့လာမှု များပြုလုပ်ခဲ့သည့် လိပ်မျိုးဆက်ရှင်သန်ရေး အဖွဲ့မှ သိရသည်။
ငါးသယံဇာတ ရှားပါးလာရခြင်းအကြောင်းများ၌ ဘတ္ထရီရှော့တိုက်ငါးဖမ်းခြင်း၊ အဆိပ်ချ ငါးဖမ်းခြင်း၊ မိုင်းဗုံးချ ငါးဖမ်းခြင်း စသည့် တရားမဝင်နည်းလမ်းများဖြင့် ငါးဖမ်းခြင်းများအပြင် ချင်းတွင်းမြစ်ရေ နောက်ကျိခြင်းတို့ကြောင့် ငါးအမြောက်အမြား သေဆုံးခဲ့ရကြောင်း ဦးဟရဲကုန်းက ပြောသည်။
တရားမဝင်နည်းလမ်းများဖြင့် ငါးဖမ်းခြင်းများကို ဥပဒေဖြင့် တားမြစ်ထားသကဲ့သို့ ဟောပြောပွဲများ ပြုလုပ်ပြီး အသိပညာ ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ရှော့တိုက်လုပ်ငန်းတို့ ဆေးချလုပ်ငန်းတို့ မလုပ်စေဖို့ အသိပညာပေးဟောပြောပွဲတွေ လုပ်နေပါတယ်။ ဒေသခံ တွေက နေပြီးတော့ ငါးမျိုးတွေ ထိန်းသိမ်းတဲ့အပိုင်းမှာ ပါဝင်ပြီးတော့ လုပ်မယ်ဆိုရင် လုပ်ငန်းကပိုအောင်မြင်ပြီး ရှေ့ရောက်မယ် လို့ ယုံကြည်ပါတယ်” ဟုဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရေချိုငါးလုပ်ငန်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅ တွင် မည်သည့် ရေချိုငါးကိုမဆို ရှော့တိုက်ငါးဖမ်းခြင်း မပြုလုပ်ရန် ၊ ဆေးခတ်ငါးဖမ်းခြင်း မပြုလုပ်ရန် ပြဋ္ဌာန်းထားပြီး ပြုလုပ်ပါက ထောင်ဒဏ်သုံးနှစ် နှင့် ငွေဒဏ်သုံးသိန်းဖြစ် စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရန် ပြဋ္ဌာန်းထားသည်။