ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင်ဒေသ တရားမဝင်သတ္တုတူးဖော်နေမှုများကို သက်ဆိုင်ရာ အစိုးရအနေဖြင့် ထိရောက်စွာကိုင်တွယ်ထိန်းချုပ်ပေးရန် ဒေသခံအရပ်အဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
နီကယ်သတ္တုထွက်ရှိရာ မြွေတောင်ဒေသသို့ ဖေဖော်ဝါရီ ၁၃ ရက်က ဒေသခံအချို့နှင့် အထက်ချင်းတွင်း လူငယ်ကွန်ရက် ချင်းတောင်သယံဇာတစောင့်ကြည့်ရေးအဖွဲ့တို့မှ ပူးပေါင်းအဖွဲ့အနေဖြင့် တက်ရောက်လေ့လာခဲ့ရာတွင် တရားမဝင် သတ္တု ထုတ်ယူနေမှုများကို တွေ့ရှိခဲ့ရသောကြောင့် ယင်းသတ္တုတူးဖော်မှုကို ပွင့်လင်း မြင်သာစွာ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် လုပ် ကိုင် ဆောင်ရွက်ရန် သက်ဆိုင်ရာအစိုးရများသို့ တင်ပြသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များမှ သိရသည်။
အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက “သတ္တုစီမံကိန်းက ရပ်ဆိုင်းထားတော့ ကုမ္ပဏီတွေက ဒေသခံ တွေကို မက်လုံးပေးပြီး တဆင့်ခံပုံစံနဲ့ ထုတ်ယူနေကြတာပေါ့၊ ဒါကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းသွားပါမယ်” ဟု ပြောသည်။
မြွေတောင်ဒေသတွင်း တရားမဝင်သတ္တုတူးဖော်စုဆောင်းနေသူများအနေဖြင့် ယခင် စမ်းသပ်တူးဖော်ခဲ့သည့် အပိုင်းအစ များအား ထုတ်ယူကာ ရောင်းချနေကြခြင်းဖြစ်ကြောင်း မြွေတောင်အနီး ညောင်ကုန်းကျေးရွာမှ ဒေသခံ ဦးကိုလှိုင်က ပြောသည်။
ဦးကိုလှိုင်က “ဒါတွေက တဦးတယောက်တည်းရဲ့ ခံစားပိုင်ခွင့်မဟုတ်ဘူး။ အားလုံးနဲ့ဆိုင်ပါတယ်။ မနေ့က တူးဖော်တဲ့ အလုပ်သမားခေါင်းဆောင်နဲ့တွေ့တော့ နောက်မတူးတော့ဘူးလို့တော့ ပြောတယ်။ သူ့ကို နောက်ကွယ် ပိုက်ဆံပေးပြီး တူးခိုင်းတာ ဘယ်သူဆိုတာတော့ မပြောသွားဘူး” ဟု ဆိုသည်။
မြွေတောင်၊ ဖားတောင် နီကယ် သတ္တုတူးဖော်ရေး စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စီမံကိန်းဆောင်ရွက်ရန် တရုတ်အခြေစိုက် North Mining Investment Company (NMIC) ကုမ္ပဏီ လုပ်ငန်းစုနှင့် အစိုးရအကြား သဘောတူညီမှု ရရှိခဲ့သော်လည်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ချင်းနိုင်ငံရေးပါတီများ၏ တောင်းဆိုမှုကြောင့် ၂၀၁၃ ခုနှစ်တွင် စီမံကိန်း ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
မြွေတောင်၊ ဖားတောင်ဒေသ၌် နီကယ်နှင့် သံရော သတ္တုရိုင်းသိုက် ၃ သိုက်တည်ရှိပြီး ၎င်းသိုက်များတွင် နီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသည့် သတ္တုရိုင်းစုစုပေါင်း မက်ထရစ်တန်ချိန် ၄၂ သန်းကျော်ရှိနိုင်သည့် အနေအထားတွင် သန့်စင်ပြီး နီကယ်သတ္တု မက်ထရစ်တန်ချိန် ၆ သိန်းနီးပါးအထိ ထုတ်ယူနိုင်မည်ဟု NMIC ကုမ္ပဏီမှ ခန့်မှန်းခဲ့သည်။
မြွေတောင်ဒေသတွင်း တရားမဝင်သတ္တုတူးဖော်ထုတ်ယူမှုများကို ၂၀၁၅ ခုနှစ်မှ စတင်ကာ ပိုမိုများပြားလာသည်ကိုတွေ့ရ ကြောင်းနှင့် ယင်းသို့တရားမဝင်တူးဖော်မှု အချက်အလက် အထောက်အထားများကိုလည်း ပြည်ထောင်စုအစိုးရ အဆင့်အ ထိ တင်ပြသွားမည်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
မြွေတောင်၊ ဖားတောင်ဒေသသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစပ်တွင် တည်ရှိပြီး တရားမဝင်တူးဖော် ထားသည့် နီကယ်သတ္တုရိုင်းတုံးများကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ တဆင့် သယ်ယူရောင်းချမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။