ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေးမ ဒေါ်နီလာဝင်း (ခ) နီလာခိုင်(၃၇) နှစ် အသတ်ခံရမှု နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ဦးမောင်ပုမှ ၎င်းကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရ သည်။
ဒေါ်နီလာဝင်း(ခ) နီလာခိုင်မှာ ပုသိမ် လင်းဝင်းကြီး အုပ်စု ရေသိုးကုန်းရွာ နေအိမ်တွင် နေထိုင်စဉ် ထိုး သွင်းရိုက်နှက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဖခင်ဖြစ်သူ ဦးမောင်ပုက တွေ့ရှိခဲ့ရာ ဇန်နဝါရီလ ၁၇ရက်နေ့က တရားလိုအဖြစ် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထိုနောက် ရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်အရ ဖခင် ဦးမောင်ပုမှာ ဒေါသအလျှောက် သမီးဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဝန်ခံကြောင်းသိရသည်။
“ဦးမောင်ပုက သူ့သမီးကို သူသတ်တာပါလို့ ရဲတပ်ဖွဲ့ဆီမှာ ဝန်ခံလိုက်တယ်။ အဲဒီလို ဝန်ခံလို့ မနေ့က အခင်းဖြစ်နေအိမ်မှာ သမီးအတွက် တလပြည့် သပိတ်သွပ်အလှူလုပ်ပြီးတော့ လူသတ်မှု ကျူးလွန်ခဲ့ တဲ့ ပုံစံအတိုင်း ရဲတွေရှေ့မှာ ပြန် လည် သရုပ်ပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်”ဟု လူသတ်မှုတရားခံ ဖော်ထုတ်ရေးတွင် ဝိုင်းဝန်းကူညီပေးခဲ့သူ လင်းဝင်းကြီး ကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
ဒေါ်နီလာခိုင်သတ်ဖြတ်ခံရမှုအား တရားခံဖော်ထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့အား မီဒီယာများမှ မေး မြန်းခဲ့သော်လည်း ရဲလုပ်ငန်းစဉ်များ မပြီးဆုံးသေးသည့်အတွက် အင်တာဗျူး မဖြေနိုင်သေးကြောင်းနှင့် မကြာမီတွင် သတင်းအပြည့်အစုံကို တရားဝင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးခင်မောင်စိုးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက် ညနေ ၆ နာရီခန့်တွင် ဒေါ်နီလာခိုင်နှင့် ဖခင်ဖြစ်သူ ဦးမောင်ပုတို့ ၂ ဦး တည်း နေထိုင်သည့် နေအိမ်၌ သမီးဖြစ်သူ ဒေါ်နီလာခိုင်သေဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးမောင်ပု၏ သတင်းပေးချက်အရ ပုသိမ်မြို့တဖက် ကမ်း သင်္ဘောကျင်းရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သွား ရောက်စစ်ဆေးခဲ့ရာ သူမ၏နေအိမ် အိမ်သာ အတွင်းထိုး သွင်းရိုက်နှက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းမှာ ဦးခေါင်းတွင် ထုရိုက်ဒဏ်ရာ၊ ကျောပြင်တွင် ဓားခုတ်ဒဏ်ရာ၊ ညာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ၊ မျက်နှာ တွင် ဓားဖြင့်ခုတ်ထစ် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သစ်သားငရုတ်ကျည်ပွေ့တချောင်းနှင့် ဓားမြောင် အတိုတချောင်း တွေ့ရှိရသည့် အတွက် သင်္ဘောကျင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ အမှုနှင့် ပတ်သက်သည့် မသင်္ကာ သူများအား ခေါ်ယူစစ်ဆေးခဲ့ရာတွင် ဖခင်ဖြစ်သူ ဦးမောင်ပုကိုပါ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ဦးမောင်ပုမှ ၎င်းသတ်သည်ဟု ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖခင်ဖြစ်တဲ့ ဦးမောင်ပုက တရားလိုဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့ ချက်ခြင်း ဖမ်းစစ်ဖို့ အဆင်မပြေ ဘူးလေ။ သူ့ကိုခေါ်စစ်လိုက် ပြန်လွှတ်ပေးလိုက်နဲ့ စစ်ရင်းကနေ ဦးမောင်ပုသတ်တဲ့ သဲလွန်စတွေ တွေ့ရတဲ့အချိန်မှာ တခါတည်း ဖမ်းဆီးထိန်းသိမ်းပြီး တရားရုံး ရမန်ယူပြီးတော့ စစ်တော့မှ သူ့အနေနဲ့ သမီးနဲ့စကားများရင်းကနေ ဒေါသအလျှောက် သတ်မိပါတယ်လို့ ဝန်ခံ တော့တာ”ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
အခင်းဖြစ်ပွားသည့် ဇန်နဝါရီလ ၁၇ ရက် ညနေက ပုသိမ်မြို့ ကင်မလင်းကျွန်းရပ် ကွက်တွင် ဝယ်ယူ သည့် မြေကွက် ကိစ္စ နှင့် ပတ်သက်၍ သားအဖနှစ်ဦး စကားများရာမှ ဖခင်ဦးမောင်ပုမှာ အနီးရှိ ငရုတ် ကျည်ပွေ့ဖြင့် သမီးဖြစ်သူအားထုခဲ့ရာ သတိလစ်သွားချိန်တွင် ပန်းကန်စင်ပေါ်ရှိ ဓါးမြောင်ဖြင့် ရင်ဘတ်သို့ ၆ ချက်ထိုးခဲ့ပြီး ထင်းခုတ်ရဲဒင်းဖြင့် ဦးခေါင်း၊ မျက်နှာ နှင့် ကျောပြင်များ ကို ခုတ်ခဲ့ပြီး နောက် သွေးများကို ရေစင်အောင်ဆေး၍ အလောင်းကို အိမ်သာ ထဲသို့သွားရောက်ထား ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အသိပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးမောင်ပုမှ ဝန်ခံထွက်ဆို ခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သမီးဖြစ်သူ ဒေါ်နီလာခိုင်ကို သတ်ဖြတ်မှုဖြင့် ဖခင် ဦးမောင်ပုအား ပုသိမ်မြို့တဖက်ကမ်း သင်္ဘော ကျင်း ရဲစခန်းတွင် ပြစ်မှုနံပါတ် ၁၇/၂၀၁၈ ၊ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ကာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ပုသိမ်ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ ဝန်ထမ်းအမျိုးသမီးတဦး နေအိမ်တွင် အသတ်ခံရ