စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နန့်သဲလုံချောင်း အတွင်းရှိ ရပ်နားထားသော ရွှေတူးသည့် ရေမျှော လုပ်ကွက် ၅ ခုကို ဟုမ္မလင်းမြို့နယ် ရဲစခန်းမှူး ကြည်စိုး ဦးဆောင်သော ရဲဝန်ထမ်းများက လာဘ်ငွေတောင်းခံမှု ပြုလုပ် ကြောင်း ငွေတောင်းခံရသော ကာယကံရှင်များက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ငွေပေးလိုက်ရသော ရေမျှောပိုင်ရှင် ဦးအောင်ဝင်း အပါအဝင် ၃ ဦးက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် တို့ထံ အရေးယူပေးရန် စာတင်၍ တိုင်ကြားခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် အမှတ်-၂ မဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင် က “ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ချင်လို့ ဒီကိစ္စကို ကျနော်ကိုယ်တိုင် လုပ်ပေးနေပါတယ်။ မှန်မှန်ကန်ကန်နဲ့ ဒါကို ဖြစ်စေ ချင်တယ်။ တိုင်းရုံးကို စာတင်တယ်။ ဝန်ကြီးချုပ်နဲ့ နယ်လုံကို တင်ထားတယ်။ ဒီကိစ္စကို စစ်နေတုန်းပဲ ရှိသေး တယ်။ လာဘ်ပေး လာဘ်ယူမှု အမှန်အတိုင်း ဖြစ်စေချင်တယ်”ဟု ပြောသည်။
လက်ရှိတွင် ခရိုင်ရဲမှူးများ ပါဝင်သော အဖွဲ့တဖွဲ့က ဖေဖော်ဝါရီ ၄ ရက်က ငွေတောင်းခဲ့သည် ဆိုသော ရဲဝန်ထမ်းများ နှင့် ငွေတောင်းခံရသည် ဆိုသူများကို စစ်ဆေးခဲ့ကြပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးသွား ရန် ပြင်ဆင်နေသည်ဟုလည်း ၎င်းက ပြောဆိုသည်။
တိုင်ကြားသူ ၃ ဦးထဲမှ အမည်မဖော်လိုသူ တဦးက “ကားတွေနဲ့ ဝင်လာကျပြီးတော့ ဖမ်းတယ်။ အခု မျှောက ရပ်ထား တာ မတိုက်လည်း မတိုက်ဘူး။ ခဏခဏပေးနေရတာ။ အခု ကြိုးတွေ ခုတ်ဖြတ်သွားတယ်။ ဖိုက်ပါ ကြိုးတွေလည်း ခုတ်ဖြတ်ပြီး ရေထဲပစ်သွားတယ်။ မျှောထဲမှာ ရှိတဲ့ ကြက်တွေ သတ်စားသွားတယ်။ စက်တွေလည်း ယူသွားတယ်။ တမျှောကို ကျပ် သိန်း ၂၀ တောင်းတယ်။ တခါလည်း မဟုတ်ဘူးဆိုတော့ ကျနော်တို့လည်း တိုင်လိုက်တာပါ”ဟု ပြော သည်။
ဦးအောင်ဝင်းပါ ၃ ဦးတို့ တိုင်ကြားသည့် စာထဲတွင် မာန်ဟုန် အုပ်စု၊ ခုန်တန်းကြီး အုပ်စု၊ နန့်ချောအုပ်စု စသည့် ၃အုပ်စု အဆုံ နန့်သဲလုံချောင်း အတွင်းရှိ ရပ်နားထားသော ရေမျှော ၅ မျှောကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဟုမ္မလင်းမြို့ ရဲစခန်းမှူး ကြည်စိုး ဦးဆောင်ပြီး ဟုမ္မလင်း မြို့ရဲစခန်းမှ ဒုရဲအုပ် ပြည့်စုံဖြိုး၊ နောင်ပိုအောင် နယ်မြေ ရဲကင်းမှူး သန်းလွင်၊ ဟုမ္မလင်းမြို့ ရဲစခန်းမှ ရဲတပ်သား အာပြဲ၊ နောင်ပိုအောင် ရဲကင်းမှ ရဲတပ်သား ချစ်ကိုကို၊ နောင်ပိုအောင် ရဲကင်းမှ ရဲတပ်သား စောဇက်၊ အရပ်ဘက်ရဲ သတင်းပေး ညွန့်သန်းတို့ အဖွဲ့ က လာရောက် ဖမ်းဆီးခဲ့ကြောင်း ပါရှိသည်။
ထို့နောက် ဖမ်းဆီးရာတွင် တမျှောလင် ကျပ် သိန်း ၂၀ တောင်း သဖြင့် ဦးအောင်ဝင်း ၂ မျှော ကျပ် သိန်း ၄၀၊ ဦးအောင်အေး ၂ မျှော သိန်း ၄၀၊ ဦးသိန်းတန် ၁ မျှော သိန်း၂၀ စုစုပေါင်း ကျပ် သိန်း ၁၀၀ တောင်းယူသွားခြင်းနှင့် အတူ တရုတ်အမျိုးအစား ရေစုပ်စက် ၂ လုံးထိုး ၅ လုံး ကာလတန်းကြေး ၂ လုံးထိုး တလုံးလျှင် ကျပ် ၁၃ သိန်းခွဲ စုစုပေါင်း ကာလ တန်းကြေး ကျပ် ၆၇ သိန်းခန့်၊ တရုတ်အမျိုးအစား ၆၅ ရေစုပ်စက် ၃ လုံး ကာလတန်ကြေး တလုံးလျှင် ကျပ် ၂ သိန်းခန့် စုစုပေါင်း ကျပ် ၆ သိန်း ခန့် တို့ကို ပေးလိုက်ရကြောင်း ဖော်ပြထားသည်။
ထို့ပြင် အသင့် ထည့်ထားသော ဒီဇယ် ၅ ဂါလန် ၈ ပုံး၊ ကာလတန်ကြေး ဒီဇယ် ၁ ပုံးလျှင် ကျပ် ၁၆၅၀၀ ခန့်၊ စုစုပေါင်း ကျပ် ၁ သိန်း ၃သောင်း ၂ ထောင်ခန့်၊ လက်ကိုင်ဖုန်း ၅ လုံး ခန့်မှန်းခြေ ကာလတန်ကြေး ဖုန်း ၁ လုံးလျှင် ကျပ် ၁ သိန်း ၈ သောင်းခန့် စုစုပေါင်း ကျပ် ၉ သိန်းခန့် တို့ကို ယူဆောင် သွားကြသည်ဟုလည်း ဆိုသည်။
အလားတူ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း နောင်ပိုအောင် နယ်မြေ ရဲစခန်းမှ ရဲတပ်သား ချစ်ကိုကို နှင့် နောက်လိုက် ၁ ဦးတို့ လာရောက် တောင်းသဖြင် ငွေ ကျပ် ၁၀ သိန်း ပေးလိုက်ရကြောင်း ဦးအောင်ဝင်း အပါအဝင် ၃ ဦး ၏ နယ်/လုံထံ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် အတွင်းရှိ ဒေသခံများသည် ရေမျှော၊ ကုန်းမျှော လုပ်ကွက်များကို တနိုင်တပိုင် လုပ်ကိုင်၍ ရွှေတူးဖော်မှုများ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။