ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့နယ် အတွင်း တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွား ခြင်းကြောင့် မြောင်ဇီး လူမျိုး ၁၅၀ နီးပါး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းနှင့် ၁၄ ရက်နေ့ နေ့လယ်ပိုင်းတို့၌ သိန်းနီမြို့နယ် ကောင်းကော်ကျေးရွာ အုပ်စု ဟိုဆော်ဟိုမွန်ရွာ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲကြောင့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုတွင် ပါဝင်သည့် မြောင်ဇီးလူမျိုး ၁၄၆ ဦးသည် ကောင်းကော် ကျေးရွာ ဘက်သို့ တိမ်းရှောင်လာခဲ့ကြောင်း သိန်းနီ မြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစိန်လူ က ဧရာဝတီသို့ ပြောသည်။
“မနေ့က ကောင်းကော်မှာ သူတို့ ၁၁ နာရီ ကျော်ကျော်လောက်ကို ရောက်လာတယ်။ ကျနော်တို့ကတော့ ရောက်လာ တဲ့ လူတွေကို စာရင်းကောက်တယ်။ နေထိုင်ဖို့၊ စားသောက်ဖို့ စီစဉ်ပေးတာပေါ့။ တခြား ဌာနဆိုင်ရာတွေနဲ့လည်း ချိတ် ဆက် ပေးပါတယ်။ ကျန်းမာရေး၊ ပညာရေးတို့ပေါ့။ ပညာရေးကတော့ စာမေးပွဲလည်း ဖြေပြီးသွားကြပြီ။ သူတို့မှာက မူလတန်းပဲ ရှိတယ်ဆိုတဲ့ အတွက်ကြောင့် ကျနော်တို့ ဘာမှလုပ်ပေးစရာ မလိုတော့ဘူး။ ၃ တန်းအောက်တွေပဲ၊ ၄ တန်း မရှိဘူး”ဟုလည်း ၎င်းက ပြောပြသည်။
ယင်းမြောင်ဇီး လူမျိုးများသည် တိုက်ပွဲ အခြေအနေအရ ခေတ္တခဏသာ တိမ်းရှောင်ကြရခြင်း ဖြစ်ကြောင်း သိန်းနီ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ပြောသည်။
သိန်းနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “တိုက်ပွဲ အခြေအနေကို ဒီဘက်မှာ စုံစမ်းလိုက်တဲ့အခါကြတော့ ခဏပဲ။ သူတို့လည်း ရွာသူ ရွာသားတွေကလည်း သိတယ်။ ကျနော်တို့ ခဏရှောင်ပေးရမလား သွားပြောတော့ ဟို (တပ်မတော်) ကလည်း ရှောင်ခိုင်းတာတော့ မဟုတ်ဘူး။ ခဏရှောင်ချင်လည်း ရှောင်လေဆိုတော့ ရှင်းလင်းတဲ့ အချိန်မှာ ရှောင်ပေးတာပါ။ သူတို့ ရွာထဲမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ရွာနဲ့နီးတော့ အသံတွေကြားနေရလို့ ခဏ တဖြုတ် ရှောင်လိုက်တာ”ဟုလည်း ပြောပြသည်။
တိုက်ပွဲ ရှောင်သူများတွင် ကျား ၇၅ ဦး၊ မ ၇၁ ရှိပြီး ၁၂ နှစ်အောက် ကျောင်းနေအရွယ် ကျား ၄၁ ဦး၊ မ ၃၀ တို့ ပါဝင် ကြောင်း သိရသည်။
လက်ရှိတွင် ဟိုဆော်ဟိုမွန်ရွာ အနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ ပြန်လည် ငြိမ်သက်သွားပြီ ဖြစ်ကြောင်း ဦးစိုင်းစိန်လူ က ပြောသည်။
“အခုတော့ တိုက်ပွဲက ပြန်ငြိမ်သွားပြီ။ ဒီနေ့နဲ့ မနက်ဖြန်တော့ စောင့်ကြည့်ရဦးမယ်။ အခု သူတို့ကို ကောင်းကော်ရွာက ဘုန်းကြီးကျောင်းမှာ နေရာ ချပေးထားတယ်”ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုသည် နမ္မတူမြို့နယ် တိုက်ပွဲများကြောင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ အနေဖြင့် ယခင်က လာရောက် လှုပ်ရှားခြင်းမရှိသည့် သိန်းနီ မြို့နယ် အတွင်းဘက်သို့ ရှောင်လာရင်းက တိုက်ပွဲဖြစ်ရခြင်း ဖြစ်နိုင်ကြောင်း လည်း ဦးစိုင်းစိန်လူက ပြောသည်။
တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များကြား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က နမ္မတူမြို့နယ် နားပိတ် ကျေးရွာ အနီး၌ တိုက်ပွဲဖြစ်ပွားပြီး ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ကွတ်ခိုင်မြို့နယ် ကျောက်မြန်း ကျေးရွာနှင့် ပန်စပ် ကျေးရွာကြားတွင် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ TNLA၊ ရက္ခိုင့် တပ်မတော်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သည်။
ထို ၄ ဖွဲ့သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်ပြီး အစိုးရ၊ တပ်မတော် နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေကြသည်။
FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ KIA၊ TNLA၊ AA၊ MNDAA တို့ ပါဝင်ကြသည်။
FPNCC က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင် ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ FPNCC အနေဖြင့်သာ ဆွေးနွေးရန် မူဝါဒ ချထားကြောင်း သိရသည်။
သို့သော် အစိုးရ နှင့် တပ်မတော်ဘက်က FPNCC ကို အသိအမှတ် မပြုကြောင်း တဖွဲ့ချင်း သို့မဟုတ် ၃ အုပ်စု၊ ၄ အုပ်စု ဖြင့်သာ ခွဲ၍ ဆွေးနွေးနိုင်ကြောင်း၊ NCA လမ်းကြောင်း ပြင်ပ ဆွေးနွေးမှုကို လက်မခံနိုင်ကြောင်း ပြောဆိုထားခြင်း ကြောင့် ယနေ့အထိ တွေ့ဆုံ ဆွေးနွေးမှု မဖြစ်မြောက်သေးပေ။