၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများ၏ ဘတ်ဂျက် ကျပြီးသား လုပ်ငန်းပေါင်း ၃ ထောင်ကျော် အကောင်အထည် မဖော်နိုင်ဘဲ ကျန်ရှိခဲ့ကြောင်း သတင်းရရှိသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက လုပ်ငန်းပေါင်း ၇၀၂၂ ခု အကောင်အထည် ဖော်မည်ဟု ကတိပြုခဲ့သည့် အနက် ၃၀၀၀ ကျော် (၃၀၆၄ ခု) ကျန်ရှိခဲ့ကြောင်း၊ လွန်ခဲ့သော ၃ နှစ်ကတည်းက ယခုလို ဖြစ်လာပြီး အများဆုံး သုံးစွဲနိုင်သော ငွေထက် ၃၃ ရာခိုင်နှုန်း အထိ ပိုတောင်းသည်ကို လေ့လာတွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြော သည်။
၂၀၁၇-၂၀၁၈ အတွက် အစိုးရကတောင်းခံ၍ ချပေးထားသော ဘတ်ဂျက် အသုံးငွေသည် တနှစ်လုံးအတွက် ကျပ် ဘီလျံ ၂ သောင်း ၂ ထောင် ရှိပြီး ၆ လ အတွက် ကျပ် ၈ ထောင်ကျော် ရှိကြောင်း သိရသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက “ဌာနတွေသည် ဘတ်ဂျက်တောင်းထားတဲ့ လုပ်ငန်းတွေကို အကောင် အထည် ဖော်ကို ဖော်ရမှာပါ။ အကောင်အထည် ဖော်ပါမယ်ဆို ပြီးတော့ တင်ပြပြီး တောင်းတာ။ ကျနော်တို့ လွှတ်တော် က လည်း ဒီလုပ်ငန်းတွေကို တကယ်လိုအပ်လား၊ တကယ်လုပ်နိုင်လားဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ တကယ် ကုန်ကျစရိတ်ကို ခန့်မှန်းပြီး ခွင့်ပြုပေးလိုက်တယ်။ ခွင့်ပြုချက်ရရင် အကောင်အထည်ဖော်ဖို့က ဝန်ကြီးဌာနရဲ့ တာဝန်”ဟု သတင်းထောက်များကို ပြောသည်။
လွှတ်တော်က ဘတ်ဂျက် ခွင့်ပြုသည်နှင့် ၃ လ အတွင်း တင်ဒါလုပ်ငန်းများ ပြီးရမည် ဖြစ်သော်လည်း မပြီးကြကြောင်း၊ ၃ လ အတွင်း တင်ဒါကိစ္စ ပြီးပါက ကျန် ၉ လတွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း၊ တည်ဆောက်ရေး အတွက် လိုငွေပြ ဘတ်ဂျက်ဖြင့် လုပ်ငန်းများ ခွင့်ပြုပေးနေခြင်း ဖြစ်၍ မဆောင်ရွက်နိုင်ပါက ပြည်သူလူထု နစ်နာရကြောင်းလည်း ၎င်းက ပြောဆိုသည်။
လိုငွေပြ ဘတ်ဂျက်သည် ကျပ် ဘီလျံ ၂ ထောင် ရှိကြောင်း သိရသည်။
“ဘတ်ဂျက်ကို လျာထားပြီး မသုံးနိုင်ဘူး ဆိုကတည်းက အကျိုးကျေးဇူး ခံစားရမယ့်သူတွေ နစ်နာတယ်။ ကျနော်တို့က တိုင်းပြည် တည်ဆောက်ရေး ကာလမှာ လိုငွေ ဘတ်ဂျက်နဲ့ ခွင့်ပြုနေတာ။ ဘတ်ဂျက်လိုငွေ နဲ့ ဗဟိုဘဏ်က ထုတ်ချေးလိုက်ပြီ ဆိုကတည်းက အပြင်မှာ ငွေကြေး ဖောင်းပွမှုက ဖြစ်နေပြီ။ ကုန်ဈေးနှုန်းက တက်ကျန်ခဲ့ပြီ။ တကယ် အကောင်အထည်ဖော်လို့ ဈေးတွေတက်လာ တာက လက်ခံနိုင်သေးတယ်။ အခုက ဈေးသာ တက်ကျန်ခဲ့တယ်။ အောက်ခြေမှာ တကယ်မလုပ်နိုင်ဘူး”ဟု ဇလွန်အမတ်လည်း ဖြစ်သည့် ဦးအောင်မင်းက ပြောသည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံအမတ် ဦးအောင်လှိုင်ဝင်းကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် ဆေးခန်း ဆောက်လုပ်ရန် မြေပိုင်ဆိုင်မှု မရှိဘဲ ဘတ်ဂျက် တောင်းခံပြီး လက်တွေ့တွင် မြေပိုင်ဆိုင်မှု အထောက်အထား မပြနိုင်သည့်အခါ ရန်ကုန် စည်ပင်၏ ခွင့်ပြုချက်လည်း မရသဖြင့် ယင်းလုပ်ငန်းကို ပြန်ရုပ်သိမ်းလိုက်ရခြင်းမျိုး ရှိကြောင်း ပြောပြသည်။
ဦးအောင်လှိုင်ဝင်းက “လုပ်ထုံး၊ လုပ်နည်းမှားတာပေါ့။ ဘတ်ဂျက် တောင်းစဉ်ကတည်းက မြေပိုင်ဆိုင်မှု တင်ပြပြီးတော့ တန်းဆောက်လို့ ရတာမျိုးကို တင်ပြသင့်တယ်။ တချို့နေရာတွေမှာ ကျူးပြဿနာကို မရှင်းနိုင်လို့ လုပ်ငန်းက လုပ်လို့မရဘူး။ တချို့နေရာတွေမှာ ဝန်ကြီးဌာနရဲ့ အားနည်းချက်တွေ ဖြစ်ပြီးတော့ တချို့ကိစ္စတွေက အောက်ခြေမှာ လက်တွေ့လုပ်မရတာတွေ ရှိတယ်။ တချို့နေ ရာတွေမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီကိုယ်တိုင် လက်လျှော့ သွားရတာတွေ ရှိတယ်။ အဲဒီလို အခါမျိုးမှာ ဘတ်ဂျက် ပြန်အပ်ရတယ်”ဟုလည်း ပြောဆိုသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၏ ပြည်ထောင်စု ဘဏ္ဍာငွေ ရသုံးမှန်းခြေဆိုင်ရာ ၆ လ ညွှန်ကြားချက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် အမှန်တကယ် သုံးနိုင်မည့် ငွေကိုသာ တောင်းခံရန်၊ ရန်ပုံငွေကို လွှဲပြောင်း သုံးစွဲခြင်း၊ ပိုလျှံပြီး ပြန်လည် အပ်နှံရခြင်းတို့ အတတ်နိုင်ဆုံး မပြုလုပ်ရန် ညွှန်ကြားခဲ့သော်လည်း လက်တွေ့တွင် မအောင်မြင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြော သည်။
ကျန်းမာရေးနှင့် အာကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ တချို့သော တည်ဆောက်ရေး လုပ်ငန်းများအား ဆောက်လုပ် ရေး ဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာနသို့ အပ်နှံ ဆောင်ရွက်လျက် ရှိသော်လည်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို သိရှိမှု မရှိခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အရည်အသွေး တိုင်းတာရမည့် အဖွဲ့များသည် ဝန်ဆောင်ခ ယူသော်လည်း လုပ်ငန်းပိုင်းကိုမူ တာဝန်ယူမှု မရှိခြင်း တို့ကို လေ့လာတွေ့ရှိရသည်ဟု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်ဟန် ကမူ “တိုက်နယ်ဆေးရုံတွေက မြေနေရာ မရှိဘဲ ဆောက်ခဲ့ရတာတွေ လျာထားခဲ့တာတွေ ရှိပါတယ်။ မြေနေရာ မလုံလောက်တာတွေကို ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းတရားတွေ ရှိခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုနဲ့ ဒေသခံတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းတဲ့အခါ ညီညွှတ်မှု မရှိတာတွေ ဖြစ်ခဲ့ပါတယ်”ဟု နေပြည်တော်ရှိ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတခုတွင် ဝန်ခံခဲ့ ဖူး သည်။
ပြည်သူ့ ဘဏ္ဍာငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရသည့် နိုင်ငံပိုင် လုပ်ငန်းများ၊ စီမံကိန်းများသည် လိုအပ်ချက် များစွာ ဖြင့် လွဲမှားခြင်း၊ ပြန်လည် ပြုပြင်ရခြင်း တို့ကြောင့် ကြန့်ကြာမှုများ ဖြစ်စေပြီး အစိုးရက အကောင်အထည် ဖော်နေသည့် တိုင်းနှင့် ပြည်နယ်များ တန်းတူ ဖွံ့ဖြိုးရေး မူဝါဒများကို ထိခိုက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက လည်း ၂၀၁၇ ခုနှစ် အတွင်းက ပြောဆိုခဲ့ဖူးသည်။
လွဲမှားသည့် လုပ်ငန်းဆောင်ရွက်မှုများကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရသည့် ကိစ္စရပ်ပေါင်း ၄၂၃ ခု၊ လွှဲပြောင်း သုံးစွဲရသည့် တန်ဖိုး ၅၈၇ ဒသမ ၅၂၃ ဘီလျံ ရှိပြီး စုစုပေါင်း လျာထားငွေ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် လွှဲပြောင်းသုံးရသည့် ကိစ္စ ၄၅၄ ခု၊ တန်ဖိုးအားဖြင့် ၂၇၈ ဒသမ ၀၈၈ ဘီလျံ၊ ခွဲဝေချထားငွေ၏ ၆ ဒသမ ၂၄ ရာခိုင်နှှုန်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လအတွက် ပြည်ထောင်စု ၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် စိစစ်တွေ့ရှိချက်များ အရ သာမန် ရငွေတွင် ကျပ် သန်း ၅ သောင်းကျော် (၅၀၆၀၂.၄၈၀ သန်း)၊ သုံးစွဲစိစစ် လျှော့ချမှု ကြောင့် ရငွေ ကျပ် သန်း ၁ သောင်း ၃ ထောင်ကျော် (၁၃၂၁၆.၃၂၀ သန်း) လျော့နည်းခြင်းနှင့် သုံးငွေ စိစစ်လျှော့ချမှု ကျပ် သန်း ၁ သိန်း ၃ သောင်းကျော် (၁၃၀၁၀၄.၁၃၂ သန်း) တို့ကို အတည်ပြုရန် လွှတ်တော်က စီစဉ်လျက် ရှိကြောင်း သိရသည်။