ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို နည်းစနစ်တကျ ဖိနှိပ်ရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အခိုင်အမာ ပြောကြားလိုက်သည်။
ဗြိတိန် အသံလွှင့်ဌာန တခုဖြစ်သည့် Channel 4 News ၏ ဝက်ဆိုက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖော်ပြခဲ့သော အင်တာဗျူးတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ Yangee Lee က သြဂုတ်လ အတွင်းက ARSA စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရပြီးနောက်ပိုင်း တပ်မတော်၏ ရခိုင်ပြည်နယ်အတွင်းမှ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ဝင်ရောက် စွက်ဖက်ရန် ပျက်ကွက်ခဲ့ခြင်း အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတရားရုံးတခုသို့ ခေါ်ယူရန် အတွက် ဆီလျှော်သော အကြောင်းရင်းများ ရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံအတွင်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြှုပ်နှံထားသည့် မြေပုံများ ပိုမို၍ ထပ်မံရှာဖွေတွေ့နိုင်ဖွယ်ရှိ ကြောင်း သူ့ကို ပုဂ္ဂိုလ်ရေးအရ ပြောဆိုမှုများ ရှိခဲ့သည်ဟု ယန်ဟီးလီက ပြောသော်လည်း အသေးစိတ်ကို ပြောဆိုခဲ့ခြင်း မရှိပါ။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာ ၆၅၀၀၀၀ ကျော် ထွက်ပြေးသည်ကို မြင်တွေ့ခဲ့ရသည့် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် လူမျိုးတုန်းသတ်ဖြတ်မှု၏ လက္ခဏာ အားလုံး ပါဝင်နေသည်ဟု ယန်ဟီးလီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ ယန်ဟီးလီက “သူက (ဘာတွေဖြစ်နေ သလဲဆိုတာကို) ငြင်းပယ်နေတယ် ဒါမှမဟုတ် သူက အမှန်တကယ်ကို အလှမ်းကွာနေတယ်လို့ ကျမ ထင်ပါတယ်” ဟု ပြောသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တွင် တာဝန်မရှိဆိုသည်မှာ မဖြစ်နိုင်ဟု သူက ထပ်ပြောသည်။ ဒေါ်အောင်ဆန်း စုကြည်က ထိုအဖြစ်များ ရပ်တန့်ရေးအတွက် တစုံတရာ ပြုလုပ်ရန် ဥပေက္ခာပြုခဲ့ခြင်း သို့မဟုတ် အလိုတူအလိုပါ ဖြစ်ခဲ့ခြင်းများအတွက် အပြစ်ရှိသည်ဟု သူယုံကြည်ကြောင်းလည်း ယန်ဟီးလီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ခုံရုံးတခုခုသို့ ရောက်လာရေး အခွင့်အလမ်းက အလွန်နည်းပါးသည်ဟု သူက ဆိုသည်။ မြန်မာ နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး၏ အဖွဲ့ဝင် မဟုတ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ် နိုင်ငံက အမြဲတမ်း အဖွဲ့ဝင် ဖြစ်နေသည့် အနေအထားကြောင့် မြန်မာ့တပ်မတော်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်သည်ဟု လုံခြုံရေးကောင်စီက ကြေညာဖွယ်ရာ ရှိလိမ့်မည် မဟုတ်ကြောင်းလည်း ယန်ဟီးလီက ပြောသည်။
ဒီဇင်ဘာလအတွင်း မြန်မာအစိုးရက သူ မြန်မာနိုင်ငံသို့ ပြန်လာရေးကို တားမြစ်ကြောင်းနှင့် သူ၏ ရာထူး သက်တမ်း အတွင်းတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရုပ်သိမ်းမည် ဖြစ်ကြောင်း ယန်ဟီးလီကို အကြောင်းကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အခြေအနေအပေါ် ယန်ဟီးလီ၏ အစီရင်ခံမှုများက ဘက်လိုက်မှုရှိခဲ့ကြောင်း မြန်မာအစိုးရနှင့် တပ်မတော်တို့က သူ့ကို ပိတ်ပင်တားမြစ်ခြင်း မပြုမီ ၆ လ အလိုခန့်တွင် ပြောကြားခဲ့ကြသည်။
သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု အများအပြား ရရှိခဲ့ကြောင်းနှင့် သူ့ကို လုပ်ကြံရန် စီစဉ်ထားသည့် အားထုတ်မှု တခုအတွက် သတိပေးခြင်းကိုပင် ခံရဖူးကြောင်း ယန်ဟီးလီက Channel 4 သို့ပြောသည်။
နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရိုက်တာ သတင်းထောက် ၂ ဦးနှင့် ပတ်သက်၍ မေး မြန်းသည့် အခါ ယန်ဟီးလီက သူတို့ ၂ ဦးသည် ရခိုင်ပြည်နယ်တွင် သတင်းရယူရင်း အမှန်တရားကို ရရှိရန် အလွန်ပင် နီးစပ်ခဲ့သည်ဟု ပြောသည်။ တပ်မတော်က နိုင်ငံသားများ၏ ပါးစပ်ကို ပိတ်ဆို့သည့် အစီအစဉ်တခုကို ထိရောက်စွာ အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူများက အခြားသူများကို ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေသည်ဟု သူက ထပ်ပြောသည်။
ဒီဇင်ဘာလအတွင်းတွင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီသို့ ပေးပို့ခဲ့သော ပြန်ကြားစာတစောင်တွင် ယန်ဟီးလီသည် သူ၏ အလုပ်တွင် သမာသမတ်ကျခြင်း မရှိသလို ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်ခြင်း မရှိကြောင်း ဖော်ပြ ထားသည်။
“သူ့ အပေါ် ယုံကြည်မှု မရှိတော့ပါဘူး။ ဒါကြောင့် ကျနော်တို့က နယူးယောက်နဲ့ ဂျီနီဗာမှာ ရှိတဲ့ မြန်မာ အမြဲတမ်း ကိုယ် စားလှယ် အဖွဲ့ ကနေတဆင့် နယူးယောက်မှာ ရှိတဲ့ UNSG ရုံးနဲ့ ဂျီနီဗာမှာ ရှိတဲ့ OHCHR ရုံးတို့ကို အကြောင်းကြားခဲ့ပါ တယ်” ဟု ဦးဇော်ဌေးက ပြောသည်။
လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင် ခံနိုင်ရန် အတွက် အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ တနှစ်လျှင် ၂ ကြိမ် လာရောက်ရန် လိုအပ်သည်။ စတင် တာဝန်ယူသည့် ၂၀၁၄ ခုနှစ် ဇွန်လမှ စ၍ မြန် မာနိုင်ငံသို့ ယန်ဟီးလီ ၆ ကြိမ်လာရောက်ခဲ့ပြီး ဖြစ်သည်။