မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (PCMJ) က သတင်းလွတ်လပ်ခွင့် ရရှိရေးနှင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်း က လမ်းလျှောက် ဆန္ဒပြပွဲ တရပ် ကျင်းပသည်။
ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် သမိုင်းလမ်းဆုံမှနေ၍ ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်း (လှည်းတန်း) အထိ လူသွား ပလက်ဖောင်းအတိုင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အဆိုပါ ဆန္ဒပြပွဲသို့ အရပ်ဘက် အဖွဲ့အစည်း များနှင့် မီဒီယာသမားများ စုပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရှိရသည်။
PCMJ က ကျင်းပခဲ့သည့် ချီတက် ဆန္ဒပြပွဲဟာ သက်ဆိုင်ရာထံသို့ တရားဝင် ဥပဒေနှင့်အညီ တင်ပြ အကြောင်းကြား ၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲမပြုလုပ်ခင် Facebook စာမျက်နှာမှတဆင့် ဆန္ဒပြပွဲ ပျက်ပြားစေရေး လှုံ့ဆော်မှု များရှိခဲ့ကြောင်း၊ တရားဝင်ဥပဒေနှင့် အညီ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် သက်ဆိုုင်ရာက လုံခြုံရေး ယူပေးရန် အသိပေးခဲ့ရကြောင်း PCMJ မှ ကိုသာလွန်ဇောင်းထက်က ဧရာဝတီသို့ ပြောသည်။
PCMJ ကော်မတီဝင် တဦးဖြစ်တဲ့ မလှလှဝင်းကလည်း`ဒီနေ့မှာတော့ ကျမတို့ PCMJ အနေနဲ့ ၅ကြိမ်မြောက် ကမ်ပိန်း အဖြစ် လမ်းလျှောက် ဆန္ဒပြကြတာပါ။ အရင် ကမ်ပိန်းတွေနဲ့ ဘာကွာလဲဆိုရင် CSO တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ကူညီ ပါဝင်ပေးဖို့ ဖိတ်ခေါ်ထားတယ်။ လမ်းလျှောက်ချိန် ၁နာရီကျော်ကြာပြီး သမိုင်းလမ်းဆုံကနေ လှည်းတန်းအထိ လမ်းလျှောက်ကြတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေနဲ့ ပတ်သက်ပြီး အများ ပြည်သူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေပိုပြီး အာရုံစိုက်လာအောင် လုပ်ချင်တာပါ´ဟု ပြောဆိုသည်။
ယနေ့ပြုလုပ်သည့် လမ်းလျှောက် ဆန္ဒပြပွဲကို လူအင်အား ၁၀၀ ဝန်းကျင် ပါဝင်ခဲ့ကြပြီး `သတင်းလွတ်လပ်ခွင့် ရရှိရေး ဖမ်းဆီခံ သတင်းသမားများ လွှတ်ပေးရေး´ ဟူ၍ ကြွေးကြော်ခဲ့ကြသည်။
လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် နော်အုန်းလှ က `မီဒီယာကို ဖမ်းဆီးတယ် ဆိုတာ ပြည်သူတွေဆီ သတင်းမှန် မရောက်အောင် လုပ်တာပါ။ အန်တီတို့အနေနဲ့ မီဒီယာ လွတ်လပ်ခွင့်မှာ ပူးပေါင်းတယ် ဆိုတာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရရှိအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်´ ဟု ပြောသည်။
Reuters သတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ အနေဖြင့် မောင်တောတွင် တာဝန် ထမ်းဆောင်ခဲ့သည့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက သွားရောက် တွေ့ဆုံပြီး အပြန်တွင် ရခိုင်အရေး လုံခြုံရေး စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် အမှုဖွင့် ဖမ်းဆီး ခံထားရခြင်း ဖြစ်သည်။