ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ မွတ်စလင် လူ့နည်းစုများ၏ အခွင့်အရေးကို မြန်မာ အစိုးရက ဖိနှိပ်ထားကြောင်း တွေ့ရှိ ရ၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တခုဖြင့် စစ်ဆေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဥရောပ ပါလီမန် ကိုယ်စားလှယ် အဖွဲ့ က ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့၏ ဥက္ကဋ္ဌ Mr. Pier Antonio Panzeri က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
“ထပ်ကာထပ်ကာ ပြောနေရတာ ရှိပါတယ်။ အဲဒါကတော့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပေးဖို့ပါပဲ။ ရခိုင် မှာ ဖြစ်ပျက်ခဲ့တာတွေကို အချက်အလက် အမှန်တွေနဲ့ သက်သေ အထောက်အထား အဖြစ် တင်ပြပေးဖို့ပဲ ဖြစ်ပါတယ်”ဟု လည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ လာရောက်ခဲ့သည့် ဥရောပ ပါလီမန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်များသို့ သွားရောက်ခဲ့ပြီး ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ရခိုင် အရေးနှင့် သက်ဆိုင်သည့် အစိုးရ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ၎င်းတို့အဖွဲ့သည် မြန်မာပြည်တွင်းမှ ရခိုင်မြောက်ပိုင်းသို့ သွားရောက်ခွင့် မရခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။
ယခုလို မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မှ အစု လိုက် အပြုံလိုက် ထွက်ပြေးနေရသဖြင့် ဥရောပ သမဂ္ဂ (EU) က အခြားရွေးချယ်စရာ မရှိတော့ဘဲ မြန်မာ အစိုးရနှင့် ဆက်ဆံ ရေးကို ပြန်လည် သုံးသပ်ရတော့မည်ဟု ခရီးစဉ် အပြီးတွင် Mr. Pier Antonio Panzeri က ပြောသည်။
၎င်းက“မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို ထင်ထင်ရှားရှား တွေ့ရှိပါတယ်။ ထောင်သွင်း အကျဉ်း ချမှုတွေ၊ လွတ်လပ်စွာ နေထိုင်ပြောဆိုခွင့် မရှိဘူးဆိုတာ သက်သေ အထောက်အထားတွေ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ရှိနေတဲ့ မျိုးနွယ်စု တခုလုံးဟာ ဘင်္ဂလားဒေ့ရှ် ဘက်ကို ဖိအားပေး ပြောင်းရွှေ့ခံခဲ့ရပါတယ်”ဟုလည်း ဆက် ပြောသည်။
မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲကို ကူညီထောက်ပံ့ချင်၍ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းခဲ့ပြီး ဖြစ် ကြောင်း၊ အခြေခံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အားပေးချင်သည့် လုပ်ရပ်မျိုးကို သက်သေပြရမည့် အနေအထားမျိုး မျှော်လင့်ခဲ့သော်လည်း မတွေ့ရကြောင်းနှင့် ဒီမိုကရေစီ အပြောင်းအလဲ ချောမွေ့စေရန် မည်ကဲ့သို့သော အာမခံချက်မျိုး ပေး၍ လျှောက်လှမ်းမလဲဟုလည်း မေးခွန်းထုတ်သွားသည်။
မြန်မာ အစိုးရကမူ လူ့အခွင့်အရေး ချိုးဖော်မှုများကို မငြင်းဆိုဘဲ တိကျသည့် အထောက်အထားပေးရန် ပြန်လည် တုံ့ပြန် ထားပြီး အမှန်တကယ် ရှိခဲ့ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု အကြိမ်ကြိမ် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သလို ယခု နောက်ပိုင်းတွင် တပ်မတော်ကလည်း အင်းဒင်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
၎င်းတို့ကို လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သက်သေ အထောက်အထား ရှိပါသလားဟု မီဒီယာများက မေးမြန်းရာ ဂြိုဟ်တုမှ ဓာတ်ပုံ ရိုက်ထားသည့် အရုပ်များ၊ ရုပ်သံများ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကော့ဘဇားရှိ ဒုက္ခသည် စခန်း များသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ပညာရှင်များ၏ စာတမ်းများလည်း ရှိကြောင်း ပြန်လည် ဖြေကြားသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲသည် နှေးကွေးနေဆဲဖြစ်ပြီး လက်ရှိတွင် ရည်မှန်းချက်သို့ ရောက်ရှိရန် ယုံကြည် စိတ်ချ၍ မရတော့ဘဲ အတိတ်ကာလသို့ ပြန်ရောက်သွားနိုင်သည့် အခြေအနေမျိုး ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရ ၂ ရပ် ဖြစ်နေသည်ကိုလည်း နားလည်ကြောင်း၊ ရခိုင်ဒေသသို့ ကုလသမဂ္ဂ၏ ပါဝင်ပတ်သက်ခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပေးရန် လိုကြောင်း ယင်းကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့သည်။
“ကျနော်တို့က အီးယူက ပြည်သူတွေကို ကိုယ်စားပြုပြီးလာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပါ။ အစိုးရကို ဆန်ရှင် လုပ်ဖို့၊ ပိတ်ဆို့ဖို့ တို့ဆိုတာတွေကိုတော့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် မူဝါဒပိုင်းအရ ဘာလုပ်သင့်လဲ ဆိုတာကိုတော့ အကြံ ပေးနိုင်ပါ တယ်။ အကြံပေးသွားမှာပါ”ဟု ဥရောပ ပါလီမန် အဖွဲ့ဝင်တဦးက ပြောဆိုသည်။