ယခုတလော ဓာတ်ပုံများတွင် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင် ပြုံးရွှင် မနေသည့် ဓာတ်ပုံ ဟူ၍ မရှိသလောက်ပင် ဖြစ်နေသည်။ အံ့သြစရာတော့ မဟုတ်ပေ။ ဆောင်းရာသီ အိုလံပစ်ပွဲ အတွက် မြောက်ကိုရီးယား ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုရာတွင် ဖြစ်စေ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့ အကြား အန္တရာယ်များလှသော သံတမန်ရေးရာ နယ်ပယ် လမ်းရှာ ဖောက်ထွင်ရာတွင် ဖြစ်စေ၊ ဖရိုဖရဲဖြစ်နေသော ပြည်တွင် အတိုက်အခံများ ထံမှ အကျိုးအမြတ်ရအောင် လုပ်ဆောင် ရာတွင် ဖြစ်စေ သမ္မတမွန်းဂျေအင်ကို ကံကြမ္မာက မျက်နှာသာပေးသည်။
အထူးတပ်ဖွဲ့ဝင်ဟောင်း၊ လူ့အခွင့်အရေး ရှေ့နေနှင့် ယခင် လစ်ဘရယ် သမ္မတဟောင်း ရိုမူဟွန် (Roh Moo-hyun) ၏ အဓိက လက်ထောက် တဦး ဖြစ်သူ လစ်ဘရယ်နိုင်ငံရေးသမားသည် ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယ အကြိမ်မြောက် သမ္မတ ဖြစ်ရန် ကြိုးပမ်းမှု အပြီးတွင် အာဏာရလာသည်။
ယခုဖမ်းဆီးခံထားရသော ကွန်ဆာဗေးတစ် သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) ကို ထိုနှစ် မတ်လက စွဲချက်တင်မှု အပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသည်။
မွန်းဂျေအင် အတွက် တောက်ပသော အနာဂတ်
မွန်းဂျေအင် သည် ပရိသတ်များနှင့် ဆယ်လ်ဖီရိုက်ရလျှင် မည်သည့် အခါတွင်မျှ မမောပမ်းတတ်သော ကျွမ်းကျင်သည့် ပြည်သူ့ နိုင်ငံရေးသမားတဦး ဖြစ်သည်။ ယခုနှစ် အတွင်းတွင် သူ၏ အစိုးရက Bitcoin ရောင်းဝယ်ခြင်းကို ပိတ်ပင်ခြင်းနှင့် ကိုရီးယား ၂ နိုင်ငံ ပူးတွဲ ရေခဲပြင်ဟော်ကီ အသင်းကို အားပေးခြင်း တို့ကြောင့် လူငယ်များ အကြား သူ့အပေါ် ထောက်ခံမှုက အနည်းငယ်မျှ ထိခိုက်ခဲ့ သော်လည်း သူ့ကို အကြီးအကျယ် ဆက်လက် ထောက်ခံနေကြဆဲ ဖြစ်သည်။
“လတ်တလော လက်ရှိ အချိန်မှာတော့ သူ့အပေါ် လူထုထောက်ခံမှု နှုန်းက တောင်ကိုရီးယားသမ္မတ တယောက်အနေနဲ့ အမြင့်ဆုံးအဆင့်မှာ ရောက်နေတယ်။ ၆၀ ရခိုင်နှုန်းတောင်ကျော်တယ် ဆိုတာ အရင်က မရှိဘူး။ သူ့ အတွက် အခြေအနေ ကောင်းနေပုံရတယ်” ဟု Asan Institute တွင် အများပြည်သူ သဘောထား စစ်တမ်း ကောက်ယူနေသော သုတေသီ ဂျိမ်းစ်ကင် (James Kim) က ပြောသည်။
သူသည် နိုင်ငံရေးနယ်ပယ်တွင် ဆရာတဆူ ဖြစ်သည်။ သူ၏ ဒီမိုကရက်တစ်ပါတီသည် အမျိုးသားလွှတ်တော်နေရာ ၃၀၀ အနက် ၁၂၁ နေရာ ရရှိထားပြီး အတိုက်အခံ ကွန်ဆာဗေးတစ်များက ၁၁၇ နေရာဖြင့် ကပ်လိုက်လာ နေသည်။ သို့သော် ပတ်ဂွမ်ဟေး ဖြုတ်ချခံရပြီးနောက် ကွန်ဆာဗေးတစ်များ ဖရိုဖရဲဖြစ်နေပြီး ခေါင်းဆောင်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရ သည်။ ထို အကျပ်အတည်းသည် ယခုနှစ်ကုန်အထိလည်း ပြေလည်မည့် အလားအလာ မရှိပေ။
ယခုနှစ် ဇူလိုင်လတွင် ကျင်းပရန်ရှိသည့် တခုတည်းသော ရွေးကောက်ပွဲမှာလည်း ဒေသဆိုင်ရာ ရွေးကောက်ပွဲများသာ ဖြစ်သောကြောင့် အမျိုးသားအဆင့်တွင် မွန်း၏ အာဏာကို ထိခိုက်နိုင်ခြေ မရှိပေ။ လမ်းမများပေါ်တွင် မွန်းဆန့်ကျင်ရေး သမားများ ရှိနေသော်လည်း များသော အားဖြင့် သက်ကြီးရွယ်အို အလံကိုင် ဆန္ဒပြသူများ ဖြစ်ပြီး ဆွဲဆောင်မှု အနည်းငယ်သာ ရှိသည်။
“သူ လုပ်ဖို့ ကြိုးစားနေတာတွေကို ဆန့်ကျင်မှုတွေ ရှိနေတယ်။ ဒါပေမယ့် အဲဒါတွေက လူနည်းစု အာဘော်တွေသာ ဖြစ်ပြီး မီဒီယာနဲ့ အမျိုးသားလွှတ်တော်မှာ ထည့်သွင်း ပြောဆိုတာ မရှိဘူး” ဟု ‘The New Koreans’ စာအုပ်ကို ရေးသားသူ မိုက်ခ်ဘရင်း (Mike Breen) က ပြောသည်။
“အဲဒီ လူတွေက ခရစ်ယာန်တွေ၊ ကွန်ဆာဗေးတစ်တွေ၊ မြောက်ကိုရီးယား ဆန့်ကျင်ရေး သမားတွေ၊ ပတ်ဂွမ်ဟေးကို လိုလားသူတွေ လေ။ ဒါကြောင့် မွန်းဂျေအင်ရဲ့ လူထုထောက်ခံမှုကို မထိခိုက်ဘူး” ဟု သူက ရှင်းပြသည်။
တောင်ကိုရီးယား အစိုးရသည် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဆိုင်ရာ အကြီးအကဲကို ခန့်အပ်ရသည်။ ထို့ကြောင့် မွန်းဂျေအင်သည် အပြုသဘောဆောင်သော သတင်းတင်ပြမှုမျိုးကိုသာ မျှော်လင့်ကောင်း မျှော် လင့်နိုင်သည်။ ပုဂ္ဂလိကပိုင် ကွန်ဆာဗေးတစ် သတင်းစာများသည် လွန်ခဲ့သော နှစ်က ပတ်ဂွမ်ဟေးကို ဆန့်ကျင်ပြီးနောက် စာဖတ်သူ အရေအတွက် အကြီးအကျယ် လျှော့နည်းသွားသည်။
လက်ယာ သတင်းစာများသည် မွန်းဂျေအင်၏ အဓိက မူဝါဒများဖြစ်သည့် လုပ်ငန်းစုကြီးများ၏ အာဏာ အလွှဲသုံးစားမှု များကို ထိန်းချုပ်ခြင်းနှင့် အနိမ့်ဆုံးလုပ်အားခ မြှင့်တင်ပေးခြင်းတို့ ကဲ့သို့သော မူဝါဒများကို တိုက်ခိုက်ကြသော်လည်း ၎င်းတို့သည် ဝေဖန်ရုံက လွဲပြီး မည်သည့် အရာမျှ တတ်နိုင်ခြင်း မရှိပေ။
“ဘယ်သူမှ တခြားမူဝါဒတွေ အစားထိုး မပေးနိုင်ဘူး။ အပြုသဘောလည်း မဆောင်ဘူး” ဟု ဂျမ်းစ်ကင် က ပြောသည်။
ထိရောက်သော နိုင်ငံရေး အတိုက်အခံ မရှိခြင်းသည် ထိရောက်မှု မရှိသော ကန့်ကွက်မှုများနှင့် မီဒီယာ ဝေဖန်မှုများနှင့် ပေါင်းစပ်လိုက်သော အခါ ၂၀၂၀ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ အထိ မွန်းဂျေအင် အတွက် ၎င်း၏ အစီအမံ များကို တွန်းအားပေးနိုင်သော ရှင်းလင်းသည့် နိုင်ငံရေး လမ်းကြောင်းကို ပေးသည်။
အများ ကျေနပ်အောင် လုပ်ပေးနေရ
လတ်တလောတွင် ထူးခြားလှသည့် ပြည်တွင်း အတိုက်အခံ ကင်းမဲ့ခြင်းကို ရရှိနေချိန်မှာပင် ပြည်ပမှ သြဇာ ကြီးမားလှသော အကျိုးစီးပွားများအကြား မွန်းဂျေအင်၏ နူးညံ့သိမ်မွေ့သော ဆုတ်တက် လှုပ်ရှားမှုများက သူ၏ ကျွမ်းကျင်မှုများကို ပြသနေသည်။
မွန်းဂျေအင်သည် အဓိက မဟာမိတ် အမေရိကန်ကို တဖက်တွင် ထားရှိပြီး ယခင်သမ္မတ လက်ထက်က မှာယူထားသော ဒုံးကျည် ကာကွယ်ရေး စနစ်များကို တောင်ကိုရီးယားတွင် တပ်ဆင်စေသည်။ ထိုဒုံးကျည် ကာကွယ်ရေး စနစ်ကို တရုတ်နိုင်ငံက ခြိမ်းခြောက်မှု အဖြစ် ယူဆပြီး ဒေါသထွက်သည်။
ဒီဇင်ဘာလက ကျင်းပသော တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိပ်သီး ဆွေးနွေးပွဲတွင် မွန်းဂျေအင်သည် ကိုရီးယား ကုမ္ပဏီများနှင့် လုပ်ငန်းကဏ္ဍများ အပေါ် တရားမဝင် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အများအပြားကို ရုပ်သိမ်းရန် တရုတ်နိုင်ငံကို ဖြောင်းဖြနိုင်ခဲ့သည်။
ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတွင် ကာလကြာမြင့်စွာ ထိခိုက်စေခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်းက ဇိမ်မယ်များ ပြဿနာတွင် တင်းမာမှု လျှော့ချရာတွင်လည်း မွန်းဂျေအင်သည် အလားတူ ကျွမ်းကျင်မှုကို ပြသခဲ့သည်။ သူသည် ဇိမ်မယ်ဟောင်းများနှင့် ၎င်းတို့ကို ထောက်ခံသူများကို လူသိရှင်ကြား ကိုယ်တိုင် တွေ့ဆုံအားပေးပြီး ဂျပန်နိုင်ငံ၏ တောင်းပန်မှုကို ဆက်လက်တောင်းဆိုကာ ပြည်တွင်းတွင် ကျေနပ်စေသည်။
သို့သော် သံသမန်ရေး နယ်ပယ်တွင် သူသည် ၂၀၁၅ ခုနှစ်က ၂ နိုင်ငံအကြား ချုပ်ဆိုခဲ့သည့် သမိုင်းဝင်စာချုပ်ကို ပြန် မရုတ်သိမ်းဘဲ ထိုပြဿနာ အတွက် တက်ကြွလှုပ်ရှားနေသော နိုင်ငံသား အခွင့်အရေး သမားများကို စိတ်ပျက်စေသလို ဂျပန်နိုင်ငံကိုလည်း အရှက်ရ စိတ်ပျက်စေသည်။
ခိုင်မာသည့် နျူကလီးယား ဆန့်ကျင်ရေးသမား မွန်းဂျေအင်သည် ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံပြီး ကိုရီးယား အမေရိကန် စစ်ရေးလေ့ကျင့်မှုများကို အဆင့်မြှင့်တင်ကာ ညူကလီယား ကင်းမဲ့ရေးကို တောင်းဆိုသည်။
သို့သော် တချိန်တည်းတွင် ၂ နိုင်ငံအကြား စစ်မဖြစ်ရေးနှင့် ပုံမှန်ဆွေးနွေးပွဲများ ကျင်းပရေး ကိုလည်း သူ အခိုင်အမာ လုပ်ဆောင်သည်။
ထိုသို့ တစိုက်မတ်မတ် လုပ်ဆောင်ခြင်းကြောင့် ဆောင်းရာသီ အိုလံပစ် ပွဲတော်သို့ ရောက်ရှိလာသော အခါ ရလဒ်များ ထွက်ပေါ်လာခဲ့ပြီး တောင်ကိုရီးယားသို့ လာရောက်ဖူးသော မြောက်ကိုရီးယား ကိုယ်စားလှယ်များတွင် အဆင့် အမြင့်ဆုံးသော ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်လာခဲ့သည်။
ထိုကိုယ်စားလှယ် အဖွဲ့တွင် ကင်ဂျုံအွန် (Kim Jong-un) နှင့် မောင်နှမ တော်စပ်သူ ကင်ယိုဂျုံ (Kim Yo-jong) ပါဝင်လာပြီး ကိုရီးယား ကျွန်းဆွယ် သမိုင်းတွင် တောင်ကိုရီးယားသို့ ပထမဆုံး သွားရောက် လည်ပတ်သော မြောက်ကိုရီးယား အာဏာရမျိုးရိုး အဖွဲ့ဝင် ဖြစ်လာသည်။
သူမသည် မြောက်ကိုရီးယား ခေါင်းဆောင်က တောင်ကိုရီးယား ခေါင်းဆောင်ကို ထိပ်သီး အစည်းအဝေး အတွက် ဖိတ်ခေါ်သော စာတစောင်ကို သယ်ဆောင်လာမည် ဟု တောင်ကိုရီးယားတွင် အကြီးအကျယ် မျှော်လင့်ခဲ့ကြပြီး မျှော်လင့်ထားသည့် အတိုင်းလည်း ဖြစ်လာခဲ့သည်။
ပထမဆုံးပွဲတွင် ဆွစ်ဇာလန် နိုင်ငံကို ၈-၀ ဖြင့်ရှုံးနိမ့်ခဲ့သော ကိုရီးယားနှစ်နိုင်ငံ ပူးတွဲ ရေခဲပြင် ဟော်ကီ အသင်းကို သဘောတူခြင်းက တောင်ကိုရီးယား အများအပြားကို ဒေါသထွက်စေခဲ့သော်လည်း အိုလံပစ်ကော်မတီ ဥက္ကဌ သောမတ်စ် ဘက်ချ် (Thomas Bach)၊ မွန်းဂျေအင်နှင့် ကင်တို့ အတူထိုင်ကြည့်နေသော ထိုပွဲသည် ကြီးမားသော သြဇာသက်ရောက်မှုများကို ဖြစ်စေခဲ့သည်။
ထိုပူးတွဲ ရေခဲပြင် ဟော်ကီ အသင်းကို ငြိမ်းချမ်းရေး နိုဗယ်ဆု အတွက် အမည်စာရင်း တင်သွင်းမည် ဟု စိတ်လှုပ်ရှားစွာ ပြောဆိုမှုများ ဖြစ်လာခဲ့သည်။
မြောက်အတွက် စိန်ခေါ်မှု၊ တောင်အတွက် အန္တရာယ်
မွန်းဂျေအင် အနေဖြင့် ရှေ့ဆက်ရမည့် ခြေလှမ်းများသည် ယခင် ခြေလှမ်းများထက် ကျွမ်းကျင်မှု ပိုမို လိုအပ်သောကြောင့် ကံကြမ္မာ၏ မျက်နှာသာ ပေးမှုကို ဆက်လက် ရရှိသင့်သည်။
မွန်းဂျေအင် ၏ ပြုံယမ်းနှင့် ထိတွေ့ဆက်ဆံရေးမူကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံသောကြောင့် အများ အံ့သြစရာ ဖြစ်ခဲ့ပြီး တောင်ကိုရီးယား သမ္မတသည် အမေရိကန် သမ္မတနှင့် ဆက်ဆံရေးတွင် ထူးခြားသော အနေအထား ရရှိခဲ့သည်။
ဆောင်းရာသီ အိုလံပစ်ပွဲအတွင်း အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် (Mike Pence) က မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် နှင့် အသိအမှတ်ပြုရန် သံတမန် မပီသစွာ ငြင်းဆန်ခဲ့သောကြောင့် မြောက်ကိုရီးယားက အလားတူ တုံ့ပြန်ခဲ့သော်လည်း ယင်းနောက် မိုက်ပန့်စ်သည် သူ၏ သဘောထားကို ပြင်ဆင်ခဲ့ရသည်။
သူနှင့် မွန်းဂျေအင် တို့သည် မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရေးကို သဘောတူခဲ့ကြောင်း၊ ပထမ ဆိုးလ်နှင့် တွေ့ပြီး နောက် နောင်တွင် ဝါရှင်တန်နှင့် တွေ့ဆုံပြီး တိုက်ရိုက်ဆွေးနွေးမည် ဖြစ်ကြောင်း မိုက်ပန့်စ်က ဒုတိယ သမ္မတ လေယာဉ်ပေါ်တွင် ပြောကြားသည် ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ဖော်ပြသည်။
မွန်းဂျေအင် အတွက် အကြီးမားဆုံး ဆွေးနွေးပွဲသည် ရှေ့တွင် စောင့်နေသည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ထူထောင်ရသည်မှာ လွယ်ကူသော်လည်း ဆွေးနွေးရသည်မှာ ခက်ခဲမည် ဖြစ်သည်။
အထူးသဖြင့် မြောက်ကိုရီးယား နိုင်ငံက ၎င်း၏ နျူကလီးယား အစီအစဉ်ကို မည်သည့်အခါတွင်မျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ကြေညာထား သောကြောင့် ဖြစ်သည်။
“မွန်းဂျေအင်ဟာ နျူကလီးယား ပြဿနာရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး ဘာမှ ထင်ယောင်ထင်မှား ဖြစ်တာ မရှိဘူး။ သူဟာ စီးပွားရေး စာချုပ်တွေ ဝှေ့ယမ်းပြီး ပြုံယမ်းက ပြန်လာမယ့် သူ မဟုတ်ဘူး။ မြောက်ကိုရီးယားက ဒီအကြောင်းကို မပြောချင်ရင် သူကလည်း သွားချင်မှ သွားမှာ” ဟု မိုက်ခ်ဘရင်းက ပြောသည်။
ထို့ကြောင့် မွန်းဂျေအင်၏ အောင်မြင်မှုနှင့် ရလဒ်ကောင်းသည် မြောက်ကိုရီးယား ခေါင်းဆောင် အပေါ်တွင်လည်း မူတည်နေ သည်။
“ကစားပွဲပြီးတဲ့ အခါ ဖြစ်လာမယ့် ဖြစ်ရပ်တွေက မွန်းဂျေအင် အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆုံးဖြတ်မှာပဲ။ အခု အချိန်က ကင်ဂျုံအန် ဆုံးဖြတ်ရမယ့် အလှည့် ဖြစ်နေတယ်။ မြောက်ကိုရီးယားက နည်းနည်းပိုပြီး လိုလိုလားလား ရှိလာရင် မွန်းဂျေအင်ရဲ့ ပြုံယမ်းခရီးစဉ် အကောင်အထည် ပေါ်လာမှာပဲ” ဟု ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ ကင်ဗျန်ဂျို (Kim Byung-joo) က ပြောသည်။
ပြုံယမ်းသို့ သွားရောက် လည်ပတ်ရန် အတွက် မွန်းဂျေအင်သည် အမေရိကန် အနေဖြင့် နှစ်စဉ် နွေဦးရာသီ စစ်ရေး လေ့ကျင့်မှုကို ဆိုင်းငံ့ ထားရန် ဖြောင်းဖြ ပြောဆိုရမည် ဖြစ်သည်။ အမေရိကန်သည် ဖိအား များနိုင်သမျှ များများပေးရေး လုပ်ဆောင် နေချိန်တွင် ထိုသို့ လုပ်ရန် လိုလားချင်မှ လိုလားမည် ဖြစ်သည်။ ထို့ကြောင့် မွန်းဂျေအင် အတွက် အခက်အခဲ ရှိလာမည် ဖြစ်သည်။
“သူ့အနေနဲ့ တချက်လွှတ်အမိန့် သုံးနိုင်သလို စစ်စခန်းတွေကို အသုံးပြုခွင့် ကန့်သတ်နိုင်တယ်။ ဒီလိုလုပ်ရင် ဆက်ဆံရေး အဆင် မပြေဖြစ်မှာ မိုလို့ နှစ်ဖက်သဘောတူ ဆုံးဖြတ်မှသာ ရမယ်” ဟု Duke University မှ နိုင်ငံတကာ ဆက်ဆံရေး ပါရဂူ ဒန်နီရယ်ပင့်စတန် (Daniel Pinkston) က ပြောသည်။
ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေး နှင့် ကိုရီးယား-အမေရိကန် ဆက်ဆံရေးကို သူ မည်မျှကောင်းစွာ ကိုင်တွယ်စေကာမူ မွန်းဂျေအင် သည် ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ လှုပ်ရှားနေသည့် ပြည်တွင်းရေး အခြေအနေ တခုကိုလည်း ရင်ဆိုင်နေရသည်။ ထိုအခြေအနေမှာ တောင်ကိုရီးယား သမ္မတများ၏ ဆိုးရွားလှသော သမိုင်း ဖြစ်သည်။
၁၉၄၈ ခုနှစ်တွင် သမ္မတနိုင်ငံ စတင် ထူထောင်ပြီးနောက် တဦးသည် ဂုဏ်သရေ ညှိုးနွမ်းစွာ နိုင်ငံမှ ထွက်ပြေးရသည်။ တဦး လုပ်ကြံခံရသည်။ တဦး မှာ သေဒဏ်ပေး ခံရသည်။ သုံးဦး၏ မိသားစုဝင်များ ထောင်ချခံရသည်။ တဦး မိမိကိုယ်မိမိ သေကြောင်းကြံသည်။ တဦး တရားစွဲဆို ခံရသည်။
“တောင်ကိုရီးယား သမ္မတတွေမှာ အာဏာတွေ အရမ်းများတယ်။ ဒါကြောင့် သူတို့တွေ အများကြီး လုပ်ပေးနိုင်မယ် လို့လည်း လူတွေက မျှော်လင့်ကြတယ်။ ဒီတော့ ၁ နှစ်လောက်လည်း ကြာရော လူတွေက စတင် စိတ်ပျက်လာပြီး လက်အောက် ငယ်သားတွေ၊ မိသားစုတွေ ပါဝင်ပတ်သတ်တဲ့ အရှပ်တော်ပုံတွေ ကြုံရတာပဲ။ သူလည်း ဒီလိုမျိုးကနေ မလွတ်နိုင်ဘူး ထင်တယ်” ဟု မိုက်ခ်ဘရင်းက ပြောသည်။
(www.atimes.com တွင် ဖော်ပြထားသည့် Andrew Salmon ၏ Stars align for Moon ကို ဘာသာပြန်သည်။)