သတင်း

အဓမ္မပြုကျင့်သည်ဟု တိုင်တန်းခံရသော ကလေးနှစ်ဦးကို လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိနယ်မြေ ရဲစခန်းအပိုင်ဖြစ်သည့် သာယာအေးရပ်ကွက်တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်တန်းခံထားရသော အသက် ၁၂ နှစ်နှင့် ၁၃ နှစ် ကလေးငယ်နှစ်ဦးကို မော်လမြိုင်မြို့ရှိ စမ်းကြီး လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထားကြောင်း ဇေယျာသီရိ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မိန်းကလေးငယ်၏ အဖွားဖြစ်သူက ၎င်း၏မြေးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရဲစခန်းထံ တိုင်ကြားသဖြင့် တိုင်တန်းခံထားရသည့် အသက်မပြည့် ကလေးနှစ်ဦးကို ဇေယျာသီရိ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေမပုဒ်မ ၃၇၆၊ ၅၁၁ အရ အမှုဖွင့်၍ ရဲစခန်းတာဝန်ရှိသူများ စစ်ဆေးပြီး လူငယ်သင်တန်းကျောင်း၌ ထိန်းသိမ်းစေခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းတာဝန်ရှိသူတဦးထံမှ သိရသည်။

မိန်းကလေးငယ်အား အထက်ပါ ယောက်ျားလေးနှစ်ဦးက အိမ်အောက်တခုသို့ ခေါ်ဆောင်သွားပြီး မိန်းကလေးကို ပါးတစ်ချက်ရိုက်ပြီးနောက် အဓမ္မပြုကျင့်မှုကို ပြုလုပ်ခဲ့သည်ဟု မိန်းကလေးငယ်က ဆိုသည်။

အဓမ္မပြုကျင့်သည်ဟု တိုင်ကြားမှုနှင့် ပတ်သက်၍ ဆရာဝန်၏ ဆေးစစ်ချက်အဖြေကို မသိရှိရသေးသဖြင့် အမှု ကျူးလွန်ခြင်း မြောက်မမြောက်ကိုတော့ မသိရသေးပေ။ ပုဒ်မ ၃၇၆ သည် မုဒိမ်းမှု ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၁၁ သည် ပြစ်မှုကျူးလွန်ရန် အားထုတ်ခြင်း ပုဒ်မဖြစ်သည်။

အခင်းဖြစ်ပွားစဉ် မိန်းကလေးငယ်၏ မိဘနှစ်ပါးသည် ကရင်ပြည်နယ်ဘက်သို့ ဈေးရောင်းထွက်သွားချိန်ဖြစ်ပြီး သမီးဖြစ်သူမှာ စာမေးပွဲ ဖြေဆိုရမည်ဖြစ်၍ နေအိမ်တွင် အဖွားဖြစ်သူနှင့် ထားရှိခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေး၏ မိခင်ဖြစ်သူက ဆိုသည်။

Loading