ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မွတ်စလင် လူနည်းစုများ ဖိနှိပ်ခံနေရခြင်းကို လွတ်လပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ က တောင်းဆိုအပြီး စုံစမ်းစစ်ဆေးမှုများသည် မျှတ၍ ဘက်လိုက်မှု ကင်းမည်ဟု မယုံကြည်သောကြောင့် မည်သည့် စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း မြန်မာအစိုးရက ပြောသည်။
နေပြည်တော်ရှိ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “မြန်မာနိုင်ငံက ဒီလိုပဲ လွတ်လပ်တယ်လို့ပြောတဲ့ ယန်ဟီလီလို သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ သို့သော်လည်း ခရီးစဉ်အပြီး ပြောကြားချက်တွေက မျှတမှု မရှိဘူး။ ဒါကြောင့် (ကုလသမဂ္ဂကလည်း တောင်းဆိုထားတဲ့) Fact Finding Mission ကိုလည်း လက်မခံဘူး။ အလားတူ ပြည်ပက လာရောက်စစ်ဆေးမှုမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့၏ ဥက္ကဋ္ဌ Mr. Pier Antonio Panzeri က မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ မွတ်စလင် လူ့နည်းစုများ၏ အခွင့်အရေးကို မြန်မာအစိုးရက ဖိနှိပ်ထားကြောင်း တွေ့ရှိရ၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တခုဖြင့် စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။
ဥရောပ ပါလီမာန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ၎င်းက“ကိုဖီအာနန် အစီရင်ခံစာက ထွက်တာ ကြာနေပြီ။ ပြီးတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း ဒီအစီရင်ခံစာက မခြုံငုံနိုင်တဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု လုပ်ဖို့ လိုပါတယ်။ ကျနော်ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလ ဖြစ်ရပ်ကြီးဟာ အကြောင်းကြောင်းကြောင့် ရပ်တန့်သွားမယ်ဆိုရင် ပြီးခဲ့တဲ့ ကျော်ဖြတ်ခဲ့ပြီးသား ကာလက အခက်အခဲတွေကို ပြန်လည် ကြုံတွေ့ရချေရှိတယ်”ဟု ပြောသည်။
သို့သော်လည်း ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာပြည်သူများ နားလည် ကြုံတွေ့ရခြင်းနှင့် ပြည်ပနိုင်ငံများက ထင်မြင်ယူဆမှုကြားတွင် ကွာဟချက် များစွာ ရှိနေကြောင်း၊ လက်တွေ့ကြုံတွေ့ခံစားနေရသည့် မြန်မာပြည်သူများ၏ စိုးရိမ်မှုနှင့် အတွ့အကြုံကို ထည့်သွင်း စဉ်းစား မှုမရှိပါက ယခု ကွာဟချက် ဆက်ရှိနေဦးမည် ဖြစ်ကြောင်း၊ ယခုလို ဘာကြောင့် ကွာဟချက် ကြီးမားနေသည်ကို နိုင်ငံတကာမှ သူများ သုံးသပ်ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက တုံ့ပြန်ပြောသည်။
“Independent international investigation ဆိုတာနဲ့ပတ်သက်လို့ နိုင်ငံတကာက ဒီလိုစစ်ဆေးမှုတွေဟာ မျှတပြီး ဘက်လိုက်မှု ကင်းမယ်လို့ အများစုက ယုံကြည်မှု မရှိဘူး။ လိုအပ်တယ်လို့လည်း မယူဆဘူး”ဟု ၎င်းက ပြောသည်။
ယမန်နှစ် ဩဂုတ်လ လုံခြုံရေးစခန်းများအား စစ်သွေးကြွများက တိုက်ခိုက်အပြီး တပ်မတော်၏ တန်ပြန်စစ်ဆင်ရေးအတွင်း လူ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ထွက်ပြေးကြရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက လူမျိုးသုဉ်းရှင်းလင်းမှုဟု အမည်တပ် စွပ်စွဲခဲ့သည်။ ထို့အပြင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။ သို့သော် မြန်မာအစိုးရက ပယ်ချခဲ့ပြီးဖြစ်သည့်အပြင် မြန်မာလူထု အများအပြားကလည်း မြန်မာအစိုးရ၏ ပယ်ချမှုကို သဘောတူကြသည်။
မြန်မာပြည်၏ အဓိက ပြဿနာမှာ ဘင်္ဂလီအရေး မဟုတ်ဘဲ ဒီမိုကရေစီ အပြောင်းအလဲသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မအောင်မြင်သရွေ့ ရခိုင်ပြဿနာမှာ မပြေလည်နိုင်သေးကြောင်း တိုင်းရင်းသားအရေးနှင့် နယ်စပ်ရေးရာ လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
“မြို့နယ် ၃၃၀ မှာ မြို့နယ် ၂ ခုလောက်မှာ ဖြစ်နေတာ။ ဗမာပြည်ရဲ့ အဓိက ဒီမိုကရေစီ အပြောင်းအလဲကို မမြင်ဘဲနဲ့ ဒီဟာ တခုတည်း ဇောင်းပေးပြောနေမယ်ဆိုရင် ဒါကိုပဲ လုပ်နေမယ်ဆိုရင် ဗမာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို ထိခိုက်မှာပဲ။ ကျနော်တို့ဘက်လည်း တိုင်းပြည်ရဲ့ အပြောင်းအလဲက ဘာလဲဆိုတာကို ပေါ်လွင်အောင် နိုင်ငံတကာကို ရှင်းပြနိုင်ဖို့ အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို လက်ခံရန် ဆိုသည်မှာလည်း အစိုးရတရပ် အနေဖြင့် လက်ခံရန် ခဲယဉ်းကြောင်း၊ မည်သည့် အစိုးရမဆို လက်ခံမည် မဟုတ်ကြောင်း၊ ထို့ကြောင့် အစိုးရ လုပ်နိုင်သည်မှာ ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းလွတ်လပ်ခွင့်ကို တတ်နိုင်သမျှ ပေးရန်သာ ဖြစ်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့်ပတ်သက်ပြီး ဖြေရှင်းရန် ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်က အကြံပေးချက် ၁၆ ချက်ပါဝင်သော အစီရင်ခံစာကို အကောင်အထည်ဖော်ရေး အစိုးရနှင့် တပ်မတော်ကြား သဘောမတူညီမှုများ ရှိနေကြောင်းအပြင် အနောက်နိုင်ငံများနှင့် မြန်မာအစိုးရ တို့ကြား ရခိုင်ဖြစ်ရပ် ဇာတ်လမ်းများအပေါ် ကြီးမားစွာ ကွာဟမှုကြီး ရှိနေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ရေး ကော်မတီ အကြံပေး အဖွဲ့ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ခန့်အပ်ခြင်း ခံရသူ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီရတ် ဆတ်သီရာထိုင်းက ဘန်ကောက်ပို့စ် သတင်းစာ အင်တာဗျူးတွင် ပြောထားသည်။
နေပြည်တော်တွင် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ဝင်တဦးကလည်း လူ ၆ သိန်းမှာ အကြောင်းမဲ့ ထွက်မပြေးနိုင်ကြောင်း၊ ၎င်းတို့သည် တခြား ဒေသတခုတွင် ဆိုးဝါးစွာ နေထိုင်ရှင်သန်နေရကြောင်း၊ ထို့ကြောင့် ယင်းဒေသကို ကုလသမဂ္ဂကို ဝင်ရောက်လေ့လာခွင့် ပြုရမည် ဖြစ်ကြောင်း၊ အခြေအနေများမှာ စိတ်ပျက် ဝမ်းနည်းစရာကောင်းပြီး ယခုကိစ္စကြောင့် မြန်မာ-အီးယူ ဆက်ဆံရေးမှာ ထိခိုက်လွယ်သည့် အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဆိုသည်။
“ဒီလိုတွေ ဘာကြောင့် ဖြစ်တယ်ဆိုတာကို သိရှိဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တခု လိုပါတယ်။ အဲဒါမှ အဖြစ် မှန်တွေကို ဖော်ထုတ်ရှိမှာ ဖြစ်ပါတယ်။ ဘယ်သူတွေက ဒီဖြစ်ရပ်တွေရဲ့ လက်သည်ဖြစ်တယ်ဆိုတာကို နိုင်ငံတကာခုံရုံးလို နည်းလမ်းများနဲ့ အကြောင်းကြောင်းကြောင့်သာ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ရပ်များ ကျူးလွန်သူတွေအတွက် တရားဥပဒေဆီကို သယ်ဆောင်ဖို့ နည်းလမ်း မရှိဘူးဆိုရင် နိုင်ငံတကာ ခုံရုံးလို နည်းလမ်းမျိုးနဲ့ ချည်းကပ်သင့်တယ်လို့ မြင်ပါတယ်”ဟု ယင်းအဖွဲ့ဝင်က ပြောသည်။
သို့သော် ရခိုင်အရေးသည် ခုံရုံးတခုခုသို့ ရောက်လာရေး အခွင့်အလမ်းက အလွန်နည်းပါးသည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး၏ အဖွဲ့ဝင် မဟုတ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ် နိုင်ငံက အမြဲတမ်း အဖွဲ့ဝင် ဖြစ်နေသည့် အနေအထားကြောင့် မြန်မာ့တပ်မတော်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်သည်ဟု လုံခြုံရေးကောင်စီက ကြေညာဖွယ်ရာ ရှိလိမ့်မည် မဟုတ်ကြောင်းလည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောထားသည်။
ရခိုင်ပြည် မြောက်ပိုင်းနှင့် ပတ်သက်ပြီး နေပြည်တော်နှင့် နိုင်ငံတကာအသိုင်းအဝန်းကြား ကွာဟချက်အား ပြန်လည် ရင်ကြားစေ့ပေးမည့် ပထမဆုံး အကြောင်းမှာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် အများအပြား ပြန်လည်ဝင်ရောက်လာနိုင်ရေးအပေါ် မှီတည်နေသည်။ နေရပ်စွန့်ခွာသူများ လုံခြုံစွာ ပြန်လာရေး အာမခံချက်ပေးခြင်းနှင့် လုပ်ငန်းအဆင့်ဆင့်တွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၊ နိုင်ငံတကာ ကြက်ခြေနီနှင့် အာဆီယံနိုင်ငံများ ပါဝင်သင့်ကြောင်း ဆူရာကီရတ် ဆတ်သီရာထိုင်းက အဆိုပြုထားသည်။