ချင်းပြည်နယ်အတွင်း ပေါက်ရောက်နေသော တောင်ဇလပ်ပန်းများ ခူးခြင်း-ခုတ်ခြင်းနှင့် တောရိုင်း တိရစ္ဆာန်များ အား သတ်ဖြတ်ခြင်းများ လုပ်ဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။
ချင်းပြည်နယ်၏ အမှတ်လက္ခဏာ တခုဟု ဆိုရမည့် တောင်ဇလပ်ပန်းများသည် မင်းတပ်၊ မတူပီ၊ ဖလမ်း၊ တီးတိန်တို့တွင် အများဆုံးပေါက်ရောက်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မျိုးတုံး မပျောက်ကွယ် ရေးအတွက် မခုတ်ရန်နှင့် တောရိုင်းတိရစ္ဆာန်များကိုလည်း မသတ်ဖြတ်ရန် တားမြစ်ထားကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က “နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က လည်း တောင်ဇလပ်ပန်းကို ထိန်းသိမ်းဖို့ လမ်းညွန်ထားတယ်။ သဘောဝတောရိုင်းရစ္ဆာန်တွေ မျိုးမတုံးရေးအတွက် ကာကွယ်စောင့်ရှောက်ဖို့လိုတယ်လေ။ အခု အောက်ချင်းငှက်တွေဆို တော်တော်လေး မျိုးတုံးနေပြီ ဒါကြောင့် ကျနော်တို့ တောင်ဇလပ်ပန်း မခူးရ၊ မခုတ်ရဘူးဆိုပြီးတော့ တားမြစ်ထားတယ်။ တောရိုင်းတိရစ္ဆာန်တွေ မသက် ရဘူးဆိုပြီး တားမြစ်ထားတယ်။ ဒါကို မလိုက်နာရင်တော့ နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အရေးယူ သွားမယ်”ဟု ပြောသည်။
မကြာသေးမီကလည်း တောင်ဇလပ်ပန်းများ ရရန်အတွက် အကိုင်းများကို ခုတ်ကာ သယ်ဆောင်နေ သည့် ဓာတ်ပုံများ လူမှုကွန်ရက် Facebook ပေါ်တွင် တွေ့ရသည့်အတွက် ဝေဖန်မှုများထွက် ပေါ်ခဲသည်။
ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးမာန်ဟင်းဒါးလ်က လည်း တောင် ဇလပ်ပန်းများ မခူးရန်/ မခုတ်ရန် နှင့် သဘောဝတောရိုင်းတိရစ္ဆာန်များ မသတ်ဖြတ်ရန် ချင်းပြည်နယ်အစိုး ရ အဖွဲ့က မေတ္တာရပ်ခံထားကြောင်း၊ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်လည်း ဒေသန္တရအမိန့်ထုတ်ပြန် ၍ ဆောင်ရွက်သွားမည်ဟု ပြောသည်။
လက်ရှိတွင် ဒေသန္တရအမိန့် ထုတ်ပြန် တားဆီးနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က ချင်းပြည်နယ် ဥပဒေချုပ်ရုံးတွင် သဘောထား တောင်းခံထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ဝန်ကြီး ဦးမာန်ဟင်းဒါးလ်က “ကျနော်တို့ ဥပဒေချုပ်ကို သဘောထား တောင်းထားပြီး။ မကြာခင် ထုတ်တော့ မယ် ဒေသန္တရအမိန့်ကို။ ဒါပေမယ့် အရေးယူတာကျတော့ ကျနော်တို့ ပြည်ထောင်စု အစိုးရ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း အရေးယူမယ်”ဟု ပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ဇလပ်ပန်းများ ခူးခြင်း၊ ခုတ်ခြင်း မပြုလုပ်ရန်နှင့် သဘောဝ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် တားမြစ်သည့်အပေါ်ကို မလိုက်နာပဲ ကျူးလွန်ပါက တောရိုင်း တိရစ္ဆာန်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ သစ်တော ဥပဒေတို့ဖြင့် အရေးယူ သွားမည်ဟု သိရသည်။
သို့သော် ချင်းပြည်နယ်အပါအဝင် တောင်ပေါ်ဒေသများရှိ တိုင်းရင်းသားများအတွက် အမဲလိုက်ခြင်း မှာ ရှေးကတည်းက ရှိခဲ့ရာ ရိုးရာသဖွယ် ဖြစ်လျှက်ရှိနေသည်။