၂၀၁၇- ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ လျှပ်စစ်ဓာတ်အားပြတ် တောက်မှု မရှိ စေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကြိုတင် ပြင်ဆင်ထားမှုများ စီမံထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ လစဉ် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ (လျှပ်စစ်) ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် က မီဒီယာများကိုပြောသည်။
ဦးဌေးအောင်က ” အခု ဆယ်တန်းစာမေးပွဲကာလက အရေးပေါ်ကာလမို့ ဓာတ်အားပြတ်တောက်မှု မရှိစေရေး အတွက် သက်ဆိုင်ရာ မြို့နယ်များ အတွင်းမှာရှိတဲ့ ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်း ကြံ့ခိုင်မှု တွေကို ကွင်းဆင်းပြီး စစ်ဆေးမှု တွေ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၇ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး၊ အဆိုပါ စာမေး ပွဲကာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာတိုင်း ဒေသကြီး နှင့်ပြည် နယ်၊ ခရိုင်နှင့် မြို့နယ်တို့မှအင်ဂျင်နီယာများပါဝင်သည့် အနီးကပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်း ထား ကြောင်း ဦးဌေးအောင်က ရှင်းပြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆၆/၃၃ ကေဗီ ဓာတ်အားခွဲရုံ ၁၇ ရုံ၊ ၆၆/၁၁ ကေဗွီဓာတ် အားခွဲရုံ ၁၁၆ ရုံ၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၂၆၆ ရုံ၊ ဓာတ်အားစနစ်မရရှိသောဒေသများတွင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃၀ နှင့် ဒီဇယ်ဓာတ်အားပေးစက် ၆၀၄ လုံးတို့ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားရန် ကြိုတင်စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ပုံမှန်ဓာတ်အား ပို့လွှတ်ထားစဉ် ဓာတ်အားခွဲရုံရှိပစ္စည်းကိရိယာများနှင့် ဓာတ်အားလိုင်းများ ချို့ ယွင်းမှုကြောင့် ဓာတ်အားပြတ်တောက်ခဲ့ပါက ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်ရန်နှင့် ပြင်/ ထိန်းလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း အရေးကြီးနေရာများသို့ အရံမီးစက်များဖြင့် ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။
လက်ရှိတွင် ဓာတ်အားမပြတ်တောက်စေရေးအတွက် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများကို ကြိုတင်စစ်ဆေးခြင်းများ၊ သစ်ပင်ခုတ်ခြင်း၊ အဆောက်အဦဆောက်ခြင်းလုပ်ငန်းများကြောင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှု လုပ်ငန်းများကို မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဦးဌေးအောင်ကပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှအပ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း လက်အောက်ရှိ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စာစစ်ဌာနစုစုပေါင်း ၁၁၈၆ ခုရှိရာ တာဝန်ချထားသည့် စာစစ်ဌာနပေါင်း ၉၈၉ ခုရှိကြောင်း၊ ဓာတ်အားစနစ်မရှိသည့် စာစစ်ဌာနပေါင်း ၁၉၇ ခုနှင့် အရံမီးစက်ချထားမှု ၅၈၁ ခုတို့ကို စီမံထားရှိမည်ဖြစ်သည်။