ဆန္ဒထုတ်ဖော်ရာတွင် အသုံးပြုမည့် ခန့်မှန်းကုန်ကျစရိတ်နှင့် အကုန်အကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အချက်များကို ပြဌာန်းပြီးဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ တွင် ထည့်သွင်း ပြင်ဆင်၍ ပြဌာန်းရန် စီစဉ်နေကြောင်း သိရသည်။
လက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွင် အထက်ပါ အချက်များ မပါဝင်သော်လည်း ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးချ၍ နိုင်ငံ၏ အကျိုးစီးပွား ကို သိလျက်နှင့်တမင် အဖျက်အမှောင့် လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လာ သဖြင့် ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်ပြရခြင်း ဖြစ်သည်ဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောသည်။
ဒေါက်တာ မြတ်ဉာဏစိုးက“စာရွက် ဖြန့်ထားတဲ့ အတိုင်းပဲ အထူးဖြေစရာ မရှိပါဘူး။ ပြင်ထားတာတွေကလည်း လွှတ်တော် မှာ တင်ထားတဲ့အတိုင်းပဲ။ ရည်ရွယ်ချက် အကျိုးအကြောင်း ဖော်ပြချက်လည်း ပါပြီးသားပဲ။ ဘာမှ အထူးပြောစရာ မရှိဘူး” လဟု လွှတ်တော်အပြီးတွင် တယ်လီဖုန်းမှတဆင့် ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးကြမည် ဖြစ်ပြီး ပြင်ဆင်လိုသူများ၊ ဆွေးနွေးလိုသူများရှိပါက အမည်စာရင်း ပေးနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ က ကြေညာခဲ့သည်။
တည်ဆဲ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွင် တင်ပြရသည့် အချက်များမှာ နေရာ၊ နေ့ရက်၊ အချိန်အပိုင်းအခြား၊ ဟောပြောမည့် အကြောင်းအရာ၊ ကြွေးကြော်သံ၊ လမ်းကြောင်း၊ ဦးဆောင်မည့် ပုဂ္ဂိုလ် ၏ ကိုယ်ရေး အချက်အလက်၊ အစီအစဉ်နှင့် ခန့်မှန်း လူဦးရေတို့ကိုသာ ၄၈ နာရီ စော၍ သက်ဆိုင်ရာသို့ တင်ပြရခြင်း ဖြစ် သည်။
ပဲခူးတိုင်းမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ယခု ဥပဒေကို ပြင်ဆင်မည် ဖြစ်သော်လည်း တည်ဆဲ ဥပဒေအရ လွတ်လပ်စွာ ပြောဆိုခွင့်မှာ ရှိနေဦးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက် နိုင်ရန် ယခု ဥပဒေကို ပြင်ဆင်ခြင်း ဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်တွင် ဒေါက်တာ အေးမောင် ၏ ဖြစ်စဉ်ကို ကြည့်၍ ပြည်သူများ ဒုက္ခမကြုံစေရန် ယခုလို ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“တလောက ဖြစ်သွားသလို နိုင်ငံတော်ကို အကြည်ညို ပျက်စေတာတို့၊ ဆူပူမှုကို ဖြစ်စေတာတို့ကို အဲဒါမျိုးတွေကို ရှောင်ရှား ချင်တာ။ သေချာတော့ လေ့လာရဦးမယ်။ ပါလာတာက ဘယ်သူက ထောက်ပံ့တာလဲပေါ့။ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တယ်ဆိုရင်တော့ ငြင်းစရာ မရှိပါဘူး။ ရည်ရွယ်ချက်မကောင်းဘူး ဆိုရင်တော့ တချို့ကိစ္စလေး တွေမှာ ကြိုပြောဖို့ ခက်တယ်။ အခုမှ ရတာ ဆိုတော့ လေ့လာကြည့်ရဦးမယ်”ဟုလည်း ဒေါ်ရွှေရွှေစိန်လတ်က ပြောဆို သည်။
အမျိုးဘာသာ စောင့်ရှောက်ရေးအတွက် အစိုးရကို ဆန္ဒပြလေ့ရှိသူ စာရေးဆရာ မောင်သွေးချွန်က ယခု ငြိမ်း၊ စု၊ စီ ဥပဒေ ကို ပြဌာန်းခဲ့သည့် ဦးသိန်းစိန် လက်ထက်တွင်လည်း ဥပဒေကို ကန့်ကွက်ခဲ့ကြောင်း၊ ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ဥပဒေကို ပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့သော်လည်း ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် မကိုက်ညီ၍ ကန့်ကွက် ခဲ့ကြောင်း ပြောသည်။
မောင်သွေးချွန်က “ဒီဘက်ခေတ်မှာလည်း ဒီပုဒ်မကြီး(ပုဒ်မ ၁၈)ကို ဆက်ပြီး ကိုင်တွယ်နေတဲ့အပေါ် ကျနော်တို့ ဝေဖန်ခဲ့ တယ်။ အခုလည်း ထပ်ပြီးတော့တောင် တင်းကျပ်ဖို့ လုပ်နေတယ်။ ဒီမိုကရေစီ စံချိန်တွေနဲ့ မညီတာကို တွေ့ရတယ်။ အခု စပွန်ဆာ ကိစ္စမှာလည်း အများရန်ပုံငွေလည်း ရှိချင်ရှိမယ်။ တဦးတယောက်က လှူတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီဟာ တွေ အပေါ်မှာ ဒါကပြစရာ မလိုဘူးလေ”ဟု ဆိုသည်။
၎င်းက ဆက်၍ “ဒီလိုပြရတယ်ဆိုတာ နိုင်ငံတကာမှာလည်း မရှိဘူး။ သူတို့ပြောပြောနေတဲ့ နိုင်ငံတကာမှာလည်း ဘယ်သူ က ထောက်ပံ့တယ်ဆိုတာ မတင်ပြရဘူး။ အနီးဆုံး ထိုင်းမှာကြည့်။ မလေးရှားမှာလည်း မလိုဘူး။ ကြိုက်တဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ အာဆီယံနိုင်ငံတိုင်းကို ကြည့်လို့ရတယ်။ ဒီလို ပြင်မယ်ဆိုရင် NLD အစိုးရကို ဒီမိုကရေစီ အာဏာရှင်လို့ ကျနော်တို့ ပြောနေရာကနေ အာဏာရှင်ဘက်ကို ပိုရောက်သွားပြီလို့ပဲ သုံးသပ်ချင်တယ်”ဟုလည်း ပြောဆိုသည်။
လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များတွင် ဂိုဏ်းဂဏ များစွာဖြင့် နောက်ကွယ်မှ ကြိုးကိုင်လိုသူများလည်း ရှိနေရာ ယင်းကိစ္စများကို အကြောင်းပြု၍ ဆန္ဒပြပွဲများဖြင့် ဥပဒေအရ ဆန္ဒထုတ်ဖော်နေခြင်းမှာ ပြဿနာ မရှိနိုင်ကြောင်း၊ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများဖြင့် တဆင့်ပြီး တဆင့် ဖန်တီးလာမည် မဟုတ်ဟု မပြောနိုင်ရာ NLD အစိုုးရသည် ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် ယခု တည်ဆဲ ဥပဒေကို ပြင်ဆင်ရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ကိုသီဟသွေးက ပြော သည်။
“ငြိမ်းစုစီ ဥပဒေကို ပြဌာန်းခဲ့တဲ့ အရင် အစိုးရ၊ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အခု အစိုးရမှာရော သူတို့ အကျိုးစီးပွား ကာကွယ်ဖို့ အတွက်ပဲ အသုံးချခဲ့တယ်။ ပြည်သူကို ကာကွယ်ဖို့ စဉ်းစားတာမျိုး မတွေ့ရဘူး။ မရှိဘူးပေါ့။ မရှိဘူးဆိုတာ အခုက ပို ထင်ရှား သွားပြီ။ ဒီလို ပြင်လိုက်ရင် တိုင်းပြည်ကို နောက်ကွယ်က ကြိုးကိုင်ချင်သူတွေလက်က ကာကွယ်နိုင်အောင် လုပ် တာ ဖြစ်သလို တဖက်မှာလည်း ဆန္ဒပြသူတွေရဲ့ ဆန္ဒထုတ်ဖော်မှုကိုလည်း အတားအဆီး ဖြစ်စေတယ်”ဟုလည်း ကိုသီဟသွေး က ပြောဆိုသည်။
အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီကမူ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့် ကျင်လျှင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းကို အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခု ဥပဒေကြမ်းကို လွှတ်တော် သို့ တင်ပြရခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ငြိမ်းစုစီ ဥပဒေကို NLD အစိုးရ လက်ထက်တွင် နိုင်ငံသားတို့ အနေဖြင့် စနစ်တကျ ဆန္ဒထုတ်ဖော်ခွင့် ရရှိရန် ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက် တောင်းခံရမည့် အဆင့်မှ ကြိုတင် အသိပေး ရမည့် အဆင့်သို့ ဖြေလျှော့ပေးခြင်းအတွက် ၂၀၁၆ ခုနှစ်တွင် ဥပဒေကို ပြင်ဆင်ပေးခဲ့သည်။
ယင်း ဥပဒေကို အဓိက ကျင့်သုံး ဆောင်ရွက်ရသည်မှာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။