ဘင်္ဂလားဒေ့ရှ်က ပေးပို့သော ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းသည် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ အတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ဟုတ်၊ မဟုတ် စစ်ဆေး၍ လက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “အဲဒီ စာရင်း တွေ ပြည်ထဲရေး ဝန်ကြီးဌာနကို ရောက်နေပြီ။ ပြီးရင် အလုပ်သမား ဝန်ကြီးဌာနကို ပေးမယ်။ ဝန်ကြီးဌာနမှာ အရင်တုန်း က စာရင်းတွေ ကွန်ပျူတာထဲမှာ ရှိပါတယ်။ ဓာတ်ပုံတွေလည်း ရှိပါတယ်။ သူတို့ပေးတဲ့ စာရင်းကို ကြည့်ပြီးတေ့ာမှ တိုက် ဆိုင် စစ်ဆေးပါမယ်”ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် နေပြည်တော်၌ ကျင်းပသော မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး အပြီးတွင် မီဒီယာများအား ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသခံ တိုင်းရင်းသား များ နှင့် မွတ်စလင် ဘာသာဝင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့သည်။
ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ၌ မြန်မာဘက်က လက်ခံရန် အဆင်သင့် ပြင်ဆင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်တွင် စိစစ်မှုများ ဆောင်ရွက်နေသဖြင့် သတ်မှတ်ရက်အတိုင်း မပေးပို့နိုင်ခဲ့ပေ။
ထိုသို့ မြန်မာနိုင်ငံ ဘက်မှ နေရပ် စွန့်ခွာ ထွက်ပြေးသူများ ပြန်လည် လက်ခံနိုင်ရန် အတွက် ဘင်္ဂလားဒေ့ရ်ှမှ ပေးပို့လာ သည့် လူဦးရေ ၈၀၀၀ကျော်၏ စာရင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် အလုပ်သမားရုံးသို့ ပေးပို့ သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနဘက်မှ မြို့နယ် အဆင့်၊ ကျေးရွာ အဆင့်ထိ ပြည်တွင်း၌ နေထိုင်ခဲ့ကြောင်း မှန် မမှန်အား စစ်ဆေးမှုများ ပြုလုပ်ပြီးပါက လက်ခံမည့် စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသို့ ပြန်လည်ပေးပို့ သွားမည်ဟု ဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။
ဝန်ကြီး ဦးသိန်းဆွေက “နံပါတ် ၁ မြို့နယ် စစ်မယ်၊ ပြီးရင် ရွာ စစ်မယ်။ တိုက်ဆိုင် စစ်ဆေးရင် ဒီလူသည် ဒီမှာ ယခင် နေတဲ့ သူလား ဆိုတာကို တိတိကျကျ သိရှိမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေက အလွန်ဆုံးကြာ တပတ်လောက်ဆိုရင် အတည် ပြုနိုင်ပါတယ်”ဟု ပြောဆိုသည်။
ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူ ၆ သိန်းကျော်ရှိ ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသား ဖော်ပြမှုများ ရှိသော်လည်း မြန်မာ အစိုးရဘက်က ယင်း အရေအတွက်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သူများ ဟုတ်၊ မဟုတ် ဥပဒေနှင့်အညီ လက်ခံမည်ဟု ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့၌ ဖေဖော်ဝါရီ ၁၆ ရက်က ၂ နိုင်ငံ ကိုယ်စားလှယ်များ အစည်အဝေး ကျင်းပပြီးနောက် နယ် စပ် ကို ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁ ဒသမ ၁ သန်း ဝန်းကျင် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် ဘက်မှ စာရင်း ကောက်ယူ ရရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အဇူဒက်ဇမန်းခန်ကာမယ် (Asaduzzaman Khan Kamal) က ပြောကြားခဲ့သည်ဟု bdnews24.com အွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။
မြန်မာဘက်မှ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်သို့ လွှဲပြောင်းသည့် စာရင်းတွင် အိမ်ထောင်စုပေါင်း ၁၆၇၃ စု ဖြစ်ကြောင်း ဆို သည်။
နယ်စပ်တွင် နေထိုင်ကြဆဲ ဖြစ်သည့် မြန်မာဘက်မှ ထွက်ပြေးလာသူ ၆၀၀၀ ပြန်ဝင်လာနိုင်ရေး ဆွေးနွေးရန် ကော့ဘဇား ဒု ကော်မရှင်နာ မင်းကြီး မက်အလီဟော့စိန် (Md Ali Hossain) မြန်မာနိုင်ငံသို့ အင်္ဂါနေ့တွင် လာရောက်မည် ဖြစ်ကြောင်း လည်း သိရသည်။
မြန်မာဘက်မှ လာသူ ၁ ဒသမ သုည ၆ သန်းကို ဘင်္ဂလားဒေ့ရှ် ဘက်တွင် စာရင်းသွင်း မှတ်ပုံတင်ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး အဇူဒက်ဇမန်းခန်ကာမယ် က ပြောသည်။
“သူတို့ (မြန်မာ) က ဒီလူတွေကို ဘယ်လို ပြန်ခေါ်မှာလဲ ဆိုတာ ကျနော်တို့ ဆွေးနွေးနေပါတယ်။ သူတို့ (မြန်မာဘက်မှ တာဝန်ရှိသူများ) က ပြောတာတော့ ရိုးရှင်းပါတယ်။ ဒုက္ခသည်တွေကို တဖြည်းဖြည်းချင်းပဲ ပြန်လက်ခံမယ်လို့ ပြောပါ တယ်” ဟုလည်း သူက ပြောဆိုသည်။
မြန်မာဘက်မှ ဆွေးနွေးသူ ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး ကာမယ်က ပြောကြားရာတွင် ဘင်္ဂါလီများ နေထိုင်သည့် နေရာမှာ အများကြီး အလားအလာ ကောင်းသည့် နေရာဖြစ်ကြောင်း၊ ၎င်းတို့ အစိုးရက ပြန်ဝင်လာသူများကို ထားရှိရန် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်ဆွဲထားကြောင်း ပြောသည်။
ဘင်္ဂါလီပြန်လည် ထူထောင်ရေးမှာ အဆင့် ၃ ဆင့်ရှိသည် ဟု မြန်မာဝန်ကြီးက ပြောကြောင်း ကာမယ်၏ အဆိုအရ သိရ သည်။
ရိုဟင်ဂျာဟု ဆိုသူ ဘင်္ဂါလီအရေးကိစ္စ ဖြေရှင်းရေး အတွက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) ၏ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်ပြခဲ့သည့် အဆိုပြုချက် ၅ ချက်နှင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက် ၁၀ ချက်ကို ၎င်းတို့ ဆွေးနွေးခဲ့ကြောင်းလည်း သူက ပြောသည်။
“တကယ်လို့ ကျနော်တို့က သူတို့ကို (အခု) ပြန်ပို့တယ် ဆိုရင် ဒီလူတွေနဲ့ အမြဲတမ်းနေဖို့က လူမှုပတ်ဝန်းကျင်မှာ သဟဇာ တ ဖြစ်မှာ မဟုတ်ပါဘူး။ မြန်မာဘက်က ဒါကို လက်ခံပြီးပါပြီ။ သူတို့ ပြန်လည် ထူထောင်ရေး အတွက် တကယ့်ကို လုပ်ပေး မှာပါ” ဟု ကာမယ်က ပြောသည်။
ဟာဆီနာ၏ အဆိုပြုချက်များတွင် ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှု ထာဝရ ချုပ်ငြိမ်းရေး၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်ဖွဲ့ရေး၊ ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်၌ မြန်မာဘက်ခြမ်းတွင် ဘေးကင်းဇုန် ဖန်တီးရေး၊ အတင်း အကျပ် ရွှေ့ပြောင်းခံရသည့် ဘင်္ဂါလီများအား ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည် ဝင်လာနိုင်ရေးနှင့် အာနန်ကော်မရှင်၏ အစီရင်ခံစာ အကောင်အထည်ဖော်ရေးတို့ ပါဝင်သည်။
အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဒုက္ခသည် ပြန်လည် လက်ခံရေးအစီအစဉ်မှာ တိကျသည့် ရက်စွဲ မရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့သည်။
“အရင်ဆုံး သူတို့က ကျနော်တို့ စာရင်းကို စစ်မယ်ဗျာ။ ပြီးရင် မကြာမီမှာ ဘယ်လို ပြန်ခေါ်မလဲဆိုတာ သူတို့ ဆုံးဖြတ် မယ်။ ပူးပေါင်းအဖွဲ့က မကြာခဏ တွေ့မှာ ဖြစ်ပါတယ်။ ၂ ဖက်စလုံးက ပြန်လည် လက်ခံရေး သဘောတူပြီးပါပြီ” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက ဆက်လက်၍“သူတို့ စကားတွေကို ကျနော်တို့ ယုံချင်ပါတယ်။ ပြီးတော့ သူတို့ဟာ ကျနော်တို့ရဲ့ ယုံကြည်စိတ်ချမှု ရနေပါတယ်။ သူတို့ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီတွေကို ပြန်ခေါ်မှာပါ” ဟု ဖြည့်စွက်ပြောသည်။
မြန်မာဘက်ခြမ်းတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ထုတ်လုပ်သည့် စက်ရုံ ၄၉ ရုံ ရှိသည်ကို ဘင်္ဂလားဒေ့ရှ်က မီးမောင်း ထိုးပြ ခဲ့ပြီး ဖြစ်ကြောင်း၊ ရာဘဆေးပြားများ မှောင်ခိုကုန်နေခြင်းကို ဟန့်တားပေးရန်လည်း မြန်မာကိုယ်စားလှယ် အဖွဲ့ကို မိမိတို့ တောင်းဆို တိုက်တွန်း ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး က ပြောသည်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့ ကလည်း ယင်းစက်ရုံများ ပိတ်နိုင်ရန် ကြိုးပမ်းမည်ဟု ဆိုကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းတွေ့ဆုံမှု၌ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့တွင် လုံခြုံရေးအတွင်းဝန် ဖရက်အူဒင်အာမက် ချောင်ဟူရီ (Farid Uddin Ahmed Chowdhury)၊ ပြည်သူ့လုံခြုံရေး အတွင်းဝန် မိုစတာဖာ ကာမယ်အူဒင် (Mostafa Kamal Uddin)၊ ရဲစစ်ဆေးရေးမှူးချုပ် ဂျာဘတ်ပက်ဝါရီ (Jabed Patwary)၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အဘူဟိုစိန် (Abul Hossain)၊ ကမ်းရိုးတန်း လုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ဆိုင်းဖူးအေဘီဒင် (Saiful Abedin) နှင့် အခြားသူများ ပါဝင်ကြသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပြည်ထဲရေး အတွင်းဝန် ဦးတင်မြင့်၊ နိုင်ငံခြားရေး အတွင်းဝန် ဦးမြင့်သူ၊ ရဲချုပ် အောင်ဝင်းဦး နှင့် မြန်မာသံအမတ်ကြီး ဦးလွင်ဦးတို့ ပါဝင်ကြောင်း သိရသည်။