အသံချိုချိုလေးနဲ့ ပေါ့ပ်သီချင်း အေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော် ဖြိုးပြည့်စုံက သင်္ကြန် မတိုင်ခင်ကာလမှာ ကျန်းမာရေးဘက်ကို အာရုံစိုက်ပြီး သူ့ရဲ့သည်းခြေမှာ ကျောက်တည်နေတာကို ဘန်ကောက်မှာ သွားရောက်ပြီး ဆေးကုသမှု ခံယူမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သင်္ကြန်မတိုင်ခင် ကာလမှာတော့ ကျန်းမာရေးကို နည်းနည်း အာရုံစိုက်တာပေါ့နော်။ လူက ကျန်းမာပေမယ့် အထဲမှာ သည်းခြေ ကျောက်တည်နေတော့ ဆရာဝန်တွေက လုပ်စေချင်နေပြီ။ ကျနော်က ပေတေပြီး နေနေတာ။ ဒီ ဖေဖော်ဝါရီ လကုန် ပိုင်းလောက်ကို ထိုင်းနိုင်ငံကိုသွားပြီး ကျန်းမာရေး စောင့်ရှောက်မှု သွားယူမယ်”လို့ အဆိုတော် ဖြိုးပြည့်စုံက ပြောပါတယ်။
ဆေးကုသမှု ခံယူပြီးပါက မတ်လနဲ့ ဧပြီလများမှာ ဖျော်ဖြေရန်အတွက် ဖျော်ဖြေပွဲများကိုလည်း လက်ခံထားပြီး သင်္ကြန်ပြီးရင် အဆိုတော် အောင်ထက်နဲ့ တွဲပြီးထုတ်မယ့် “Love Song” သီချင်းခွေ ထွက်ဖို့နဲ့ အခြား အခွေများ ဆက်တိုက် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“သင်္ကြန်ပြီးရင်တော့ အောင်ထက်နဲ့ ကျနော် တွဲလုပ်ထားတဲ့ “Love Song” အခွေလေး ရှိပါတယ်။ ပြီးရင် “မျှော်နိုင်သမျှ” Music Video ထွက်ဖို့ရှိပါတယ်။ နောက်ထပ် ကျနော့်ရဲ့ ဒုတိယ တကိုယ်တော် အခွေ ထွက်ဖို့လည်း ရှိပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
တေးသံရှင် ဖြိုးပြည့်စုံဟာ Melody World သီချင်းဆိုပြိုင်ပွဲမှ တဆင့် အနုပညာလောကထဲကို ဝင်ရောက် လာခဲ့ပြီး “မျှော်နိုင်သမျှ” ဆိုတဲ့ တကိုယ်တော် သီချင်းခွေ ထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ ဆရာဝန်၊ အဆိုတော် တယောက် ဖြစ်ပါတယ်။