ထိုင်းနိုင်ငံသို့ တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက် အလုပ်လုပ်ကြသည့် မြန်မာများ အနေဖြင့် နေရပ်ရင်းသို့ ပြန်ရာတွင် တရားဝင်လမ်းကြောင်းများမှ ပြန်ရန် အလုပ်သမားများ အရေးဆောင်ရွက် နေသူများက တိုက်တွန်း ပြောဆိုလိုက်သည်။
နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများ အနေဖြင့် တရားမဝင် လမ်းကြောင်းများမှ ပြန်ပါက ဖမ်းမိလျှင် ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ နိုင်ငံကူးလက်မှတ်များကို ဖျက် သိမ်းပြီး ပြည်ဝင်ခွင့်ပါ ပိတ်ခံရနိုင်သောကြောင့် ထိုသို့ သတိပေးရခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့် ရှောက်ရေး အဖွဲ့ (AAC) တာဝန်ခံ ဦးရဲမင်း က ပြောသည်။။
ဦးရဲမင်း က “တရားဝင် ပတ်စပို့စ်ရှိရဲ့နဲ့ တရားမဝင်ဂိတ်တွေကနေ ဖြတ်သန်းတဲ့ အတွက် မိရင် စာအုပ်ကို Cancel တုံးထုလိုက် တာပေါ့။ဒီလို ထုခံလိုက်ရတဲ့ အလုပ်သမားဆိုရင် ထိုင်းကို ၄-၅ နှစ် ပြန်ဝင်ဖို့ မလွယ်တော့ဘူး။ ပြည်ဝင်ခွင့် ပိတ်ခံရတဲ့ သဘောမျိုး ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး နှစ်နိုင်ငံ နယ်စပ် မဲဆောက်မှ မြဝတီမြို့သို့ ပြန်ရာ၌ တရားဝင် ချစ်ကြည်ရေး တံတားမှမပြန်ဘဲ သောင်ရင်းမြစ်ကမ်းရှိ တရားမဝင်ဂိတ်များမှ တဆင့် ဖြတ်ကူးရာ ဖမ်းမိပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခံရသူများ ရှိနေ၍ ယခုကဲ့သို့ သတိပေး ပြောဆိုရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
မဲဆောက်နှင့် မြဝတီ မြို့ အကြားရှိ တရားဝင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အနီးရှိ တရားမဝင် ပွဲစားများက ချစ်ကြည်ရေး တံတားမှ မဟုတ်ဘဲ နယ်စပ်ဂိတ်ကို ဖြတ်ကူးပေးမည်ဟု ခေါ်ဆောင်ရာမှ တဆင့် အဖမ်းခံရသည့် အလုပ်သမားအချို့လည်း ရှိကြောင်း သိရသည်။
ဘန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းနိုင်ငံ နေရာအနှံ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် လုပ်ကိုင် နေကြ ၏သည့် မြန်မာများ အနေဖြင့် တရားဝင်နယ်စပ်ဂိတ်ပေါက်များမှ အထွက်တုံးထု၍ ပြန်လျှင် ဘတ် ၁ ထောင် (ကျပ် ၃၅၀၀၀) ခန့်ဆောင် ရမည်စိုး၍ တရားမဝင် နယ်စပ်ဂိတ်ပေါက်များမှ ပြန်နေကြခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၏ မဲဆောက်အခြေစိုက် အလုပ်သမား သံအရာရှိ ဦးအောင်ခင်မြင့် က “စာအုပ်နဲ့ မြန်မာပြည် ပြန်မယ်ဆိုလို့ရှိရင် အပြီးပြန်မယ်ဆိုလည်း ထွက်ခွာ တုံးထုသွားပေါ့။ ပြန်ဝင်လာမယ်ဆိုရင်လည်း ပြန်ဝင်ခွင့် တုံးကြီထုပြီးတော့ ပြန်ဝင်လာပေါ့။ အဲဒါဆိုရင် ဘာမှလည်း အန္တရာယ် မရှိပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်တော့ ရှိမှာပေါ့။ ဒါလေး တော့ လိုက်နာပေးဖို့ လိုအပ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မြန်မာ အလုပ်သမားများ အနေဖြင့် မကြာမီကျရောက်မည့် သင်္ကြန်ရက် မတိုင်မီတွင် မြန်မာ နိုင်ငံသို့ ခေတ္တပြန်၍ လည်ပတ်ကြရာတွင်လည်း အလုပ်ရှင်နှင့် နားလည်မှုရယူ ညှိနှိုင်းပြီး ပြန်ကြစေ လိုကြောင်းနှင့် ပြန်ဝင်ရာတွင် အခက်အခဲ မရှိစေရေး တရားဝင် နယ်စပ်ဂိတ်များမှ ဝင်ထွက်ကြရန် အလုပ်သမား သံအရာရှိက သတိပေးပြောဆိုသည်။
“ပြန်ဝင်လာမယ်လို့ စိတ်ကူးထားတယ်ဆိုရင် တရားဝင်ဖြစ်အောင် တုံးကြီး ပြန်ထုပေါ့။ ပြီးမှ ပြန်လာ ပေါ့။ နောက်ပြီးတော့ တခုရှိတာက အိမ်ပြန်မယ်ဆိုရင် အလုပ်ရှင်နဲ့ သေချာ ခွင့်ပြုချက် ရအောင်ယူ ကြပြီးမှ ပြန်ကြပါ။ အလုပ်ရှင်က ပြန်သွားတာလား မသိ၊ အလုပ်ထွက် သွားတာလားမသိ ပြီးမှ ပြန်မခန့်တာ ထပ်ဖြစ်ဦးမယ်” ဟု ဦးအောင်ခင်မြင့် က ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာ နိုင်ငံသား ၃ သန်းဝန်းကျင်ရှိပြီး တရားဝင် အထောက်အထားရှိသူ ၂ သန်း ၂ သိန်း ကျော် ရှိကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ထားသော်လည်း အလုပ်သမားအရေး ဆောင်ရွက်သူများကမူ ထိုင်းရောက် မြန်မာ ၄ သန်းကျော်ရှိကြောင်း ပြောဆိုကြသည်။