မြန်မာနိုင်ငံရှိ တောရိုင်းဆင်များနှင့် ပုဂ္ဂလိကပိုင်ဆင်များ ထိန်းသိမ်းရေး ၁၀ နှစ် စီမံကိန်းကို မတ်လ ၌ စတင် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲမှ သိရသည်။
အဆိုပါစီမံချက်ကို သစ်တောဦးစီးဌာန၊ ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် NGO အဖွဲ့ များပူးပေါင်းပြီး လွန်ခဲ့ သည့် ၂ နှစ်ခွဲ အချိန်ကတည်းကပင် အလုပ်ရုံဆွေးနွေးပွဲများနှင့် အကြံပြုချက် များကို ရယူကာ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံချက်ကို ဦးဆောင်အကောင်အထည်ဖော်မည့် သစ်တောဦးစီးဌာနကို နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့နှင့် ငွေကြေးပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း WCS Myanmar မှ Senior Technical Coordinator ဦးစောထူးသာပိုးက ဧရာဝတီသို့ ပြောသည်။
“ယခုအချိန်မှ စတင်ပြီး လာမယ့် ၃ နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိ ပါတယ်။ တချို့ လုပ်ငန်းစဉ်တွေဆိုရင် စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်” ဟု ဆိုသည်။
လုပ်ငန်းစဉ်ကြီး ၄ ရပ်ပါဝင်သော မြန်မာ့ဆင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက် MECAP – (၂၀၁၈ -၂၀၂၇)ကို မြန်မာ့ဆင်မျိုးစိတ်များနှင့် ယင်းတို့၏ နေရင်းဒေသများ ရေရှည်တည် တံ့စေရေး ထိရောက်စွာ ကာကွယ်ထိန်း သိမ်းနိုင်ရန်အတွက် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း WCS Myanmar မှ သိရသည်။
မြန်မာ့ ဆင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက် (MECAP) တွင် တောဆင်ရိုင်း များနှင့် ၎င်းတို့ ကျက်စား နယ်မြေများကို ကာကွယ်ခြင်း၊ လူနှင့်ဆင်ပဋိပက္ခကို ဖြေရှင်းခြင်း၊ ဆင်နှင့် ဆင်အစိတ်ပိုင်းများ တရားမဝင် ရောင်းဝယ်မှုကို တားဆီးအရေးယူခြင်း နှင့် အိမ်မွေးဆင်များကိုစီမံ ခန့်ခွဲခြင်း စသည့် အဓိက လုပ်ငန်းစဉ် ၄ရပ် ပါဝင် ကြောင်း သိရသည်။
ထိုသို့ အကောင်အထည်ဖော်ရန်အတွက် သစ်တောဦးစီးဌာနအပါအဝင် အစိုးရဌာနများနှင့် နိုင်ငံအဆင့် ပူးပေါင်း ဆောင် ရွက်မှု ကော်မတီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် အကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းပြီး ၁ နှစ် လျှင် ၂ ကြိမ် အစည်းအဝေးများ ပြုလုပ်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်း သိမ်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းကလည်း ဧရာဝတီသို့ ပြောသည်။
ဒေါက်တာနိုင်ဇော်ထွန်းက “MECAP ရဲ့ ရေရှည်မျှော်မှန်းချက်က မြန်မာနိုင်ငံက ဆင်တွေရဲ့ ပျမ်းမျှ သက်တမ်းကို ၂ ဆဖြစ် တဲ့ နှစ်ပေါင်း ၁၀၀ အထိ ရှိလာစေရေး ဖြစ်ပါတယ်” ဟု ဆိုသည်။
တောရိုင်းဆင်များကို လုံးဝကာကွယ်သည့် စာရင်းတွင် ထည့်သွင်းထားပြီး သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်ခြင်း၊ သတ်ဖြတ်မှုကို အရေးယူတားဆီးခြင်း၊ ဆင်နှင့်အစိတ် အပိုင်းများကို တရားမဝင် သယ်ယူခြင်းတို့ကို အရေးယူ တိုက်ဖျက်လျက်ရှိကြောင်း ၎င်းက ထပ်မံ ပြောသည်။
“အကယ်၍ ဆင်တွေသာ မျိုးသုဉ်းသွားရင် ကမ္ဘာပေါ်မှာ အကြီးဆုံးကုန်းနေသတ္တဝါမျိုးစိတ်ကို ဆုံးရှုံး သွားရမှာပါ။ အသိဉာဏ် မြင့်ပြီး အုပ်စုဖွဲ့နေထိုင်ကျက်စားတတ်တဲ့၊ အချင်းချင်း ကူညီရိုင်းပင်း တတ် တဲ့ သတ္တဝါမျိုးစိတ် တခုကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြတ်တနိုး ထိန်းသိမ်းလာခဲ့ တဲ့ သတ္တဝါမျိုးစိတ် ကျနော်တို့ လက်ထက် ရောက်မှ မျိုးသုဉ်း သွားတယ် ဆိုရင် ရှက်စရာကောင်းပါ တယ်”ဟု WCS Myanmar မှ စောထူးသာပိုးက ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ မျိုးသုဉ်းမည့်အန္တရာယ်ရှိသည့် ဒေသရင်းတောတွင်း တိရစ္ဆာန် များနှင့် အပင်များအား နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Fauna and Flora – CITES) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ သော်လည်း ဆင်နှင့် အခြားဆင်အစိတ်အပိုင်းများကို တောရိုင်း တိရ စ္ဆာန်နှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေနှင့် ဆန့်ကျင်ပြီး ခိုးထုတ်နေဆဲ ဖြစ်ကြောင်း MECAP တွင် ထည့်သွင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ဆင်များအပါအဝင် အာရှဆင်များကိုခြိမ်းခြောက်လျက်ရှိသော အကြီးမားဆုံး အန္တရာယ်များမှာ နေရင်းဒေသ ပျောက်ဆုံးခြင်း၊ အပိုင်းပိုင်းဖြတ်တောက်ခြင်းနှင့် အတန်းအစား ကျဆင်းခြင်း (နေရင်းဒေသအရည်အသွေးလျော့ကျခြင်း)၊ တရားမဝင် သတ်ဖြတ်ခြင်း (ဥပမာ- ဆင်စွယ်၊ အရေခွံ၊ သွားနှင့် အခြားအစိတ်အပိုင်းများအတွက် သို့မဟုတ် လူနှင့်ဆင် ပဋိပက္ခကြောင့် လက်တုံ့ပြန်ခြင်း)၊ ဆင်ကောင်ရေနည်းပါးမှုနှင့် သီးခြားစီဖြစ်နေမှုများကြောင့် ပေါ်ပေါက်လာသည့် မျိုးရိုး ဗီဇနှင့် ဖွားခြင်း၊ သေခြင်း၊ မျိုးပွားခြင်းဆိုင်ရာ ပြဿနာများကြုံတွေ့နေရကြောင်း သိရသည်။
စားကျက်မြေများ ပျောက်ဆုံးလာသဖြင့် မြန်မာနိုင်ငံတွင် ဆင်နှင့် လူပဋိပက္ခဖြစ်မှုများ ဖြစ်ပွား လျက် ရှိပြီး ၂၀၁၆ ခုနှစ် အတွင်း၂၃ မှုရှိကာ လူ ၆ ဦး သေဆုံးခဲ့ကာ ၂၀၁၇ ခုနှစ်အတွင်း ၁၂ မှု ဖြစ်ပွားပြီး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ စာရင်းဇယားများ အရသိရသည်။
၁၉၇၀ပြည့်နှစ်များအထိ ကျွမ်းကျင်ပညာရှင်များ၏ အမြင်များကိုအခြေခံကာ ခန့်မှန်းတွက်ချက်မှုများ အရ တောရိုင်းဆင် ကောင်ရေမှာ ၆၀၀၀ကျော် ရှိသည် ဟုခန့်မှန်းခဲ့ကာ ထိုအချိန်မှ စတင်ပြီး ဆင် ကောင်ရေ ဆက်တိုက်ကျဆင်းလာသော် လည်း ဆင်များပျံ့နှံ့ကျက်စားရာ နေရင်း ဒေသများ ဆန်းစစ် လေ့လာချက်များအရ မြန်မာနိုင်ငံသည် အခြားဆင်များကျက် စားပြန့်နှံ့ရာ နိုင်ငံများထက် ဆင်၏နေ ရင်းဒေသများ ပိုမိုကျန်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် တောဆင်ကောင်ရေ စာရင်းကောက်ယူနိုင်ခြင်း မရှိသေး သော် လည်း ကျွမ်းကျင် ပညာရှင်များက သဘာဝတောများတွင် တောဆင်ရိုင်းကောင်ရေ ၂ ထောင်မှ ၃ ထောင်ခန့်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်း ထားကြသည်။
သစ်တောဦးစီးဌာန၏ ၂၀၁၈ ခုနှစ်ဇန်နဝါရီလအထိ အိမ်မွေးဆင်စာရင်းအရ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပုဂ္ဂလိကပိုင်ဆင်အရေအတွက် ၄၅၀၀ ခန့်ရှိကြောင်း သိရသည်။