သတင်း

မြောက်ဦးဖြစ်စဉ်ကြောင့် ဖမ်းဆီးခံနေရသော ရခိုင်လူငယ် ၈ ဦးကို စစ်တွေ ထောင်တွင် ရုံးထုတ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံနေရသော ရခိုင်လူငယ် ၈ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပထမအကြိမ်ရုံးထုတ်ခဲ့ရာတွင် ကျန်းမာရေးနှင့် လုံခြုံရေး အခြေနေတို့ကြောင့် စစ်တွေ အကျဉ်းထောင်ထဲတွင် ရုံးထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။

စစ်တွေအကျဉ်းထောင်တွင် ရုံးထုတ်ခဲ့သော အဆိုပါ ဖမ်းဆီးခံ ရခိုင်လူငယ် ၈ ဦးအား သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မြောက်ဦးမြို့သို့ ယူဆောင်ပြီး မြို့နယ် တရားရုံး၌ ရုံးထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း လူငယ် ၈ ဦးတွင် ၄ ဦးမှာ ဒဏ်ရာအနည်းငယ်သက်သာသော်လည်း ကျန် ၄ ဦးမှာ ဒဏ်ရာ သက်သက်ခြင်း မရှိသေးသည့်ကိစ္စအပါအဝင် လုံခြုံရေးအခြေအနေတို့ကြောင်း အကျဉ်း ထောင်တွင်း လုပ်ထုံး ၊လုပ်နည်းများနှင့်အညီ ရုံးထုတ် ၊ ရုံးချိန်းမှုများကို လုပ်ဆောင်ခဲ့ကြောင်း အကျိုးဆောင်ရှေ့နေများက ပြောသည်။

ANP ပါတီ ဥပဒေအထောက်အကူအဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော်က “ဒီနေ့ မြောက်ဦးမြို့နယ်တရားရုံးကို ရုံးတင်မယ်ဆိုပြီး ပြောလို့ ကျနော်တို့က မြောက်ဦးကို သွားတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေအရ စစ်တွေ ထောင်ကနေ ထုတ်မလာဘူး ။ အဲဒါ ကြောင့်မို့လို့ ကျနော်တို့က စစ်တွေထောင်ကို ပြန်လာပြီးတော့ တရားသူကြီးနဲ့အတူတကွ တရား ရုံး လုပ်ထုံးလုပ်နည်းအရ ရုံးထုတ်၊ ရုံးချိန်း လုပ်ခဲ့ကြပါတယ် ” ဟုပြောသည်။

ယင်းမြောက်ဦးဖြစ်စဉ်အပါအဝင် ရသေ့တောင် စာပေဟောပြောပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူများအတွက် ဥပဒေကြောင်းအရာ ခုခံကာကွယ်ရန် ရခိုင်အမျိုးသားပါတီမှ ရှေ့နေ ၆ ဦးပါ ဥပဒေအထောက်အကူအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

လက်ရှိအခြေနေတွင် အကျဉ်းထောင်တွင် ဖမ်းဆီချုပ်နှောင်ခံထားရသော လူငယ်များ၏ သေနတ် ဒဏ်ရာများမှာ သက်သာခြင်း မရှိသေးသည့်အတွက် မိသားစုဝင်များက အနီးကပ်ပြုစုခွင့် ရရှိကြောင်းလည်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီခံလူငယ် တစ်ဦး၏ ဖခင်တစ်ဦးဖြစ်သူ ဦးအေးမောင်သိန်းက “ ဒီလို မမျှော်လင့်ပဲနဲ့ သေနတ်ပစ်ခံထားရပြီး ရထားတဲ့ ဒဏ်ရာက နည်းနည်း နောနော ဒဏ်ရာတွေ မဟုတ်ဘူးလေ ။ တောတော်လေးပြင်းထန်ပြီးတော့ ပြည်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်။ နောက်ပြီးတော့ ကျနော်တို့မှာ စားဝတ်နေရေး ကလည်း တဘက် နဲ့ ဒီအမှုကို ဘယ်လိုလိုက် လုပ်ရမလဲဆိုတာလည်း ကျနော်တို့မှာ မတတ်နိုင်ဘူး။ ကျနော်တို့သားတွေ ဘယ်လိုဖြစ်လာမလဲ။ သူတို့ကို ဘယ်လိုလုပ်လာမလဲ။ ဘယ်လိုဥပဒေတွေနဲ့ စွဲလာမလဲ။ အဲလိုပဲ အမြဲစဉ်းစားပြီး ပူပင်သောကတွေ ရောက်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံ လူငယ် ၈ ဦးအမှုအား ဒုတိယအကြိမ် မြောက်အဖြစ် မတ်လ ၆ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း ၎င်းအမှု၏ အကျိုး ဆောင်ရှေ့နေများက ပြောသည်။

ဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်အတွင်းက သေနတ်ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သဖြင့် မြောက်ဦးဆေးရုံးမှနေ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ကုသခဲ့ရသူများ ဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၎င်း တို့ကို မြောက်ဦးမြို့မ ရဲစခန်းမှ အများပြည်သူပိုင် အဆောက်အဦး အကျိုးပျက်စီးမှု ပုဒ်မ ၆ ( ၁ )ဖြင့် အမှုဖွင့်လှစ်ကာ စစ်တွေမြို့ ပြည်သူဆေးရုံးကြီး အတွင်း အချုပ်သား လူနာဆောင်သို့ ပြောင်းရွေ့ ကုသခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းတွင် ဆေးရုံမှနေ စစ်တွေအကျဉ်းထောင်သို့ အာဏာပိုင်များက ပြောင်းရွေ့ ချုပ်နှောင်ခဲ့သည်။

မြောက်မြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် ပွဲကျင်းခြင်း ပိတ်ပင်ခံရမှုနှင့်အပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading