ဦးပါမောက္ခအား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင် ၃ လချ
“ရိုဟင်ဂျာ” အသုံးအနှုန်းဆန့်ကျင်ကြောင်း အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် ယနေ့ရုံးချိန်းတွင် ကမာရွတ်မြို့နယ်တရားရုံး က ထောင်ဒဏ် ၃ လချမှတ်လိုက်သည်။
တရားရုံးမှ ချုပ်ရက်များ ထုတ်နှုတ်ခံစာခွင့်ပြုခဲ့သည့်အတွက် ဦးပါမောက္ခအနေဖြင့် ပြစ်ဒဏ်အား ၂၂ ရက်ခန့်သာ ထပ်မံကျခံရတော့မည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးအောင်သူရိန်ထွန်း က ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက “အမှုက ၅၀၅(ခ) မမြောက်ဘူးလို့ပဲ သုံးသပ်ရပါမယ်။ ၅၀၅ ရဲ့ ခြွင်းချက်မှာ ဟုတ်မှန်တဲ့အကြောင်းအရာကို ဟုတ်မှန်တဲ့အတိုင်းပြောတာ ပြစ်မှုမမြောက်ဘူးလို့ ပြဌာန်းထားတာ ရှိပါတယ်။ ဒါကြောင့်မလို့ အမိန့်က တရားမျှတမှု လုံးဝမရှိဘူး။ ဆရာတော်ကလည်း ဒါကို မကျေနပ်ဘူး”ဟု ပြောသည်။
ဦးပါမောက္ခ အနေဖြင့် တရားရုံးအမိန့်နှင့်ပတ်သက်ပြီး တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့ပြီး အမှုအယူခံအတွက် အထက်တရားရုံးသို့ ဆက်လက်လျှောက်ထားသွားမည်ဖြစ်ကြောင် သိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဦးပါမောက္ခအနေဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ထားသည်ဟုဆိုကာ မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ ဖမ်းဆီးခြင်းခံခဲ့ရပြီး နိုဝင်ဘာ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လချမှတ်ခံခဲ့ရသည်။
အမှုနှင့်ပတ်သက်၍ တရားလို ဦးသန်းထွန်းအောင်မှ တိုင်ကြားချက်တွင် ပါဝင်သည့်လက်မှတ်မှာ ၎င်း၏ လက်မှတ်မဟုတ်ကြောင်းနှင့် ရဲစခန်းတွင် ၎င်းအနေဖြင့် တိုင်ကြားခဲ့ခြင်းမရှိကြောင်း ထွက်ဆိုထားသော်လည်း မည်သူ၏လက်မှတ်ဖြစ်သည်ကို တရားသူကြီးမှ စစ်ဆေးဖော်ထုတ်ခြင်းမရှိခဲ့ကြောင်း ဦးပါမောက္ခက ပြောသည်။
ဦးပါမောက္ခက “တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးမဏ္ဍိုင်မှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆို အဲ့ဒီ လက်ထိပ်တွေက သက်သေပြပါမယ်”ဟု ကြွေးကြော်ကာ တရားရုံးရှေ့တွင် လက်ထိပ်ခတ်ထားသည့်လက် ကို ထောင်ပြခဲ့ပြီး မြန်မာပြည်တွင် ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှာ သေဆုံးသွားပြီဖြစ် ကြောင်းလည်း ဆိုခဲ့သည်။
ထို့ပြင် အမှုတွင် တရားမျှတမှုမရှိဟုဆိုကာ ဦးပါမောက္ခမှ တရားလိုပြုလုပ်၍ အမှုစစ်ရဲအုပ်နှစ်ဦး၊ ယခင် စစ်ဆေး ခဲ့သည့် တရားသူကြီးနှစ်ဦး၊ တရားလိုဖြစ်သူ ကမာရွတ်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း အောင်နှင့် မြို့နယ်ဥပဒေအရာရှိတို့အား တရားပြန်စွဲနိုင်ရန် အမှုအမှတ် ၉၇/၂၀၁၇ ဖြင့် ရုံးတော် သို့တင်ပြထား ကြောင်း သိရသည်။
ရှေ့နေ ဦးအောင်သူရိန်ထွန်း က “ရာဇဝတ်ဆိုင်ရာမှုခင်းတွေမှာ အထွေထွေအမှုဆိုတာရှိတာ။ အမှုတွဲထဲမှာ မှားယွင်းနေတာတွေ၊ မဟုတ်မမှန် လုပ်ထားတာတွေကို မှန် မမှန် စစ်ဆေးဖို့အတွက် လျှောက်ထားတဲ့ကိစ္စပါ။ တရားရုံးက အမိန့်ချ ထားတဲ့ဟာကို တရားပြန်စွဲဖို့အတွက် ပြန်လည်စစ်ဆေးခိုင်းတာပေါ့”ဟု ပြောသည်။
ဦးပါမောက္ခ၏ တရားလိုပြုလုပ်လျှောက်ထားမှုအတွက် အမှုစစ် ရဲနှစ်ဦးနှင့် တရားလို ဦးသန်းထွန်းအောင်တို့ကို စစ်ဆေးရန် တရားရုံးမှ ခွင့်ပြုပေးခဲ့ပြီး မတ် ၁၀ ရက်နေ့ကို ရုံးချိန်းထားကြောင်း သိရသည်။
၎င်းဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုနေဝင်းအောင်နှင့် ကိုသက်မျိုးဦး တို့ကိုလည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ လ အသီးသီးကျခံစေရန် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က ကမာ ရွတ် မြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ထားပြီဖြစ်သည်။
ထိုသို့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများအား ပြစ်ဒစ်ချမှတ်မှုများရှိသော်လည်း ဦးဆောင်ပါဝင်ခဲ့သည့် မျိုးချစ်ရဟန်း တော်များသမဂ္ဂမှ ဦးသုစိတ္တနှင့် ဦးပညာဝံသတို့ကို ရဲတပ်ဖွဲ့မှ ယနေ့အချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပြင် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ရဲတပ်ဖွဲ့မှ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပေ။