တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို “အလုပ်မဖြစ်” ဟု ဝေဖန်ပြောဆိုနေမှုများ အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က လိုသလို ဆွဲယူ အဓိပ္ပာယ်ဖွင့်ဆို နေကြခြင်း ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က “NCA ဟာ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ဖြစ်ပြီး NCA အပေါ်မှာ ညှိနှိုင်းအဖြေရှာပြီး ဘုံသဘောထားကို ရယူနိုင်မှသာ ငြိမ်းချမ်းရေးကို ရရှိမှာ ဖြစ်ပါတယ်။ NCA က အလုပ်မဖြစ်ဘူးလို့ ပြောကြတာတွေနဲ့ ပတ်သက်ပြီး ပြောလိုတာက NCA ကို လိုသလို ဆွဲယူအဓိပ္ပာယ်ဖွင့်ဆိုနေကြခြင်းတို့ကြောင့် NCA အကောင်အထည်ဖော်မှုမှာ အကြပ်အတည်းကြုံရတာ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ပထမနေ့ အဖွင့် အမှာစကား ပြောကြားရာ၌ PPST အဖွဲ့ ခေါင်းဆောင် လည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ယင်းသို့ ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
NCA ၏ အနှစ်သာရသည် တန်းတူရေး၊ တရားမျှတရေး၊ အပြန်အလှန် အသိအမှတ် ပြုရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပဋိပက္ခ များကို အင်အားသုံး မဖြေရှင်းဘဲ ညှိနိုင်း အဖြေရှာရေး၊ အကြေအလည် ညှိနှိုင်း ဖြေရှင်းရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲများ၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတို့ ဖြစ်ပြီး ထိုအချက်များကို အခြေခံ၍ ၎င်းတို့ လိုလားသည့် ရည်မှန်းချက် ပန်းတိုင်ကို ရရှိရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောသည်။
ချင်းမိုင်မြို့တွင် ပြုလုပ်သော PPST အစည်းအဝေးသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစိုးရနှင့် NCA ရေးထိုးခဲ့သော မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း ပထမဆုံး အကြိမ် တက်ရောက်၍ အပစ်ရပ် ၈ ဖွဲ့နှင့် ပူးပေါင်းခဲ့ကြသည်။
အစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှုတွင် အရေးပါသော NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေး (JICM)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် အခြားသော ယန္တရားများ အတွက် NCA ကို အရင်ထိုးထားခဲ့ကြသော ၈ ဖွဲ့နှင့် ထပ်တိုး ၂ ဖွဲ့ကြား ပူးပေါင်း ဆောင်ရွက်သွားရန် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
NCA တွင် ပါဝင် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရန် အာမခံချက် ရှိပြီဖြစ်ကြောင်း သို့သော် လည်း လက်ရှိ အခြေအနေတွင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များ ရှေ့မတိုး၊ နောက်မဆုတ် အခြေအနေကိုလည်း သတိမူရန် လိုအပ်ကြောင်းနှင့် အဆင့်ဆင့်သော နိုင်ငံရေး ဆွေးနွေးပွဲများကို တဖွဲ့ချင်းထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း အားလုံး အတိုင်းအတာဖြင့် ဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောသည်။
NCA သည် တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေးမျိုး ဖြစ်သဖြင့် အပစ်ရပ် လက်မှတ် မရေးထိုးရ သေး သော ညီနောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး အတွက် အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် အင်အားသုံး ဖြေရှင်းနေသော ကိစ္စမှန်သမျှကို လျှော့ချခြင်းဖြင့် သဘောထားကြီးကြောင်း ပြသရန် တောင်းဆို ကြောင်းလည်း PPST ခေါင်းဆောင်က ပြောဆိုသည်။
“နိုင်ငံရေး ဆွေးနွေးပွဲ ရရုံနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ အပြောင်းအလဲ မဖြစ်နိုင်သေးပါဘူး။ နိုင်ငံရေး အရ အဖြေရှာရာမှာ ဆွေးနွေး ညှိနှိုင်းလိုတဲ့ စိတ်နဲ့ အလျှော့အတင်း လုပ်လိုတဲ့ စိတ်က နှစ်ဘက်လုံးမှာ ရှိမှ ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောသည်။
ယခု အခါတွင် အပစ်ရပ်အဖွဲ့ စုစုပေါင်း ၁၀ ရှိသွားပြီဖြစ်ပြီး ထိုအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ချင်း အမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်း အရုံး – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC) တို့ ဖြစ်သည်။
NMSP နှင့် LDU တို့သည် သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NCA လက်မှတ် ရေးထိုးခဲ့ကြပြီး ကျန် ၈ ဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် နေ့တွင် NCA ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။