ရုပ်သံလွှင့်လုပ်ငန်း ဈေးကွက်ကို အစိုးရချုပ်ကိုင်မှု ဖြေလျော့ပေးမှု ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုက ရုပ်မြင်သံကြားထုတ်လွှင့်မှု လုပ်ငန်းကို ယခုနှစ်အတွင်း စောနိုင်သမျှစောစွာ စတင်မည် ဖြစ်သည်။
ယခင် စစ်အစိုးရကို အဓိက ဝေဖန် ထောက်ပြခဲ့သည့် မီဒီယာတခုဖြစ်သည့် DVB မာလ်တီမီဒီယာ အုပ်စု အပါအဝင် အဆိုပါကုမ္ပဏီများသည် နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် သဘောတူစာချုပ် မကြာမီက ချုပ်ဆိုခဲ့ကြသည်။ အခြားကုမ္ပဏီများမှာ မဇ္ဈိမ မီဒီယာကုမ္ပဏီ၊ ကောင်းမြန်မာအောင် လုပ်ငန်းစု၊ Fourtune ရုပ်သံလွှင့်ကုမ္ပဏီနှင့် မိုင်မီဒီယာ အုပ်စု ကုမ္ပဏီတို့ ဖြစ်ကြသည်။
အဆိုပါ ကုမ္ပဏီသည် MRTV ၏ အခြေခံ အဆောက်အဦကို သုံးစွဲရမည် ဖြစ်သည်။ ထုတ်လွှင့်သည့် အကြောင်းအရာပိုင်းလည်း ထိန်းချုပ်ခံရမည် ဖြစ်သည်။ ၎င်းတို့ကိုယ်ပိုင် ရုပ်သံအစီအစဉ်များနှင့် နိုင်ငံရပ်ခြားမှ ရုပ်ရှင်၊ ရုပ်သံအစီအစဉ်များ တိုးတက်လာစေရန် ၎င်းတို့က မျှော်လင့်သည်။ ယင်းကုမ္ပဏီများသည် ရုပ်သံလွှင့်လုပ်ငန်းများတွင် ပထမဆုံး လက်ဦးမှု အရယူသည့် သဘောဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးချုပ်တို့က ရုပ်သံလိုင်း နှစ်လိုင်းကို ထိန်းချုပ်သုံးစွဲခဲ့သည်။ စီးပွားဖြစ် ရုပ်သံလိုင်းများမှာ ၂၀၀၀ ပြည့်လွန် နှစ်များတွင် စတင်ခဲ့ပြီး အများပိုင်-ပုဂ္ဂလိက အစုစပ် အသွင်ဖြင့် တိုးချဲ့ လုပ်ကိုင်ခဲ့ရာ အဓိက ရုပ်သံလိုင်း ၆ ခု ရှိလာခဲ့သည်။
နောက်ဆုံးအရွေ့မှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်မှု၏ အစိတ်အပိုင်းအဖြစ် ၂၀၁၁ ခုနှစ်တွင် စတင် ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
ယခု စတင်ထုတ်လွှင့်တော့မည့် ရုပ်သံလိုင်းသစ် ၅ လိုင်းသည် စီးပွားရေးအရ အောင်မြင်မည် မအောင်မြင်ဆိုသည်မှာ မရှင်းလင်းလှပါ။
MRTV ၏ အသံလွှင့်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများ ငှားရမ်းခ အပါအဝင် ကနဦး ရင်းနှီးမြှပ်နှံမှုမှာ ဒေါ်လာ ၄ သန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများက ရုပ်သံလိုင်းကို လူကြည့်များစေရန် ပြိုင်ဆိုင်ကြရမည်ဖြစ်ပြီး ထိုမှတဆင့် ငွေရှာရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရှိ ကြော်ငြာ ဈေးကွက်ကလည်း အကန့်အသတ်ရှိသောကြောင့် မဝေးလှသော အနာဂတ်တွင် အခက်အခဲများ ရင်ဆိုင်ရဖွယ် ရှိသည်။