ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းဆောင်ရွက်မှု လုပ်ငန်းများကို ၈ နှစ်အတွင်း အပြီးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ရှေ့ဆက်လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ဌာန အမြဲတမ်း အတွင်းဝန် ဥက္ကဌနဲ့ ညိုနှိုင်းရေး အဖွဲ့ ပြန်ဖွဲ့ပါမယ်။ အဖွဲ့ ဖွဲ့ပြီး ညှိနှိုင်းမှုတွေပြီးမှ တည်ဆောက်ရေး စီမံကိန်း ကို စမှာ ဖြစ်တယ်။ စီမံကိန်း တည်ဆောက်တဲ့ ကာလကတော့ ၈ နှစ် အပြီး ဖြစ်တယ်”ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာ့မီးရထား (အောက်မြန်မာပြည်) ရုံးတွင် ပြုလုပ်သော “ရန်ကုန်မြို့ပတ် အဆင့် မြှင့်တင် ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခြင်း” အခမ်းအနားတွင် ဦးထွန်းအောင်သင်းက ပြော ကြားခြင်း ဖြစ်သည်။
ယင်း စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် တင်ဒါရရှိသော ကုမ္ပဏီနှင့် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်ပြီးစီး ပါက လုပ်ငန်းဆောင်ရွက်မှုကို ၈ နှစ်အတွင်း အပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်သောကြောင့် လုပ်ငန်းစဉ်အနေနှင့် နိုင်ငံတော်အစိုးရအဖွဲ့ထိ အမြင့် ဆုံးတင်ပြခြင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းတို့ ပြုလုပ်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်မှုများ အဆင်မပြေလျှင် တင်ဒါရွေးချယ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး ထပ်မံခေါ်ဆိုသွားမည်ဟု ဦးထွန်းအောင်သင်း က ရှင်းပြသည်။
ယင်းစီမံကိန်း တင်ဒါကို စင်ကာပူ Oxley Holding၊ မြန်မာမင်းဓမ္မ ကုမ္ပဏီ နှင့် တရုတ် Sino Great wall ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Central Transport Development Consortium (CTDC) ကုမ္ပဏီအုပ်စုက တင်ဒါ အောင်မြင် ခဲ့ခြင်းဖြစ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုများ ကျန်ရှိနေသေးသဖြင့် လုပ်ကိုင်ခွင့်ရရှိပြီဟု မဆိုနိုင်သေးကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
စီမံကိန်းတင်ဒါ ခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးထွန်းအောင်သင်းက “အခုက ကျနော် တို့က ဒီကုမ္ပဏီကို သဘောကျတယ်။ လိုလားတယ်။ ဒီလောက်ပဲရှိသေးတယ်။ ထပ်ညှိရဦးမယ်။ ကျနော်တို့ရဲ့လိုလား ချက်တွေ မပြည့်ဘူးဆိုရင်တော့ ဆောရီးပါ။ညှိနှိုင်းမှုက အဆင်မပြေဘူးဆိုရင် ရွေးချယ်ရေး လုပ်ငန်းစဉ် ဖျက်ပြီး တင်ဒါ ပြန် ခေါ်သင့်ရင် ပြန်ခေါ်မယ်”ဟု ပြောသည်။
သို့သော် အစိုးရတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများဘက်မှ တင်ဒါရကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးမည့် လိုလား ချက်များကို လတ်တလော၌ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
CTDC ကုမ္ပဏီ အုပ်စုသည် ရန်ကုန်ဘူတာကြီး ဧရိယာအတွင်း မြန်မာ့ မီးရထားပိုင်မြေ ၆၃ ဧကပေါ်တွင် ၃၆ ဧက ကိုသာ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ဧကများကို တင်ဒါရ ကုမ္ပဏီက အသုံးပြုမည် ဆိုလျှင် အသုံးပြုခကို မြန်မာ့မီးရထားသို့ ပေးရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားသို့ အသုံးပြုသည့် ပမာဏအလိုက် ၁ နှစ်လျှင် ၁ ဧကမြေ အသုံးချခွင့်ကို အမေရိကန် ဒေါ်လာ ၃ သန်း အနည်းဆုံး ပေးရမည်ဖြစ်ပြီး မီးရထား ဝန်ထမ်းများအတွက် ကုမ္ပဏီက အနည်းဆုံး ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုး ရှိ အိမ်ရာ တည်ဆောက် ပေးရမည်ဆိုသည့် အချက်တို့ ပါဝင်ကြောင်း ဦးထွန်းအောင်သင်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့က ဒါတွေ တောင်းဆိုတဲ့အခါ နောက်ဆုံးအဆင့် တင်ဒါပြိုင်တဲ့ ကုမ္ပဏီ၂ ခုမှာ CTDC က အိမ်ရာမှာ သန်း ၅၀ ကမ်းလှမ်းပါတယ်”ဟု ပြောသည်။
ထိုစီမံကိန်းကြီး ၁ ခုလုံးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် အကုန်ကျခံကာ ရထားနှင့် အများသုံး သယ်ယူ ပို့ဆောင်ရေး စနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ်တခု အပါအဝင် အိမ်ရာနှင့် စီးပွားရေး လုပ်ငန်းများအတွက် နေရာများ တည်ဆောက်မည် ဟုဆိုသည်။
စီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုု ရှေးရှု၍ စီမံကိန်း အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ခြင်း၊ ရန်ကုန်မြို့အတွင်း မြို့ပြ သယ်ယူ ပို့ဆောင် ရေး နှင့် သွားလာကူးပြောင်းမှု ဆိုင်ရာ ဗဟိုအချက်အချာ နေရာ ၁ ခု ဖြစ်စေခြင်း၊ လက်ရှိ ရန်ကုန်ဘူတာ အဆောက် အအုံ ဗိသုကာလက်ရာ အမွေအနှစ်များကို ရှေးမူမပျက် ထိန်းသိမ်းထားခြင်းတို့ ပါဝင်ကြောင်း CTDC ကုမ္ပဏီ အုပ်စု၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
မဟာရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်အညီ ခေတ်မီ ဘူတာ အဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အ ဆောက်အအုံများ၊ ရုံးခန်းများ၊ ဟိုတယ်များ၊ အဆင့်မြင့် လူနေအဆောက်အအုံများ ပေါ်ထွန်းလာစေရေး၊ ရေရှည် တည်တံ့ အသုံးပြုနိုင်၍ သဘာ၀ ပတ်ဝန်းကျင်အား မထိခိုက်သော စီမံကိန်းတခု ဖြစ်စေရန်နှင့် မြို့ပတ် ရထားလမ်း တလျှောက် ဘူတာ နယ်မြေများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စီမံကိန်း လျာထားချက်များနှင့် အညီ ဆောင်ရွက်ရေး တို့ကို ရည်ရွယ်ပြီး တည်ဆောက်ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းစီမံကိန်း အတွက် ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၃၄ ခုမှ အဆိုပြု တင်ဒါများ တင်သွင်းခဲ့ရာမှ အဖွဲ့ ၁၈ ဖွဲ့ အား ရွေးချယ်ခဲ့ပြီး ယင်းတို့အနက် အဖွဲ့ ၇ ဖွဲ့မှ နောက်ဆုံးအဆင့် First Myanmar investment (FMI) ကုမ္ပဏီ၊ Central Transport Development Consortium (CTDC) တို့က အမေရိကန်ဒေါ်လာ ၄ သန်းနှင့် တင်ဒါ တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး ထို ကုမ္ပဏီများထဲမှ CTDC က တင်ဒါ အောင်မြင်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယခု ဘက်စုံစီမံကိန်း (Mix-use development) တခုလုံးတွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၀၉ သန်း ကျယ်ဝန်းမည် ဖြစ်ပြီး ဇုန် ၆ ခု ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ပြည်တွင်း အလုပ်အကိုင် ၁ သိန်းခန့် ဖန်တီးပေးနိုင် မည် ဖြစ်ကြောင်း CTDC ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စီမံကိန်း၏ အကျိုးအမြတ် အနေဖြင့် ကုမ္ပဏီက နှစ် ၅၀ ခံစားခွင့် ရရှိမည်ဖြစ်ပြီး အစိုးရက ယင်းနှစ် ၅၀ ပြီးလျှင် နိုင်ငံပိုင် အဖြစ် ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။
စီမံကိန်းပြီးစီးပါက သုံးစွဲမည့် ရေ၊ လျှပ်စစ်မီးနှင့် ရေဆိုး စွန့်ပစ်မှုများနှင့် ပတ်သက်၍ ကုမ္ပဏီဘက်က ရေးဆွဲထား ကြောင်းလည်း သိရသည်။
မြန်မာ့မီးရထားမှ ၂၀၁၅ ခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီများကို အဆင့်ဆင့် စိစစ်မှုများပြုလုပ်ရာ တင်ဒါအောင် မြင်သည့် ကုမ္ပဏီအဖြစ် ဖေဖော်ဝါရီ ဒုတိယပတ်က အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် Yoma ကုမ္ပဏီ အုပ်စုကလည်း ရန်ကုန် ဘူတာကြီး အနီး ၄ ဟက်တာ(၁၀ ဧက နီးပါး) ရှိသည့် မြေနေရာတွင် စီးပွားရေး အဆောက်အအုံ တခုကို စတင် ဆောက်လုပ်နေကြောင်း၊ ၂၄ ထပ်မြင့် ရုံးခန်း အဆောက်အအုံ ၂ ခု၊ ကွန်ဒို တလုံး ၊ ဟိုတယ် နှင့် ဝန်ဆောင်မှု အခန်းများပါသည့် အဆောက်အအုံတခု တို့ပါဝင်သော Yoma Central စီမံကိန်းကို အကောင်အထည် ဖော်နေကြောင်း သိရသည်။
နှစ်ပေါင်း ၁၄၀ ကျော်သက်တမ်းရှိ ရန်ကုန်ဘူတာကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အအုံ ၁ ခု အဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ ရန်ကုန် ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် ဂျပန် နိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကပြုလုပ်ခဲ့သည့် စစ်တမ်းတခုက မီးရထားသည် ရန်ကုန်ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်၏ ၁ ရာခိုင်နှုန်းကိုသာ ကိုင်တွယ်နိုင်ကြောင်း၊ လက်ရှိ အချိန် တွင် ဟောင်းနွမ်းနေသော ရထားလမ်းများနှင့် ခေတ်မမီတော့သော အချက်ပြစနစ်တို့ကြောင့် ရထားများသည် ပျမ်းမျှ တနာရီလျှင် ၁၅ မိုင်နှုန်းဖြင့်သာ ခုတ်မောင်းနိုင်သည့် အတွက် တပတ်အပြည့် ပတ်မိရန် ၃ နာရီ ခန့် အချိန်ယူရကြောင်း ဆိုထားသည်။
ထို့ကြောင့် ၄၆ ကီလိုမီတာ ရှည်လျားသော ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးများကိုလည်း ဆောင်ရွက် နေကြောင်း သိရသည်။