ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် လမ်းမတော် လမ်းတွင် ဖွင့်လှစ်ထားသည့် ရိုးမဘဏ် (လားရှိုး – ၁) ဘဏ်ခွဲ အနီး တွင် ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ရိုးမဘဏ် ဝန်ထမ်း အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ သည့်အနက် အမျိုးသမီး ၂ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ ဖြစ်စဉ် အသေးစိတ်ကိုမူ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း ရှမ်း ပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စန်းဝင်းက ဧရာဝတီကို အတည်ပြုပြောသည်။
“၄ နာရီခွဲမှာ ပေါက်ကွဲမှုဖြစ်တယ်။ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်မှာ ပျက်စီးမှုရှိတယ်။ ဘဏ်ဝန်ထမ်း ၁၃ ယောက် ဒဏ်ရာရ တယ်။ ၁၃ ယောက်ထဲက မိန်းမ ၈ ယောက်ထဲက ၂ ယောက်သေသွားပြီ။ အခုမှ စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်ပါ တယ်” ဟု ၎င်းက ပြောပြသည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် မိုင်း အမျိုးအစား ကိုလည်း အဖွဲ့အစည်း ပေါင်းစုံဖြင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
“အခုက မိုင်းရှာဖွေရေးနဲ့ ရှာနေတုန်းပဲ ရှိသေးတယ်။ အသံက တော်တော် ကျယ်တယ်။ စိတ်ထဲမှာ အိမ်က ကြောင်တွေ ဘာတွေ ခေါင်မိုးပေါ် ခုန်ချတယ်ပဲ ထင်လိုက်တာ။ မထင်ဘူးလေ။ ဒါပေမယ့် အိမ်က တော်တော်တုန်သွားတယ်။ ဖြစ်တဲ့ လူတွေရဲ့ မိသားစုဝင်တွေကလည်း စိတ်ပူပြီး စောင့်နေကြတယ်”ဟု အခင်း ဖြစ်ပွားရာသို့ ရောက်နေသည့် ဒေသခံ တဦး ကလည်း ပြောပြသည်။
ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင် လျက်ရှိပြီး ပေါက်ကွဲမှုကြောင့် ရိုးမဘဏ် ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမှုများ ရှိခဲ့ကြောင်း Yoma Bank Limited ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင်လည်း လွန်ခဲ့သည့် ၁ နာရီခန့်က သတင်း ထုတ်ပြန် ထားသည်။