ရှမ်းပြည် မြောက်ပိုင်းတွင် နေထိုင်ကြသော ‘ဝ’လူမျိုးစုများကို အစိုးရ အာဏာပိုင်များက ပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် အခြားမြို့ကြီးများသို့ ခရီးသွားခြင်းကို ကန့်သတ်ထားသည်ဟု ဒေသ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
‘ဝ’လူမျိုးစုများ အနေဖြင့် ပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်သို့ သွားရန် အဓိက လမ်းမကြီး ၂ ခုရှိသည်။
သို့သော် ယခုလ အစောပိုင်းမှ စတင်ပြီး အာဏာပိုင်များသည် ခရီးသည်များ၏ မှတ်ပုံတင်ကတ် များကို စစ်ဆေးပြီး ‘ဝ’လူမျိုးစုများ ဖြစ်လျှင် ထိုလမ်းတလျှောက် ဆက်လက်ခရီးသွားလာခြင်းကို တားဆီးပိတ်ပင်ခြင်းတို့ လုပ်ဆောင်နေသည် ဟု ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ တိုင်ကြားချက်များ အရ သိရသည်။
“သူတို့တွေ ခုထိ ခရီးသွားလို့ မရသေးဘူး။ ခရီးသွားခွင့် ပေးတယ်လို့ မကြားရသေးဘူး” ဟု ရှမ်းပြည် မြောက်ပိုင်း လားရှိုး အခြေစိုက် UWSA ပြောခွင့်သူ ဦးညီရန်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၂ တွင် နေထိုင်ကြသော ‘ဝ’လူမျိုးစု ၉ သိန်းခန့် ရှိသည်။ ယခင်က ၎င်းတို့သည် မြန်မာ လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပေးသော မှတ်ပုံတင်များ ကိုင်ဆောင်ပြီး ကျိုင်းတုံနှင့် တာချီလိတ်သို့ ဆေးကုရန်နှင့် ကုန်သွယ်ရန် လွတ်လပ်စွာ သွားရောက်ခဲ့ကြသည်။
အရေးပေါ် ဆေးဝါးကုသရန် လိုအပ်သူများ အပါအဝင် ‘ဝ’လူမျိုးစုများကို မည်သည့် အတွက် ခရီးသွားလာခွင့် ပိတ်ပင်သည်ကို ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် လူဝင်မှုကြီးကြပ်ရေး အပါအဝင်အာဏာပိုင်များက အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိသေးပေ။
“‘ဝ’လူမျိုးစုတွေ ခရီးသွားဖို့ လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင်တွေ ထုတ်ပေးတယ်။ အခုတော့ အဲဒါတွေက သုံး မရတော့ဘူး။ သူတို့တွေက ကျနော်တို့ ‘ဝ’တွေကို နိုင်ငံခြားသားတွေလို့ ထင်နေတာလားလို့တောင် ကျနော်တို့ တွေးမိနေပြီ” ဟုလည်း ဦးညီရန်းက ဆိုသည်။
UWSA သည် မြန်မာနိုင်ငံတွင် အင်အား အကြီးမားဆုံးသော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး လက်ရှိ အခြေအနေတွင် တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း ‘ဝ’ဒေသတွင် လက်နက်ကိုင် ၄၀၀၀၀ ကျော် ရှိသည်။
အစိုးရနှင့် တပ်မတော်တို့က တနိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် UWSA ကို တိုက်တွန်းထား သော်လည်း UWSA က ၎င်းတိုနှင့် မြောက်ပိုင်းမဟာမိတ်များနှင့် ချုပ်ဆိုထားသော သဘောတူ စာချုပ်နှင့် အညီ NCA ကို ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။ UWSA သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များကို လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရစေချင်သည်။
‘ဝ’ပြည်နယ်၏ မြို့တော် ပန်ဆန်းနှင့် တရုတ်နိုင်ငံတို့တွင် မြန်မာတပ်မတော်နှင့် ‘ဝ’ခေါင်းဆောင်များ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့သော်လည်း မည်သည့်သဘောတူညီချက်မျှ မရရှိသေးပေ။
‘ဝ’လူမျိုးစုများကို မည်သည့် အတွက် ခရီးသွားလာမှု ကန့်သတ်ရသည်ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဌာနမှ ဦးအောင်စိုးကို ဧရာဝတီသတင်းဌာနက မေးမြန်းခဲ့သည်။ ထိုအမိန့်သည် တပ်မတော်မှ လာသည်ဟု သူက ပြောသည်။ “အရင်က ဒေသခံတွေ ခရီးသွားဖို့ သူတို့ ခွင့်ပြုတယ်။ ဒါပေမယ့် အခုပိတ်ထားတယ်” ဟု သူက ပြောသည်။
“ကျနော်တို့နိုင်ငံက ငြိမ်းချမ်းရေး ရဖို့လုပ်နေ ပေမယ့် ဒီလုပ်ရပ်က ငြိမ်းချမ်းရေးကို ထိခိုက် စေလိမ့်မယ်။ ဒီလုပ်ရပ်ဟာ သူတို့ရဲ့ ငြိမ်းချမ်းရေး ကြွေးကြော်သံနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ သူတို့ လုပ်ရပ်က ငြိမ်းချမ်းရေးကို ဖျက်ဆီးလိမ့်မယ်” ဟုလည်း ဦးညီရန်းက ပြောသည်။
UWSA ၏ သဘောထားမှာ နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည် ဟူသော သဘောထားဖြစ်သည် ဟုလည်း သူက ပြောသည်။
‘ဝ’လူမျိုးစုများကို မည်သည့် အတွက် ခရီးသွားလာခွင့် ပိတ်ပင်သည်ကို ‘ဝ’ခေါင်းဆောင်များက အာဏာပိုင်များအား မေးမြန်းထား သော်လည်း အရာရှိများက အထက်အမိန့်ဟု ပြောကာ အသေးစိတ် ရှင်းလင်းခြင်း မရှိပေ။
“သူတို့တွေ ဘော်လီဘော ပုတ်နေတာ ထင်ရှားတယ်။ အကြောင်းရင်းကို ကျနော်တို့ကို ပြောမှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေကို ကန့်သတ်တယ်။ ခွဲခြားဆက်ဆံတယ်။ သူတို့ လုပ်ရပ်က အနာဂါတ်မှာ ဆိုးကျိုးတွေ ဖြစ်စေမယ်” ဟု ဦးညီရန်းက ပြောသည်။ ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် လဝီဝမ်၏ Travel Curbs Imposed on Ethnic Wa in Shan State ကို ဘာသာပြန်သည်။)