မကြာသေးမီက ကျင်းပသော ဒေသန္တရ အစိုးရ ရွေးကောက်ပွဲများတွင် တရုတ် လိုလားသော သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်စာ (Mahinda Rajapaksa) ၏ ပြန်လည်ဖွဲ့စည်းထားသော သီရိလင်္ကာ ပြည်သူ့တပ်ဦး အပြတ်အသတ် အနိုင်ရပြီးနောက် သူ၏ အာဏာ ပြန်လည် ခေါင်းထောင်ထလာခြင်းနှင့် အတူ သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ပြန်လည် ပေးဆပ်ရမည့် ကျေးဇူးကြွေးများ ပိုမိုများပြားလာတော့မည် ဖြစ်သည်။
ထိုအောင်ပွဲကြောင့် ရာဂျာပက်စာ၏ စိတ်ကြိုက် ငွေထုတ်ချေးသူနှင့် တည်ဆောက်သူ ဖြစ်သော တရုတ်နိုင်ငံ၏ လက်အတွင်းသို့ သီရိလင်္ကာ ပြန်လည် သက်ဆင်း ရောက်ရှိသွားသည် ဟု မြင်နိုင်သည်။လက်ရှိ အစိုးရသည် အိန္ဒိယ နိုင်ငံနှင့် အနောက် အင်အားကြီးနိုင်ငံများ ဘက်သို့ ယိမ်းသော်လည်း ယခုအခါ ထိုစနစ်မှာ စစ်ဆေးခံနေရပြီ ဖြစ်သည်။
လက်ရှိ အခြေအနေတွင်ပင် သီရိလင်္ကာ နိုင်ငံသည် အဓိကအားဖြင့် ရာဂျာပက်စာ အစိုးရ၏ အမွေအဖြစ် ၎င်း၏ အကြွေး စုစုပေါင်း ဒေါ်လာ ၆၅ ဘီလီယံ အနက် ၈ ဘီလီယံ ပေးရန် ရှိနေပြီး ထိုပမာဏသည် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် ၏ ၇၀ ရာခိုင်နှုန်းကျော်နှင့် ညီမျှသည်။
၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ၂ ခု ဆက်တိုက် ရှုံးပြီးနောက် ရာဂျာပက်စာ၏ ပါတီ ပြန်လည် ခေါင်းထောင်လာခြင်းသည် လက်ရှိ ညွန့်ပေါင်းအစိုးရ အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ရုံသာမက နိုင်ငံရေး ဖရိုဖရဲ ဖြစ်မှုများလည်း ပေါ်ပေါက်စေခဲ့ သည်။ မရေရာသော နိုင်ငံရေး အခြေအနေကြောင့် သီရိလင်္ကာရူပီးသည် ယခု သီတင်းပတ် အတွင်း စံချိန်တင် တန်ဖိုး ကျဆင်းသွားသည်။
သူ၏ ဖခင် အစိုးရဖွဲ့လျှင် သီရိလင်္ကာသည် တရုတ်နိုင်ငံအပေါ် ဆက်လက် မှီခိုနေရမည်ဟု သူ၏ သားနှင့် လွှတ်တော် ကိုယ်စားလှယ် နာမယ်လ် ရာဂျာပက်စာ (Namal Rajapaksa) က ပြောသည်။ သို့သော် သူက အစိုးရသည် တရုတ်နိုင်ငံကို မျက်နှာသာပေး ဆက်ဆံမှုများ ပြုလုပ်မည် မဟုတ်ဘဲ အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပတို့ကိုလည်း သီရိလင်္ကာ နိုုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည် ဟုလည်း သူက အလျှင်အမြန် ဖြည့်စွက်ပြောသည်။
“ကျနော့် အဖေဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးတယ်။ ဒီလိုပဲ ဆက်လက် ဆက်ဆံသွားမယ် လို့ မျှော်လင့်ပြီး ဒါကြောင့် ဘာမှ အန္တရာယ် မရှိနိုင်ပါဘူး။ ကျနော်တို့မှာ ဘက်မလိုက် မူဝါတရပ်ရှိတယ် ဆိုတာဟာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကိုတော့ ဆက်လက် မှီခိုနေရဦးမှာပဲ။ ဒါဟာ အမှားအယွင်း မဟုတ်ပါဘူး” ဟု သူက Nikkei Asian Review သို့ ပြောသည်။
ရာဂျာပက်စာသည် ဒေသ အာဏာပိုင်နေရာ အများစုကို အနိုင်ရသော်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေများအတွက် ဗဟို အစိုးရကို ဆက်လက် မှီခိုနေရမည် ဖြစ်သည်။ ဒေသဆိုင်ရာ အစိုးရများသည် ပြည်ပ ငွေချေးသူများထံမှ တိုက်ရိုက် ချေးယူနိုင်ခြင်း မရှိပေ။
ထို့ကြောင့် ရာဂျာပက်စာသည် ပါလီမန်ကိုု ဖျက်သိမ်းပြီး ကြားဖြတ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် သမ္မတ မိုင်သရီပါလာ သီရိဆန်နာ (Maithripala Sirisena) ကို ဖိအားပေးနေသည်။ ထိုသို့ ဖိအားပေးနေခြင်းမှာ ကြားဖြတ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပလျှင် သူသည် အစိုးရ ဖွဲ့နိုင်လောက်အောင် မဲရမည် ဟု မျှော်လင့်နေသော ကြောင့် ဖြစ်သည်။
သို့သော် သီရိဆန်နာနှင့် ဝန်ကြီးချုပ် ရာနေးလ် ဝစ်ကရီမီဆင့်ဂျ် (Ranil Wickremesinghe) တို့သည် လာမည့် ၂ နှစ်အတွက် ညွန့်ပေါင်းအစိုးရကို ဆက်လက် ထားရှိရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပါအဝင် မူဝါဒ အပြောင်းအလဲ များကို စဉ်းစားသုံးသပ်မည့် ကော်မတီတရပ် ဖွဲ့စည်းရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သဘောတူ လိုက်သည်။
ထိုကဲ့သို့ ပဏာမ သဘောတူညီမှု ရှိသော်လည်း ညွန့်ပေါင်း အစိုးရအတွင်း ပဋိပက္ခများသည် အနာဂတ် အတွက် အလားအလာ မကောင်းကြောင်း နာမယ်လ် ရာဂျာပက်စာ က ပြောသည်။
“ဗဟို အစိုးရထဲမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး။ သူတို့ အမြဲတမ်း ငြင်းခုန်နေရပြီး မူဝါဒတွေချင်းကလည်း ဆန့်ကျင်ဘက် တွေ ဖြစ်နေတယ်။ ဒါကြောင့်ဘဲ ကျနော်တို့က ပါလီမန်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ သမ္မတ သီရိဆန်နာကို တောင်းဆိုနေတာပါ” ဟု ပြောသည်။
သို့သော် သီရိလင်္ကာနိုင်ငံတွင် ယခင်အတွေ့အကြုံများ အရ ပါလီမန်ကို ဖျက်သိန်းရန် မလွယ်ကူလှပေ။ ၂၀၁၅ ခုနှစ် နှစ်လယ်က ဝစ်ကရီမီဆင့်ဂျ်သည် သမ္မတ၏ စိတ်ကြိုက် ပါလီမန်ကို ဖျက်သိမ်းနိုင်သော အာဏာ အပါအဝင် အချို့သော အာဏာများကို ဖယ်ရှားကာ ပါလီမန်ကို အာဏာအများစုပေးသော ဥပဒေတခုကို ပြဌာန်းခဲ့သည်။
ယခုအခါ သမ္မတသည် ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ၏ သဘောတူညီချက်ဖြင့်သာ သို့မဟုတ် ပထမဆုံးပါလီမန် အစည်းအဝေး အပြီး သက်တမ်း ၄ နှစ်ခွဲ ကုန်ဆုံးပြီး တချိန်ချိန်တွင်မှသာ ပါလီမန်ကို ဖျက်သိမ်းနိုင်သည်။
သီရိဆန်နာသည် ထိုသို့သော ဆုံးဖြတ်ချက်ချရန် ပါလီမန် ကိုယ်စားလှယ်များ၏ ၃ ပုံ ၂ ပုံ၏ ထောက်ခံမှု မရပေ။ သူသည် ရွေးကောက်ပွဲ ရှုံးပြီးနောက်ပိုင်း မည်သည့် တရားဝင် ကြေညာချက်ကိုမှလည်း ထုတ်သည်ကို မတွေ့ရဘဲ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် ကြေညာချက်တခု ထုတ်ပြန်မည် ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် ထုတ်ပြန်မည့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ည နှောင်းပိုင်းတွင် ပြင်လိုက်သဖြင့် နိုင်ငံသည် ပိုမို မရေမရာ ဖြစ်သွားခဲ့သည်။ သူသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရာဂျာပက်စာ၏ အတိုက်အခံ အုပ်စုများမှ အမတ်များနှင့် အစည်းအဝေးများ ဆက်တိုက်ပြုလုပ်နေသည်ကို တွေ့ရသည်။
၎င်းတို့သည် ဝစ်ကရီမီဆင့်ဂျ် ၏ UNP ပါတီ မပါဝင်သော အစိုးရဖွဲ့စည်းရန် သီရိဆန်နာ၏ လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောသည် ဟု ဆိုသည်။ သူသည် ဝစ်ကရီမီဆင့်ဂျ်ကို ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားရေး အတွက် ဖြစ်နိုင်ခြေများကိုလည်း ရှေ့နေချုပ်နှင့် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
ရာဂျာပက်စာ၏ ပါတီသည် ဒေသဆိုင်ရာ အာဏာပိုင်နေရာ ၂၃၉ နေရာ အနိုင်ရပြီး ဝန်ကြီးချုပ် ဝစ်ကရီမီဆင့်ဂျ်၏ အာဏာရ ညွန့်ပေါင်း ညီညွတ်သော အမျိုးသားပါတီသည် ၄၁ နေရာတွင်သာ အနိုင်ရပြီး ကိုလံဘိုကိုသာ ထိန်းချုပ်နိုင်သည်။ သမ္မတ သီရိဆန်နာ၏ အခြေအနေ အဆိုးဆုံး ဖြစ်ပြီး ၁၀ နေရာသာ အနိုင်ရသည်။
သူ၏ အနောက်တိုင်း ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် ရာဂျာပက်စာ အာဏာ ပြန်လည် ရလာလျှင် တရုတ်နိုင်ငံအတွက် အမြတ်ထွက်မည် ဟု သီရိလင်္ကာရှိ Point Pedro Institute of Development ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဝါရင့်သုတေသီ စီးပွားရေး ပညာရှင် ဆာဗန်နန်သန် (Sarvananthan) က ပြောသည်။
“တိုင်းပြည်စီးပွားရေး လည်ပတ်နေဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ရာဂျာပက်စာက တရုတ်နိုင်ငံကိုပဲ ဆက်လက် မှီခို အားထားနေဦးမှာပဲ” ဟု သူက ပြောသည်။
သူ၏ ဆယ်စုနှစ်ကြာ အုပ်ချုပ်ရေး အတွင် ရာဂျာပက်စာသည် သူ၏ဇာတိ ဟမ်ဘန်တိုတာ အပါအဝင် နေရာများတွင် ကြီးမားသော အခြေခံ အဆောက်အအုံများကို ငွေကြေးထောက်ပံ့ရန် တရုတ်နိုင်ငံကို မှီခိုအားထားခဲ့သည်။ ရာဂျာပက်စာသည် သူ၏ ဇာတိတွင် ဒုတိယမြောက် နိုင်ငံတကာ လေဆိပ်တခုနှင့် ဆိပ်ကမ်းတခုကို တည်ဆောက်ခဲ့သော်လည်း ထိုစီမံကိန်း ၂ ခုလုံးမှာ မလိုအပ်သော ဖြုန်းတီးမှုများ ဖြစ်ခဲ့သည်။
ထိုဆိပ်ကမ်းကို ဝစ်ကရီမီဆင့်ဂျ်အစိုးရက တရုတ်နိုင်ငံသို့ ၉၉ နှစ်ငှားရမ်းခဲ့ပြီး ကမ္ဘာ့လူသူ အကင်းမဲ့ဆုံး လေဆိပ် အဖြစ် ကျော်ကြားနေသော ကျန်လေဆိပ်ကို အိန္ဒိယနိုင်ငံသို့ ငှားရန်းရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ရာဂျာပက်စာ အနိုင်ရသောကြောင့် ညွန့်ပေါင်းအစိုးရသည် လူထု ထောက်ခံမှု ပြန်လည် ရရှိရန် မျှော်လင့်ချက် ကင်းမဲ့နေကြောင်းကိုလည်း ပြသနေသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် နောက်တန်းသို့ ရောက်ရှိသွားမည်ဟု နယူးယောက် အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Eurasia Group မှ ဒါရိုက်တာတဦး ဖြစ်သူ ရှေလက်ရှ် ကူးမား (Shailesh Kumar) က ပြောသည်။
“ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို နိုင်ငံခြား ကုမ္ပဏီများ အတွက် ဖွင့်ပေးခြင်း၊ နိုင်ငံပိုင် ဟိုတယ်များကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပေးခြင်း စသည်တို့ နှောင့်နှေးသွားလိမ့်မည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားသုံး အရန်ငွေကြေးသည် ငွေရင်းစီးဝင်မှုကြောင့် အကျိုးခံစားရမည့် အချိန်တွင် ထို ဆုံးဖြတ်ချက်က နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆိုးကျိုး သက်ရောက်စေလိမ့်မည်” ဟု ကူးမားက ရေးသားသည်။
ယခုအခါ ညွန့်ပေါင်းအစိုးရသည် ၂၀၂၀ တွင် ကျင်းပရန် စီစဉ်ထားသည့် သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများ အနိုင်ရရေး မဲရရှိရန် ပြည်သူများကို ထောက်ပံ့ကြေးများ၊ အခြား အထောက်အပံ့များ ပေးရန် ဖိအားပေး ခံလာရပြီး အစိုးရ၏ ကြွေးမြီများ ပိုမိုများပြားလာမည်ဟု ဆာဗန်နန်သန်က ပြောသည်။
သို့သော် ပြည်သူများသည် ပိုမိုတောက်ပသော အနာဂတ်ကို မြင်နေကြသည်။ “ဝစ်ကရီမီဆင့်ဂျ် အစိုးရက ခုထိဘာမှ မလုပ်ရသေးဘူး။ ရာဂျာပက်စာက သူ့ရာထူး သက်တမ်းအတွင်းမှာ တရုတ်ငွေတွေ ယူပြီး နိုင်ငံအတွက် စီပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ခဲ့ပြီးပြီ” ဟု တောင်ပိုင်းမြို့ကြီးတခုဖြစ်သော ဂါလေမှ အငှားယာဉ်မောင်းသမား ပရာဒစ်ပ် က ပြောသည်။
ဟမ်ဘန်တိုတာဆိပ်ကမ်း ပြင်ပရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဝဲလ်ဆင် ကလည်း ထို စကားကို သဘောသူ ဖြစ်သည်။ “ရာဂျာ ပက်စာက ဒီဆိပ်ကမ်းကို တည်ဆောက်ခဲ့ပြီး ဒီမှာ နောက်ထပ် ဟိုတယ်တွေ တခြား အဆောက်အအုံတွေလည်း အများကြီး ရှိနေသေးတယ်။ ဝစ်ကရီမီဆင့်ဂျ် အစိုးရက ဒီစီမံကိန်းတွေကို ဖျက်သိမ်းပြီး ဆိပ်ကမ်းကိုတောင် တရုတ်နိုင်ငံကို ရောင်းစားလိုက်သေးတယ်” ဟု သူက ပြောသည်။
(asia.nikkei.com တွင် ဖော်ပြထားသည့် Munza Mushtaq ၏ China debt worries grow in Sri Lanka as ex-president regains clout ကို ဘာသာပြန်သည်။)