တနင်္သာရီတိုင်း ဒေသကြီးရှိ သဘာဝ ကာကွယ်တော ဧရိယာများကို တိုးချဲ့ရာတွင် ဒေသခံများ၏ လူမှု၊ စီးပွားရေး အခြေ အနေ များကို ထည့်သွင်း တွက်ချက်မှု မရှိခြင်းကြောင့် ဒေသခံများ ထိခိုက် နစ်နာရမှုများကို ဖော်ပြထားသည့် “သစ်တောသည် ကျွန်ုပ်တို့၏ သွေးကြော” အစီရင်ခံစာ ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၁ ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်၌ “သစ်တောသည် ကျွန်ုပ်တို့၏ အသက်သွေးကြော – တနင်္သာရီ တိုင်း ဒေသကြီး အတွင်းရှိ ကာကွယ်ထိန်းသိမ်း တောများသည် ဌာနေ တိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစား လိုက်နာ ရမည်”ဆိုသည့် အစီရင်ခံစာကို တနောသရီ ထိန်းသိမ်းရေးမိတ်ဖက်များ (Conservation Alliance Tanawthari -CAT) အဖွဲ့မှ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်း အစီရင်ခံစာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကြီးများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တော ကာကွယ် ထိန်းသိမ်းမှုများကြောင့် ဖြစ်လာသော ခြိမ်းခြောက်မှုများကို ဖော်ပြထားပြီး သစ်တောအမှီပြု ရပ်ရွာများ၏ အသက် မွေးဝမ်းကျောင်းကို မထိခိုက်စေဘဲ အဖိုးတန် သယံဇာတ အရင်းအမြစ်များ၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးကို လည်း အထောက်အပံ့ဖြစ်စေသည့် နည်းလမ်းများ ထည့်သွင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကြောင့် သဘာဝ သစ်တောတွေဟာ ပျောက်ဆုံးသွားတယ်။ တမျိုးတည်း စိုက်တဲ့ သစ်တော ကုန်ကြမ်းတွေ အဖြစ် ပုံပြောင်းခံရတယ်။ ဇီဝမျိုးကွဲတွေ ပျောက်ကွယ်လာတယ်။ အဲဒီ အခြေအနေ မှာ ဌာနဆိုင်ရာ နဲ့ NGO အသီးသီးတွေကလည်း တုံ့ပြန်ပြီး ကာကွယ်တော၊ ထိန်းသိမ်းတော အဖြစ် သတ်မှတ်လိုက် တာကြောင့် ဒေသခံ လူ့အဖွဲ့အစည်းတွေရဲ့ အခြေအနေ ပိုပိုပြီး ဆိုးဆိုးလာတယ်” ဟု CAT အဖွဲ့ဝင် ဖြစ်သည့် တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများ ကွန်ရက် (TRIP NET) ၏ ဒါရိုက်တာ စောဖရင်ကီး က ပြောသည်။
ဒေသခံ တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ သစ်တော အရင်းအမြစ်များ ဖြစ်သည့် ရေ၊ မြေ၊ သစ်တော ထွက် ပစ္စည်းများကို အမှီပြုပြီး အသက်မွေးခွင့် မရခြင်းကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝကို ခြိမ်းခြောက် လာနေ သည် ဟု ဆိုသည်။
စောဖရင်ကီး က “ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင် တိကျတဲ့ မူဝါဒတွေ မရှိသေးဘူးလို့ ပြောရမယ်။ ဒေသခံတွေက ထိန်းသိမ်းရေး လုပ်ငန်းကို ကြောက်နေတာမဟုတ်ဘူး။ ထိန်းသိမ်းရေး လုပ်ငန်းက သူတို့ရဲ့ ဘဝကို ဘယ်လို ချုပ်ကိုင်မလဲ ဆိုတာ ကြောက်နေပါတယ်။ သူတို့ဟာ သစ်တောနဲ့ ပတ်ဝန်းကျင်မှာ ဆက်လက် နေထိုင်လို့ ရမယ်။ သစ်တော အရင်းအမြစ်ကို ထုတ်ယူ သုံးစွဲလို့ရမယ်။ ပုံမှန်အတိုင်း နေလို့ရမယ်ဆိုရင် သူတို့အတွက် ထိန်းသိမ်း ရေး လုပ်ငန်းကို ဆန့်ကျင် ကန့်ကွက်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
တနင်္သာရီ တိုင်းဒေသကြီး၌ ဘုတ်ပြင်းမြို့နယ်ရှိ လေညာ အမျိုးသား ဥယျာဉ်ကို ၂၀၀၂ ခုနှစ်၌ လည်းကောင်း လေညာ တိုးချဲ့ အမျိုးသားဥယျာဉ်ကို ၂၀၀၄ ခုနှစ်နှင့် တနင်္သာရီ အမျိုးသားဥယျာဉ်ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ်ရန် အဆိုပြုထားကြောင်း အစီရင်ခံစာပါ အချက်အလက်များ အရ သိရသည်။
သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများသည် တိကျသည့် မူဝါဒများ၊ နည်းလမ်းများနှင့် အကောင်အထည် ဖော်မည့် ယန္တရားများ မရှိခြင်းကြောင့် ဒေသခံများ ပိုမိုနစ်နာရကြောင်း သဘာဝပတ်ဝန်းကျင် အရေးများ လှုပ်ရှားနေသူ ဆလိုင်း ကျုံးလျန် ထောင်း က ပြောသည်။
၎င်းက “တနိုင်ငံလုံးမြေဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းကို သဘာဝဝန်းကျင်နဲ့ ဇီဝကာကွယ်တော အနေနဲ့ ထားမယ်ဆိုတာ တွေ့ ရပါတယ်။ ကြိုးဝိုင်းနဲ့ ကြိုးပြင်ကာကွယ်တော သဘာဝထိန်းသိမ်းနယ်မြေ အကုန်လုံးပေါင်းလိုက်ရင် စာရွက်ပေါ် မှာ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ အစိုးရ တကယ် လုပ်မယ်ဆိုရင် နောက် ၁၀ ရာခိုင်နှုန်းလောက်ကို တိုးချဲ့ရမှာ ဖြစ်ပါ တယ်။ စာရွက်ပေါ်မှာ ကြည့်ရင် ၁၀ ရာခိုင်နှုန်းက မကြီးဘူး ဆိုပေမယ့် တနိုင်ငံလုံး ဧရိယာနဲ့ ယှဉ်ရင် အတော့်ကို ကြီးမားတဲ့ မြေပမာဏပါ။ သက်ရောက်မှု အများကြီး ရှိနေပါတယ်”ဟုလည်း ပြောဆိုသည်။
တနင်္သာရီတိုင်းတွင် သဘာဝ သစ်တောများ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရန် အဆိုပြုထားသည့် တနင်္သာရီ အမျိုး သားဥယျာဉ်နှင့် လေညာအမျိုးသား ဥယျာဉ်တို့ ၂ ခုပေါင်း ဧက ၁ ဒသမ ၃ သန်းရှိပြီး တနင်္သာရီ တိုင်း ဒေသ ကြီး နယ်မြေ၏ ၁၂ ရာခိုင်နှုန်းကျော် ရှိနေသည်။
ယင်းနေရာများမှာ ဌာနေတိုင်းရင်းသားများ၏ မြေယာများ၊ ရွှေ့ပြောင်းထွက်ခွာသူနှင့် ဒုက္ခသည်များ၏ မြေယာ ဥယျာဉ် များ ပါဝင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းစီမံကိန်းများ ဖြစ်ပေါ်လာပါက အဆိုပြု အမျိုးသားဥယျာဉ်ဧရိယာအတွင်း ကျရောက်နေသည့် မြေယာနှင့် ဥယျာဉ် ခြံမြေ များပိုင်ဆိုင်သော ကျေးရွာပေါင်း ၅၅ ရွာ မှ ကျေးရွာသူ ကျေးရွာသား ၁၆၆၅၁ ဦး၏ ဘဝနေထိုင်မှုအပေါ် များစွာ ထိ ခိုက်မှု ရှိနိုင်ကြောင်း အစီရင်ခံစာတွင် ပါရှိသော စာရင်းများအရ သိရသည်။
တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်မှ စောချစ်ဝင်းထူးက “ကျနော်တို့ ကျေးရွာမှာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ရွာသားတွေက အရင်နေခဲ့တဲ့နေရာမှာ ပြန်လာနေထိုင်ချိန်မှာ ကျေးရွာရဲ့ အပေါ်ပိုင်းမှာ သဘာဝ နယ်မြေ သတ်မှတ်ထားပြီး ရွာရဲ့ အောက်ပိုင်းမှာ ဆီအုန်း ကုမ္ပဏီကို ပေးထားတယ်။ အဲဒါကြောင့် လူဦးရေ အများကြီး က လက်ဖဝါးစာ လောက်ပဲ ရှိတဲ့ မြေနေရာမှာ လုပ်ကိုင်စားသောက်လို့ မရဘူး။ သဘာဝနယ်မြေတွေထဲ ဝင်ပြီး လုပ် ကိုင် မယ် ဆိုရင် အရေးယူခြင်း ခံရမယ်”ဟု ပြောသည်။
လက်ရှိအစိုးရ လက်ထက်၌ အဆိုပြု ကာကွယ်တောများနှင့် ပတ်သက်ပြီး လွှတ်တော်သို့ တင်ပြခြင်းများ မရှိသေး ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကော်မတီ မှ ဥက္ကဋ္ဌ ဦးတိုးလွင်က ဧရာဝတီသို့ ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ သေသေချာချာ မသိသေးဘူးခင်ဗျ။ အစိုးရက သူ့ရဲ့ အစိုးရ စီမံပိုင်ခွင့်နဲ့ သွားတာ ဆိုရင်တော့ မပြောတတ်ဘူးခင်ဗျ။ အခုအချိန်ထိတော့ ကျနော်တို့ လွှတ်တော်ကို တင်ပြပြီး လုပ်ထားတာတော့ မရှိသေး ဘူး”ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းရှိ တနင်္သာရီတိုင်း ဒေသကြီးသည် အရှေ့တောင် အာရှတွင် မပျက်စီးသေးသော မြေနိမ့် ပိုင်း အမြဲစိမ်း သစ်တောကြီးများ ကျန်ရှိနေသေးသော နေရာများ အနက် ၁ ခုဖြစ်ပြီး ယင်းဧရိယာတွင် ဇီဝမျိုးစုံမျိုးကွဲ ပေါင်း များစွာနှင့် ထိခိုက်လွယ်ပြီး မျိုးသုဉ်း ပျောက်ကွယ်တော့မည့် အပင်နှင့် သားရဲ တိရစ္ဆာန်မျိုးစိတ်များ တည်ရှိ နေထိုင်ကြောင်း သိရသည်။
Conservation Alliance Tanawthari (CAT) အဖွဲ့မှာ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကရင် လူမှု အဖွဲ့အစည်း များဖြင့် ၂၀၁၄ ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ အနေဖြင့် တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများ ကွန်ရက် (TRIP NET)၊ လူထု အခြေပြု ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အသက် မွေးဝမ်းကျောင်းမှု ကော်မတီ (CSLD)၊ တာကပေါ လူငယ် အဖွဲ့(TKP)၊ ပနဲတာကာပေါ (CL)၊ တောင်ပိုင်းလူငယ် (SY)၊ ကရင် သဘာ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှု အဖွဲ့ (KESAN)၊ တနင်္သာရီ မိတ်ဆွေများ (TF) တို့ဖြင့် ဖွဲ့စည်းထားသည်။