သတင်း

ဘင်္ဂလားဒေ့ရှ် နယ်စပ် Zero Line တွင် ဝင်ရောက် နေထိုင်သော မွတ်စလင်များ ဖယ်ရှားရေး ခက်ခဲနေဟု ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် Zero Line ဧရိယာ အတွင်း ဝင်ရောက် နေထိုင်လျက်ရှိသည် မွတ်စလင် ၆၅၀၀ ကျော် အား ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ NGO များက ထောက်ပံ့ပေးနေ၍ ၎င်းတို့ကို ဖယ်ရှားနိုင်ရန် မြန်မာ အစိုးရ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

အဆိုပါ မွတ်စလင်များ ဝင်ရောက် နေထိုင်လျက်ရှိသည့် No Man Land ဟု ခေါ်သည့် Zero Line ဧရိယာသည် ၂ နိုင်ငံ နယ်စပ်မျဉ်း၏ ဟိုဘက် ဒီဘက် ကန့်သတ်ချက်အတွင်း တည်ရှိပြီး မြန်မာဘက်နှင့် နီးကပ်သည့် ခြံစည်းရိုး အနီး သို့ ဝင်ရောက် နေထိုင်ခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။

“No Man Land ကနေပြီးတော့ ဒီလူတွေ ထွက်ခွာဖို့ဟာ မြန်မာနိုင်ငံဘက်က အတင်းအဓမ္မ လုပ်လို့ မရဘူး။ အတင်း အကြပ် လုပ်ရင် နိုင်ငံတကာက ချက်ချင်းရောက်လာအောင် သူတို့က ထောင်ချောက် ဆင်ထားတဲ့အတွက် ဒါကိုတော့  ကျနော်တို့က မလုပ်ဘူး။ အဲ့ဒီတော့ သူ့သဘော သူ့ဆန္ဒနဲ့သူ ဒီဘက်ကို ပြန်လာတယ်ဆိုရင် ကျနော်တို့ စိစစ်ပြီး လက်ခံ မယ်”ဟုလည်း ဦးဇော်ဌေးက ပြောဆိုသည်။

ယခု ၆၅၀၀ ကျော် အုပ်စုထဲတွင် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အကြမ်းဖက် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်နေကြောင်း သတင်းများ ရရှိထားသည့်အပြင် ၎င်းတို့အုပ်စုက မဖြစ်နိုင်သည့် တောင်းဆိုချက်များ ဖြစ်သော တကကမ္ဘာလုံးရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပေး၍ နိုင်ငံသား ဖြစ်ခွင့် ပေးရမည်ဆိုသော ထုတ်ပြန် ပြောဆိုချက်များကို ဘင်္ဂလားဒေ့ရှ် မီဒီယာများသို့ ပြောဆိုထားကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ထို့ကြောင့် ယမန်နေ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ခရိုင်အဆင့် တာဝန်ရှိသူများသည် ထိုနေရာသို့ သွားရောက် ခဲ့ပြီး မြန်မာဘက်မှ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် စာရင်း ပြုစု ပေးရန် လိုကြောင်း၊ မြန်မာဘက်က ယခုနေရာအတွင်း နေထိုင်သူများ ပြန်လည် ဝင်ရောက်နိုင်ရေး အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ပူးပေါင်း ဆောင်ရွက်မှု မရှိကြောင်း ပြောဆိုခဲ့သည်ဟု အစိုးရ၏ သတင်း ထုတ်ပြန် ချက်တွင်လည်း ဖော်ပြထားသည်။

Zero Line ဧရိယာအတွင်း ရောက်ရှိနေသူများ နေရပ်ပြန်ရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကူညီဆောင်ရွက် ပေးလိုကြောင်း၊ ထို မွတ်စလင်များကို INGO များက ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ထောက်ပံ့နေခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရ က လည်း ထောက်ပံ့မှုများ ဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည် ရှင်းလင်းခဲ့သည်ဟု သိရသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “အဲဒီ ဘင်္ဂါလီတွေက အဲဒီနေရာမှာပဲ။ အခု ဘင်္ဂလားဒေ့ရှ် ဘက်က တာဝန် ရှိသူတွေနဲ့ ကျနော်တို့ဘက် ပြည်နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီက လူတွေနဲ့ ပေါင်းပြီး စိစစ်မှုတွေ လုပ်နေ တယ်။ သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီအတိုင်းပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းမွတ်စလင် ၆၅၀၀ ကျော်ထဲမှ မြန်မာအစိုးရက အကြမ်းဖက်သမားဟု ကြေညာထားသည့် လူ ၁၃၀၀ ကျော် စာရင်း ထဲတွင် ပါမပါ စိစစ်မည် ဖြစ်ပြီး ၎င်းတို့ထဲတွင် ARSA အဖွဲ့ ခေါင်းဆောင်ပိုင်း၏ သားသမီးများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က သတင်း ပေးထားသော်လည်း အတည်မပြုနိုင်သေးကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသည်။

၎င်းက “အဲဒီအဖွဲ့တွေကို ကျနော်တို့ စာရင်းကောက်မယ်။ စာရင်းကောက်ပြီးတော့ သူတို့ရဲ့ အချက်အလက်တွေကို ရပြီ ဆိုရင် ဒီအထဲမှာ အကြမ်းဖက်သမား ပါမပါ ကျနော်တို့ ပထမဆုံး စိစစ်မယ်။ လက်ခံတဲ့ အချိန်မှာလည်း ကျနော် တို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘော တူညီချက်တွေအရပဲ လုပ်မယ်။ ဒါက ဘင်္ဂလားဒေ့ရှ်ဘက်က စာရင်း ပြန်ပေးတဲ့လူ ၈၀၀၀ လောက်နဲ့ တတွဲတည်း ဖြစ်သွားမှာပေါ့”ဟုလည်း ဆိုသည်။

မြန်မာ အစိုးရ ပြည်ထဲရေး ဝန်ကြီး၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ပထမဆုံး ပြန်လည် လက်ခံမည့် မွတ်စလင် ၈၀၀၀ ကျော်၏ စာရင်း ရရှိလာပြီ ဖြစ်ရာ ယခု ၆၅၀၀ စာရင်းနှင့် ပေါင်း၍ ပြန်လည် လက်ခံနိုင်ရေး အမြန်ဆုံး စီစဉ်လျက်ရှိ ကြောင်း လည်း သိရသည်။

“အဲဒီ ၈၀၀၀ ကျော်ကို ကျနော်တို့ဘက်က လဝက မှာရှိတဲ့ အထောက်အထားတွေနဲ့ စိစစ်မယ်။ စိစစ်ပြီးတော့ မြန်မာ နိုင်ငံ မှာ နေထိုင်ခဲ့ကြောင်း မှန်ကန်တဲ့ အထောက်အထား ရှိတဲ့လူတွေကို ကျနော်တို့က ပြန်လက်ခံမယ်။ အဲဒီလူတွေ ကို လက်ခံတဲ့ အချိန်ကျရင် သူတို့က ကျနော်တို့ပေးတဲ့ ဖောင်တွေ ဖြည့်ရမယ်။ ပုံစံတွေ ဖြည့်ရမယ်။ ဖြည့်ပြီးတာနဲ့ အဲဒီ ဖောင်တွေကို ကျနော်တို့က ပြန်ပြီးတော့ စိစစ်။ စိစစ်ပြီးတာနဲ့ လူကို ပြန်ပြီးတော့ တိုက်ဆိုင် စစ်ဆေးပြီး လက်ခံ သွားမယ်”ဟု ဦးဇော်ဌေးက ပြောဆိုသည်။

၎င်းက ဆက်၍“နိုင်ငံအချင်းချင်း နယ်နိမိတ်တွေကြားမှာ သူ့ဘက်ကလည်း မရှိရဘူး။ ကိုယ့်ဘက်ကလည်း မရှိရဘူး ဆိုတဲ့ သတ်မှတ်ထားတဲ့ နယ်မြေ ဧရိယာမှာ ပါနေတယ်။ ပါနေတော့ ဒါက ဘယ်သူနဲ့ ဆိုင်သလဲပေါ့။ ဥပမာ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ပူးပေါင်း ဆောင်ရွက်မှရမယ်။ တခြား ဘယ်အဖွဲ့အစည်းနဲ့ ဆိုင်သလဲ ဆိုတာကိုလည်း ကျနော်တို့ လူကြီးပိုင်းတွေ ဆွေးနွေးနေတာ ရှိပါတယ်”ဟုလည်း သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများတွင် ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော် လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ မွတ်စလင် လူနည်းစုများ၏ အခွင့်အရေးကို မြန်မာ အစိုးရက ဖိနှိပ်ထားကြောင်း တွေ့ရှိရ၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တခုဖြင့် စစ်ဆေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဥရောပ ပါလီမန် ကိုယ်စားလှယ် အဖွဲ့က မြန်မာပြည် ခရီးစဉ်အတွင်း တောင်းဆိုခဲ့သော်လည်း မည့်သည့် နိုင်ငံတကာ စုံစမ်းမှုကိုမှ လက်ခံမည် မဟုတ်ကြောင်း မြန်မာအစိုးရက တုံ့ပြန် ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading