မြန်မာနိုင်ငံ၌ အတည်ပြုပြီး တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိသော်လည်း ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက် ဆက်တွဲပါ တိုင်းရင်းသား လူမျိုးစုစာရင်းများကို ပြုစုရာတွင် အငြင်းပွား ဖွယ်ရာ ကိစ္စရပ်များကြောင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်၌ ချင်းပြည်နယ် ကိုယ်စားလှယ် ဦးရှန်အောရ်က ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူပြီးသည်မှာ ၃နှစ်ခွဲကျော်ပြီ ဖြစ်ရာ လူမျိုးအလိုက်၊ လူမျိုးစု အလိုက် ထုတ်ပြန်နိုင်ခြင်း မရှိသေး၍ မည်သည့်အချိန်တွင် ထုတ်ပြန်မည်ကို သိလိုကြောင်း မေးမြန်း ရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက အဆိုပါ သန်းခေါင်စာရင်းအရ တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ လူမျိုးစု ငယ်များ ပါဝင်မှု၊ စာလုံး ပေါင်း သတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသား ဖြစ်ခြင်း၊ မဖြစ်ခြင်းစသည်တို့တွင် အငြင်းပွားဖွယ် ရာများ ရှိနေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးရှန်အောရ်က“ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ ပြင်ဆင်နေချိန်မှာ တိုင်းရင်းသား လူမျိုးစု စာရင်း သိရှိနိုင်ရေး ဟာ အရေးကြီးတာကြောင့် တိုင်းရင်းသား လူဦးရေ အမှန်၊ လူမျိုးစုအလိုက် လူမျိုးအလိုက် သိရှိနိုင်ဖို့ မေးမြန်းရခြင်း ဖြစ်ပါ တယ်”ဟု လွှတ်တော်တွင် ပြောသည်။
မြန်မာနိုင်ငံတွင် သန်ခေါင်စာရင်းကို ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့ပြီးနောက် ၃၁နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် ထပ်မံကောက်ယူရာ ပြည်သူတရပ်လုံးမှ လူမျိုးအလိုက်၊ လူမျိုးစုအလိုက် တိုင်းရင်း သား လူဦးရေ အတိအကျကို သိချင်နေ ကြကြောင်း၊ လူဦးရေတွက်ချက်ခြင်းကို အချိန်ယူနေရ ကြောင်း၊ လက်ရှိထုတ်ပြန်သည် လူမျိုး ၁၃၅ မျိုးမှာလည်း အငြင်းပွား ဖွယ်ရာ ရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေကမူ လူမျိုးစုများ စာရင်း ထုတ်ပြန်နိုင်ရန် ဆွေးနွေးပွဲများ ပြုလုပ်ခွင့်ကို နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ တိုင်းရင်းသားရေးရာ ကော်မ တီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်နှင့် လူဦးရေ ပညာရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အဆင့်ဆင့် ညှိနှိုင်း၍ တိုင်းရင်းသား လူမျိုးအမည်များ သတ်မှတ် ပြီးမှ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ပြောသည်။
“ကချင် လူမျိုးစု ၁၂ မျိုး ရှိတာကို ၆ မျိုးသာ ရှိကြောင်း တင်ပြချက်၊ ကရင်လူမျိုး ၁၁ မျိုးအစား ၇ မျိုးသာ ရှိကြောင်း တင်ပြချက်၊ ချင်းလူမျိုး ၅၃ မျိုး မရှိကြောင်း တင်ပြချက်တွေကို လက်ခံရရှိထား ပါတယ်”ဟု ဦးသိန်းဆွေက လွှတ်တော်တွင် ပြောသည်။
နေပြည်တော်တွင် ၂၀၁၇ ခုနှစ် မေလက ပြုလုပ်ခဲ့သည့် အစိုးရ၏ ဆောင်ရွက်ချက်များ တနှစ်အပြည့် ရှင်းလင်းပွဲ တွင် ဧရာဝတီက အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ရာ ထိုစဉ်က ဝန်ကြီးဌာန တာဝန်ရှိသူ ဦးမြင့်ကြိုင်က ယခု ဝန်ကြီး ဖြေဆိုသည့် အတိုင်း စာရင်း ထုတ်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်နေ ကြောင်း ပြောသည်။
ဥပမာ ရှမ်းလူမျိုး ၃၃ မျိုးထဲတွင် တိုင်းလျမ်လူမျိုးစုက နိုင်ငံသားမှတ်ပုံတင်ကတ်တွင် တိုင်းလျမ်ဟု ရေးသားထား သော် လည်း ယခုအခါ ရှမ်းနီဟု တောင်းဆိုခြင်း၊ ချင်းလူမျိုး ၅၃ မျိုးထဲတွင် ကူကီးနှင့် ခူမီး လူမျိုးအသစ် ထပ်ပေါ်လာခြင်း၊ လီဆူးက လီဆူဟု အမည်ပြောင်းခိုင်းခြင်းများ ရှိနေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်ရင်းသားလူမျိုး ၈ မျိုး ရှိသော်လည်း ယင်းသို့ လူမျိုး ၈ မျိုးဖြင့်သာ မနေလိုဘဲ သီးခြားသတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း၊ နာဂသည် ချင်းမဟုတ်ဟု ပြောဆိုခြင်း၊ “ဝ” က အခြား လူမျိုးအောက်တွင် မနေလိုဘဲ သီးခြားလူမျိုးအဖြစ် တောင်းဆိုမှုရှိနေကြောင်း ဦးမြင့်ကြိုင်က ရှင်းပြခဲ့ဖူးသည်။
ဦးမြင့်ကြိုင်က “ဥပမာအားဖြင့် ဂေဘားပေါ့။ ဂေဘားဆိုတာ ကယားပြည်နယ်မှာရှိတယ်။ တိုင်းရင်း သား ၁၃၅ မျိုးထဲမှာ ပါတယ်။ အခု ဖြစ်လာတာက လွိုင်ကော်မှာရှိတဲ့ ဂေဘားတွေက ကယားလူမျိုး ကြီးအောက်မှာပဲ ဆက်နေချင်တယ်။ သံတောင်ကြီးမှာရှိတဲ့ ဂေဘားတွေက သူတို့က ကယား မဟုတ် ပါဘူး၊ ကရင်အောက်ကို ထည့်ပေးပါလို့ တောင်းဆိုနေတယ်”ဟု ဆိုသည်။
ယခု လူမျိုးစု သန်းခေါင်စာရင်းကို ပြုစုရာတွင် ၁၉၅၃-၅၄ ခုနှစ် လူမျိုးစု စာရင်းအရ လည်းကောင်း၊ ၁၉၆၁ ခုနှစ် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း စာပေနှင့် ယဉ်ကျေးမှုရုံံး၏ အကြံပြုချက်နှင့် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၏ အကြံပြုချက်အရ လည်းကောင်း၊ ၁၉၇၂ ခုနှစ် ဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ တိုင်းရင်းသားရေးရာ ကော်မတီ၏ ညှိနှိုင်းဆောင်ရွက်ချက်များကို ကြည့်၍ လည်းကောင်း၊ ၁၉၇၃ ခုနှစ် လူဦးရေ သန်ခေါင်စာရင်းအရ လည်းကောင်း မှတ်တမ်းတင်ထားသော လူဦးရေ ၁၃၅ မျိုးကို အခြေခံ၍ ကောက်ယူခဲ့ကြောင်း သိရသည်။
“၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအရ လူမျိုးအမည် ဖြည့်သွင်းရာမှာ ဖြေဆိုသူက ပြောကြားတဲ့အတိုင်းသာ ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် သန်းခေါင်းစာရင်း ကောက်ယူမှုကို ၁၉၇၃၊ ၁၉၈၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ရာ ဒီမိုကရေစီ အစိုးရ လက်ထက် ကောက်ယူမှုတွင် လွတ်လပ်စွာ ပြောဆိုခွင့်ပေးခဲ့ပြီး ပြောသမျှကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်း နောက်ဆက်တွဲပါ အိမ်အကြောင်းအရာ၊ ကိုယ်ဝန်ဆောင်၊ ကလေး၊ အပျို၊ လူပျို၊ ကိုးကွယ်မှု ဘာသာနှင့် ဒေသဆိုင်ရာ အကြောင်းများကို အစိုးရက ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။