မြန်မာနိုင်ငံအတွင်း ကလေးလုပ်သား အများဆုံးရှိသည့် မြို့ကြီးများ၌ ကလေးလုပ်သား ဦးရေ စာရင်း ကောက်ယူမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးတွင် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး၌ ဦးသိန်းဆွေက ပြောကြားခြင်းဖြစ်သည်။
ကလေးအလုပ်သမား အများဆုံးရှိသည့် ဒေသများမှာ လူနေမှု အများဆုံးဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့တွင် အများ ဆုံး ဖြစ်ကြောင်း ကျန်သည့် တိုင်းဒေသများတွင်လည်း မည်မျှရှိကြောင်းနှင့် တနိုင်ငံလုံးအနေနှင့် ကျောင်းနေအရွယ် ကလေး လုပ်သား မည်မျှရှိနေကြောင်း စာရင်းကောက်ယူမှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်ဟု သိရသည်။
ဦးသိန်းဆွေက “ကလေး လုပ်သား မရှိဖို့ ဆိုတာ အတော်လေး ခက်ပါတယ်။ ပပျောက်ဖို့ရယ်၊ သူတို့တွေ ရှင်သန်ဖို့ ရယ်၊ ဘ၀ တိုးတက်ဖို့ ကိစ္စတွေ ဆောင်ရွက်ပေးဖို့ အတွက် စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေ ပါပြီ”ဟု မီဒီယာများကို ပြောသည်။
ကလေးဦးရေ ၁၂ သန်းကျော်တွင် ကလေးအလုပ်သမား ဦးရေ ၅ ရာခိုင်နှုန်း ရှိပြီး အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော ကလေးအလုပ်သမား ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိနေသဖြင့် ကလေး အလုပ်သမား ပပျောက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ကလေး အလုပ်သမားများ လုပ်ကိုင်နေသည့် အန္တရာယ်ရှိသော လုပ်ငန်းခွင် အများစုသည် လျှပ်စစ်နှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ အမြင့်တက်၍ လုပ်ရသော ဆောက်လုပ်ရေး လုပ်ငန်းများ၊ သံရည်ကြိုသည့် လုပ်ငန်းများ အစရှိသည့် နေရာ များ၌ ဝင်ရောက် လုပ်ကိုင်မှုများ ရှိနေကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ထို့အပြင် တည်ဆဲဥပဒေများနှင့် တရားစီရင်ရေး စနစ် ခိုင်မာ အားကောင်း လာစေရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား၊ NGO များ၊ သက်ဆိုင်ရာ ကလေးမိဘများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဟုလည်း ၎င်းက ဆိုသည်။
လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင် ဦးဖေချစ်က “ဒီလိုကိစ္စမျိုးက ဥပဒေ မထုတ်ဘဲနဲ့ ဘယ်လိုမှ လုပ်လို့ မရဘူး။ ကလေး လုပ်သားဦးရေ ဘယ်လောက်ပဲ ရှိရှိ၊ အစိုးရကနေ ပြီးတော့မှ တရားဝင် ဥပဒေနဲ့ ကန့်ထားမှ လုပ်လို့ရမှာပေါ့။ ဥပဒေ ထုတ်မှကို အဆင်ပြေမှာလေ” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေမှာ အစည်းအဝေးတရပ် အနေဖြင့် ဆွေးနွေးဆဲ ကာလ ဖြစ်ပြီး လွှတ်တော်သို့ မူကြမ်းတင်နိုင်သည့် အခြေအနေပင် မရှိသေးသဖြင့် ယခုကဲ့သို့ ကလေးလုပ်သား ပပျောက်ရေး ဆိုသည် မှာ ခက်ခဲသည့် ကိစ္စ ဖြစ်နိုင်ကြောင်း ဦးဖေချစ် က ပြောကြားသည်။
၂၀၁၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံ၌ ၁၈ နှစ်အောက် ကလေးဦးရေမှာ စုစုပေါင်း ၁၈ သန်းကျော်ရှိပြီး ၂၀၁၇ ခုနှစ် ပထမ သုံးလပတ် အလုပ်သမား အင်အား စစ်တမ်းများ အရ ၅ နှစ်မှ ၁၇ နှစ် အတွင်း ကလေးဦးရေ စုစုပေါင်း ၁၂ သန်းကျော်တွင် ကလေး အလုပ်သမား ဦးရေ ၅ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။
ထို့ကြောင့် ကလေးလုပ်သားများ ပပျောက်စေရန် ပြည်သူများကြား အသိပညာပေးခြင်း၊ အခမဲ့ အခြေခံပညာရေးစနစ် တွင် ကျောင်းနေအရွယ် ကလေးများကို ပညာသင်ကြား စေခြင်း၊ လုပ်ငန်းခွင်မှ ဖယ်ရှားခံရသည့် ကလေး အလုပ် သမား ၏ မိသားစု အသိုင်းအဝိုင်းအား လိုအပ်ပါက ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ခြင်း၊ အလုပ်အကိုင် အခွင့် အလမ်း များ ဖန်တီးပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောသည်။
နိုင်ငံတကာ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေး အလုပ်သမား ၁၅၂ သန်းခန့် ရှိရာ၊ ၇.၄ ရာခိုင်နှုန်းခန့်သည် အာရှနှင့် ပစိဖိတ်ဒေသတွင် ရှိပြီး စိုက်ပျိုးရေး ကဏ္ဍများတွင် ၇၀.၉ ရာခိုင်နှုန်းခန့် ရှိနေ ကာ ထိုမှ ၇၃ သန်းခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့သော ၁၉၅၁ အလုပ်ရုံများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ၁၄ နှစ်အောက် ကလေး သူငယ်များကို မိသားစု လုပ်ငန်းများမှအပ အခကြေးငွေဖြင့် လည်းကောင်း၊ အခြားတနည်းနည်းဖြင့် လည်း ကောင်း အလုပ် ခိုင်းစေခြင်းသည် ပြစ်မှုမြောက်ပြီး သက်ဆိုင်ရာ တရားရုံးက ပြစ်ဒဏ် စီရင်ခြင်းကို ခံရနိုင်ကြောင်း ဖော်ပြထားသည်။